Breaking News

KHO (ကိုလှိုင်းသစ်) - ဦးလတ်နှင့် စပယ်ပင်


Images- google.com
ဦးလတ်နှင့် စပယ်ပင်
KHO (ကိုလှိုင်းသစ်)
(မိုးမခ) မေ ၁၈၊ ၂၀၂၁

ကျွန်တော်တို့ ဒီနေ့ခေတ်မှာ ဘိလပ်ပြန်မောင်သောင်းဘေဆို ဘာကိုပြောတာလဲဆိုတာ လူတော်တော်များများသိကြပါတယ်။ အဲဒီအထဲကစာဖတ်တဲ့သူတွေကတော့ ဘိလပ်ပြန်မောင်သောင်းဘေဆိုတာ ဦးလတ်ရေးတဲ့ ရွှေပြည်စိုးဝတ္ထုထဲက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မောင်သောင်းဘေကိုပြောတာဆိုတာ သိကြပါတယ်။ ဒီဘက်ခေတ်မှာတော့ ဦးလတ်ဟာ မောင်သောင်းဘေပါတဲ့ ရွှေပြည်စိုးဝတ္ထုနဲ့ လူသိများခဲ့တာကိုး။ 

ဦးလတ်ရဲ့ ပထမဦးဆုံးဝတ္ထုဟာ စပယ်ပင်ပါ။ ၁၉၁၂ မှ ထုတ်ဝေခဲ့ပါတယ်။ ရွှေပြည်စိုးက ၁၉၁၄ မှာထွက်တာပါ။ မြန်မာ ကာလ ပေါ်ဝတ္ထုခေတ်ဦးအစက ထွက်ခဲ့တဲ့စာအုပ်တွေပေါ့။ နှစ်အုပ်စလုံးဟာ ဇာတ်လမ်းအသား ပေးဝတ္ထုလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ရွှေပြည်စိုးက အမျိုးသားရေးနဲ့အနောက်တိုင်းယဉ်ကျေးမှုကို သရော်တာလေးပါလို့ နာမည်ပိုကြီးခဲ့ပါတယ်။ ၁၉၉၀ ဝန်းကျင် နဝမတန်း ပင်ရင်းမြန်မာစာမှာ ရွှေပြည်စိုးက တစ်စိတ်တစ် ပိုင်းကို ချစ်စွာသောသားနာမည်နဲ့ သင်ရိုးအဖြစ် ပြဋ္ဌာန်းခဲ့ပါတယ်။ ဘိလပ်ပြန်မောင်သောင်းဘေရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။

ရွှေပြည်စိုးဝတ္ထုကောင်းသလို စပယ်ပင်လည်းကောင်းခဲ့တာပါပဲ။ စပယ်ပင်ကအရင်စထွက်ခဲ့တာပါ။ ရွှေပြည်စိုးရဲ့ အရေးအသားကခန့်ထည်တယ်ဆိုရင် စပယ်ပင်ရဲ့ အရေးအသားကသွက်တယ်လို့ ပြောရမယ်။ ကျောင်းသုံးစာအုပ်အဖြစ်လည်းပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ရွှေပြည်စိုးဝတ္ထုက အကြိမ်ကြိမ်ပြန်ထုတ်ဝေပေမယ့် စပယ်ပင်ကတော့ ဒီဘက်ခေတ်မှာပြန်ထုတ်ဝေတာမတွေ့ရပါဘူ။ 

အင်္ဂလိပ်ကိုခုခံတော်လှန်ခဲ့ပြီးမန္တလေးပျက်တဲ့အချိန် စစ်ကိုင်းမှာတိမ်းရှောင်နေရတဲ့ မြန်မာ မူးမတ်တစ်ဦးနဲ့သူ့ရဲ့သမီးဖြစ်သူခင်သီ၊ ခင်သီကိုချစ်ခင်စုံမက်ပြီးခင်သီကလည်းစိတ်ဝင်စားတဲ့ ရွှေဖီ၊ ခင်သီကိုစိတ်ဝင်စားတဲ့ ရွှေဘိုနယ်ပိုင်ဝန်ထောက်မင်း၊ မန်ကျည်းတုံဘုန်းကြီး၊ ရန်ကုန်မြို့ကလူပျိုကြီး တရုတ်ကိုလောစံ၊ ဘုန်းကြီး ဦးသေလာ၊ သီလရှင်ဆရာလေး မယ်ခေမာတို့နဲ့ ဇာတ်လမ်းဇာတ်အိမ်ကိုတည်ဆောက်ထားတယ်။ တိမ်းရှောင်နေရတဲ့ မြန်မာမူးမတ်ရဲ့ဟာ သမီးဖြစ်သူခင်သီကိုမန်ကျည်းတုံရွာက မိတ်ဆွေအရီးဒေါင်းဆီမှာထားတယ်၊ မန် ကျည်းတုံဘုန်းကြီးက စောင့်ရှောက်ထားတယ်။ မန်ကျည်းတုံဘုန်းကြီးရဲ့စေခိုင်းချက်အရ ခင်သီရဲ့ချစ်သူ ရွှေဖီဟာ တိမ်း ရှောင်နေရတဲ့ခင်သီရဲ့အဖေဖြစ်သူ မြန်မာမူးမတ်နဲ့သွားတွေ့၊ အပြန်မှာ ဓားပြတွေ့နဲ့တွေ့၊ ဓားပြတွေရဲ့ အတင်း အကျပ်စေခိုင်းချက်အရ ဓားပြဖြစ်ခဲ့တယ်။ ဓားပြတွေကိုဖမ်းမိတဲ့အခါ ရွှေဖီထောင်ဒဏ် ကျခံရ၊ ရွှေဖီရဲ့ အမေနဲ့ ညီမတို့က ရွှေဖီနဲ့အဆက်အသွယ်မရတဲ့အတွက် စုံစမ်းရင်း ရွှေဖီရန်ကုန်ဆင်းသွားတယ်ထင်ပြီး ရွှေဖီရဲ့အမေနဲ့ ညီမ၊ ခင်သီနဲ့သူ့အုပ်ထိန်းသူအရီးဒေါင်းတို့ ရန်ကုန်ဆင်းလာကြတယ်။ ရန်ကုန်မှာ ခင်သီပျောက်သွားတယ်။ ဒုက္ခ ရောက်တယ်။ ရွှေဖီရဲ့အမေနဲ့ ညီမ၊ အရီးဒေါင်းတို့ကိုလူပျိုကြီးကိုလောစံကစောင့်ရှောက်ထားတယ်။ ခင်သီကို ဆက်ရှာကြတယ်။ 

ဇာတ်လမ်း၊ ဇာတ်အိမ်ခိုင်ခန့်မှုအနေနဲ့ကအရမ်းအကောင်းကြီးမဟုတ် ပုံမှန်လောက်ပဲလို့ ပြောရပေမယ့် အရေးအသားကသွက်တယ်၊ မြူးတယ်။ အထက်မှာရေးခဲ့သလိုပဲ ရွှေပြည်စိုးရဲ့အရေးအသားကခန့်တယ်ဆိုရင် စပယ်ပင်ရဲ့အရေးအသားကသွက်တယ်၊ မြူးတယ်လို့ပြောရမယ်။ ကုန်ဘောင်ခေတ်နှောင်းသီပေါမင်းပါတော်မူ ခါနီးနဲ့ ပါတော်မူပြီးချိန် အောက်မြန်မာနိုင်ငံရန်ကုန်မြို့ရဲ့လူနေမှုစနစ်ကို ခပ်ပါးပါးလေးဖေါ်ပြထားတာတွေ့ရတယ်။ ဇာတ်ကောင်စရိုက်ဖွဲ့နွဲ့မှုမှာ တရုတ်လူပျိုကြီးကိုလောစံက ရုပ်လုံးအကြွဆုံးပဲလို့ပြောရမယ်။ ကိုလောစံကို လုပ်ရည်ကိုင်ရည်ရှိသော၊ ပျော်တတ်သော၊ သောက်တတ်စားတတ်သော၊ တွေ့သမျှ နောက်ပိုးတတ်သော လူပျိုကြီးတစ်ဦးအဖြစ် ရေးဖွဲ့ထားတယ်။ ကိုလောစံကအရက်နဲ့ပတ်သက်လို့ စဉ်းစားပုံကို - 

“ရှေးအခါက ငါသည်အရက်ကိုသောက်စား၏၊ သောက်စားသည့်အတွက် တစုံတရာမျှ ငါ့၌ဒုက္ခမရှိ၊ မနေ့ကမူကား အရက်ကိုကြဉ်၏။ ကြဉ်သည့်အတိုင်း ဒုက္ခဖြစ်လာ၏။ ယနေ့မူကား အရက်ကို ပြန်၍သောက် လေ၏။ သောက်သည့်အတိုင်း ဒုက္ခသည် ပျောက်ကင်းလေ၏။ ထို့ကြောင့် ကုသိုလ်တရား၊ အကုသိုလ်တရား ဟူသည်မှာ အကျိုးပေးသည်မရှိ၊ လောကနှင့် အတ္တတို့သည်လည်း အကြောင်းကင်း၍ အလိုအလျောက်ဖြစ်၏ ဟု စွဲလန်းပြီးလျှင် ရှေးကကဲ့သို့ သောက်မြဲတဖန် သောက်ပြန်လေ၏” လို့ရေးထားတာလေးက သဘာဝကျလှပါတယ်။

သီလရှင်မယ်ခေမာနဲ့ပတ်သက်လို့ တရုတ်ကိုလောစံကိုရေးဖွဲ့ချက်မှာ-
“မျက်နှာထားကလေးကလည်းချို၊ ပင်ကိုကလည်းလှ၊ ထိုင်ရာကကုန်း၍အထ၊ ဘုန်းဘုရားအကြိုက် နှလုံးများခိုက်တဲ့အောင် နှစ်ခြိုက်ဘို့အများ တင်ပါးလေး ကရို့ကရို့ ရင်သားလေးက မမို့တမို့နှင့် မခို့တရို့ နောက်လှဲ့ သွားတော့ ကြောက်ဘွယ့်တရုတ်ကြီးစကားမပြောဘဲ အလကားမောပြီး ………………….” ဦးလတ်ရဲ့ ရေးချက်က ခေတ်စကားနဲ့ပြောရရင် အရမ်းကိုလန်းတယ်လို့ ပြောရမလားဘဲ။ 

ခင်သီကိုကြိုက်တဲ့ စိတ်နှလုံးကောင်းရှိပြီးပျော်ပျော်နေတတ်တဲ့ နယ်ပိုင်ဝန်ထောက်ရဲ့ ဇာတ်ကောင်စရိုက် အဖွဲ့ပီပြင့်တယ်။ ရုပ်လုံးကြွတယ်။ တပည့်ဖြစ်သူမောင်ညိုနဲ့စကားပြောခန်းမှာ နောက်ပိုးရဲ့အဓိပ္ပာယ်ကို အကျဉ်းသုံးပါး၊ အကျယ်ဆယ်ပါးဆိုပြီး၁၀ မျိုးဆိုပြီးနောက်ပိုး ၁၀ မျိုးကို သမာဓိပိုး၊ အကျိုးတော်ဆောင်ပိုး၊ ဘာပိုး၊ ညာပိုးအစရှိသဖြင့်နောက်ပိုးကြီး ၁၀ မျိုးကိုရေးထားတာဟာသ ရသမြောက်ပါတယ်။ ဓမ္မကထိက ဘုန်းကြီးဦးသေလာ၊ သီလရှင်ဆရာလေးမယ်ခေမာတို့နဲ့ ပဏ္ဍိတဝေဒနိယအသင်းအကြောင်းရေးဖွဲ့ပုံကောင်းပါ တယ်။ ဒါပေမယ့် ဘုန်းကြီးဦးသေလာနဲ့ သီလရှင်ဆရာလေးမယ်ခေမာတို့အကြောင်းရေးဖွဲ့ပုံကသိပ်မရှင်းလှဘူး။ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုအခြေခံရေးတယ်လို့လည်း ဖတ်ဖူးပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ခင်သီရဲ့ဇာတ်ကောင်စရိုက်ဖွဲ့နွဲ့မှုကပုံမှန်လောက်ပဲရှိတယ်။ ကာလပေါ် မြန်မာဝတ္ထုထုံးစံအတိုင်း ရတနာတွေရှာ တာ၊ တွေ့တာကိုထည့်ထားတယ်။ 

စကားလုံးအသုံးအနှုန်းနဲ့ပတ်သက်လို့စာအုပ်ရဲ့တနေရာမှ ာ“ ကြမ်းသောစိတ်၊ ကြမ်းသောနှုတ်၊ ကြမ်းသောကိုယ်၏အဖြစ်များမှာ လူရိုင်းတို့၏ အမူအရာသာဖြစ်၍ နိုင်ငံကြီးသားတို့၏ အမူအရာမဟုတ် ………“ ဆိုပြီး ရေးခဲ့တယ်။ ဒီနေ့ ကျွန်တော်တို့ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ “နိုင်ငံကြီးသား” ဆိုတဲ့အသုံးအနှုန်းကို ဦးလတ် က ၁၉၁၂ မှာကတည်းကသုံးခဲ့တာနော်။ ခေတ်ရှေ့ပြေးတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။ နောက်တစ်ခုက ဒီဘက်ခေတ်မှာ ကျွန်တော်တို့နောက်ပြီးပြောနေကျစကားဖြစ်တဲ့ မိန်းမယူရင် မိန်းမခိုင်းတာလုပ်ရမယ်၊ ကူလီ ဖြစ်မယ် ဆိုတဲ့စကားကို ဦးလတ်ကအဲဒီခေတ်မှာကတည်းက ခပ်မြူးမြူးလေးရေးလိုက်တယ်။ မောင်ရွှေဖီနဲ့သီသီနဲ့ မင်္ဂလာဆောင်ပြီးဒုတိယမြောက်နေ့ ရတနာတွေရှာဘို့ ကျင်းတူးတဲ့အချိန်မှာ ဦးလတ်ရေးတဲ့ပုံကိုကြည့်ရင် - 

“ ‘မောင်ကကောကူလီမို့လား’ဟုမယ်သီကပြုံး၍ ပြောလိုက်လျှင် - 
‘ယောကျ်ားမှန်သမျှ ကမ္ဘာ့ကူလီကြီးပဲ၊ မောင်လည်းမနေ့ညကစ၍ ကမ္ဘာ့ကူလီဖြစ်ရသည်နှင့် ကူလီပြီပြီကူလီအလုပ်ကိုလုပ်ပါရစေ၊ သီသီသခင်မအသာထိုင်၍နေပါ ………………………..’
မယ်သီကထိုင်ရာမှထပြီးလျှင် တွင်းဝသို့ကြည့်နေပြီးမှ ‘နည်းနည်းကလေးကြိုးစားလိုက်ပါဦးမောင်’ ဟု ပုခုံးကိုကိုင်၍ မျက်နှာကိုပုဝါနှင့် သုတ်ပေးလိုက်သောအခါ ကမ္ဘာ့ကူလီဖြစ်သောမောင်ရွှေဖီသည် မောရမှန်း မသိဘဲအားစိုက်၍ တူးပြန်လေ၏။”
လို့ ခပ်မြူးမြူးလေးရေးထားတာတွေ့ရတယ်။

နောက်ထပ် ဒီနေ့ခေတ်နဲ့အကိုက်ညီဆုံး ၁ ခုကသီသီရဲ့ ခမည်းတော်ကမယားငယ်တွ ေမောင်းမ မိသံတွေ နဲ့ပျော်ပါးနေတဲ့အတွက် နေပြည်တော်ကခိုင်းထားတဲ့ အလုပ်တွေမပြီးလို့ဘွဲ့နှင့်ရာထူးကိုနှုတ်သိမ်းခြင်းခံရတဲ့ အခါမှာ ဇနီးဖြစ်သူကိုပြန်ချဉ်းကပ်ပြီး  ရွှေမြို့တော်သို့သွားရောက်၊ အနောက်ဆောင်ကဝင်ပြီးလျှင် အပျော် အပါး ဘာမှမလုပ်တော့တဲ့အကြောင်းပြောပြီး အရင်အတိုင်းပြန်ချီးမြှောက်ပေးသနားတော်မူရန် လျှောက်တင်ခိုင်းတယ်။ အဲဒါနဲ့ဇနီးဖြစ်သူကလက်ဆောင်တော်များနှင့် အနောက်ဆောင်သို့ ဝင်ရောက်ရှိခိုးဦးတင် သံတော်ဦး တင် ပေးလို့ နေရာပြန်ရတယ်။ 

ပြောချင်တာက ၁၉၁၂ က ဦးလတ်ရဲ့ရေးသားချက်ဟာ ဒီဘက်ခေတ်မှာဖြစ်နေတာတွေ နဲ့ ကွက်တိဖြစ်နေတယ်ဆိုတာပါပဲ။ မိန်းမပါရင် အရာအားလုံးပြီးတယ်၊ ရုံးကိစ္စ၊ အလုပ်ကိစ္စတွေကို မိန်းမ ကတဆင့် ပြောခိုင်းရင်ရတယ်၊ မိန်းမကလက်ဆောင်ပစ္စည်းတွေနဲ့ သွားမယ်၊ ပြောမယ်၊ မိန်းမပါရင် အရာ အားလုံးပြီးတယ်ဆိုတဲ့ ဒီဘက်ခေတ်မှာဖြစ်နေတဲ့ပုံစံနဲ့ ကွက်တိဖြစ်နေတယ်။ 

စပယ်ပင်ဆိုတာစံပယ်ပင်ကိုရည်ညွှန်းတာမဟုတ်ဘဲပညောင်ပင်အောက်မှာခင်သီရဲ့အဖေနဲ့အမေစတွေ့ ပြီးမေတ္တာမျှတာရယ်၊ အဲဒီပညောင်ပင်အောက်မှာပဲမယားငယ်မယူတော့ပါဘူးလို့ သစ္စာပြုပြီးပယ်လိုက် လို့ စ,ပယ်,ပင် လို့ခေါ်တာလို့ ရေးထားတယ်။ စပယ်ပင်ဝတ္ထုက ဦးလတ်ရဲ့အရေးအသားနဲ့ စကားလုံးအသုံးအနှုန်း တွေဟာသွယ်တယ်၊ ခေတ်ရှေ့ပြေးတယ်လို့ပြောရမယ်။ 

ဦးလတ်ကို ၁၈၆၆ ခုနှစ်မှာရန်ကုန်မှာပဲမွေးပါတယ်။ ညီအကိုမောင်နှမသုံးဦးရှိပြီ းဦးလတ်ကအလတ်လို့ သိရပါတယ်။ ဆရာမတ်ရဲ့ ကျောင်းသားဖြစ်ခဲ့ဖူးတယ်။ မြန်မာစာသာမကအင်္ဂလိပ်စာပေကိုလည်း ထူးထူး ချွန်ချွန်လေ့လာလိုက်စားခဲ့ပါတယ်။ အင်္ဂလိပ်ဝတ္ထုတွေကို စွဲစွဲလန်းလန်းဖတ်လေ့ရှိတယ်။ အင်္ဂလိပ်အစိုးရ လက်ထက်မှာ ရာဇဝတ်ဝန်ထောက်အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဇာတိမာန်စိတ်နဲ့ မဟုတ်မခံစိတ်ကြောင့် ကသာစီရင်စုမှာတာဝန်ထမ်းဆောင်စဉ် အင်္ဂလိပ်စစ်ဗိုလ်ကိုမြင်းစီးဖိနပ်နဲ့ ရထားပေါ်ကကန်ချတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်တွေနဲ့အဆင်မပြေလို့ ၁၉၀၉ ဒီဇင်ဘာမှာအလုပ်မှ ထုတ်ပယ်ခြင်းခံရပါတယ်။ ပြီးတော့မှ ရေနံချောင်းညောင်လှ ဘီအိုစီကုမ္ပဏီမှာ ဘာသာပြန်အရာရှိ ဝင်လုပ်ပါတယ်။ အဲဒီရေနံချောင်းမှာပဲ စပယ်ပင်ကို စရေးခဲ့တာပါ။ စပယ်ပင်ကို ၁၉၁၂ မှာပုဇွန်တောင် ဇေယျပူရိန် စာပုံနှိပ်တိုက်ကစတင်ထုတ်ဝေခဲ့ပါတယ်။ 

ဦးလတ်နဲ့ မှော်ဘီဆရာသိန်းကြီးနဲ့က တော်တော်ရင်းနှီးပါတယ်။ စပယ်ပင်ဝတ္ထုထွက်ပြီးတဲ့အချိန်မှာ မှော်ဘီ ဆရာသိန်းကြီးက စပယ်ပင်ဝတ္ထုကို 'စပယ်ပင်' ဝတ္ထု - ဝတ္ထု၊ ရှုကြ - ရှုကြအကုန် - အကုန်၊နုလှ - နုလှအစုံအစုံငယ်၊ တပုံ - တပုံအယဉ်သုံး၊ စဆုံး - စဆုံးဖတ်ကြပါလျှင်၊ မှတ်စရာ - မှတ်စရာသာ၍ - သာ၍မဆုံး၊၊ သုတ - သုတလိုရာရာကို၊ ချိုစွာ - ချိုစွာစီစဉ်ကုံး၊ ကြည်လင် - ကြည်လင်အစဉ်သုံးဖို့၊ ရွှင်ပြုံး - ရွှင်ပြုံးရှိဖို့ကို၊ ကုန်းဘောင် - ကုန်းဘောင်နာသိင်္ဃ၊ ပဝရ - ပဝရထွန်းပ၊ပြည်ရွှေဘို၊၊ လွမ်းစရာ့ - လွမ်းစရာ့ကြည်စေပိုအောင်၊ ရည်ဆို - ရည်ဆိုရာဝင်ချပ်လို့၊စာဖတ် - စာဖတ်ထပ်ထပ်ပဒုံ၊ ကပ်ဦးပေါ် သည့်ပုံ၊၊ ဖတ်ကြ - ဖတ်ကြဝစနာ့စုံသည်၊အမတရွှေဘုံရောက်ကြောင်းပေပလေး။" ဆိုပြီ းချီးကျူးခဲ့ပါတယ်။ 

စပယ်ပင်ဝတ္ထုရေးပြီး သိပ်မကြာခင်မှာပဲ ဦးလတ်ရဲ့ဇနီးဖြစ်သူကွယ်လွန်ခဲ့ပါတယ်။ ဦးလတ်ဟာ စပယ်ပင်ရေးတဲ့ စာမူခရငွေနဲ့ ဇနီးဖြစ်သူကိုသဂြိဟ်ခဲ့ပါတယ်။ စပယ်ပင်ပြီးတော့ ၁၉၁၄ ခုနှစ်မှာ ရွှေပြည်စိုး ထွက်ပါတယ်။ မြန်မာပြည် ဗုဒ္ဓသာသနာပြုစာပုံနှိပ်တိုက်က ထုတ်ဝေခဲ့ပါတယ်။ သုံးဘုံကိုပျော်တော်ဆက် မဂ္ဂဇင်းမှာရေးပြီးတော့ တနန်းပျော်ရင်သွေးတော်ကိုမြန်မာ့အလင်းသတင်းစာမှာ ဆက်ရေးခဲ့ပါတယ်။ သုံးဘုံကတော့ ပြီးဆုံးခဲ့ပြီး တနန်းပျော်ရင်သွေးတော်ကတော့ အကြောင်းအမျိုးမျိုးနဲ့ မပြီးခဲ့ပါဘူး။ သုံးဘုံက စာအုပ်အဖြစ် ထွက်ခဲ့ဖူးပြီးအခုတော့ ပြန်ထွက်တာမတွေ့သေးဘူး။ ဆရာတိုက်စိုးကတော့ စပယ်ပင်ကို ရန်ကုန်မှာရေးခဲ့ပြီး ရွှေပြည်စိုး၊ သုံးဘုံ၊ တစ်နန်းပျော်ရင် သွေးတော်တို့ကိုရေနံချောင်းမှာပဲရေးခဲ့တယ်လို့ ရေးဖူးပါတယ်။ ခုနှစ် သက္ကရာဇ်အရဆိုရင်တော့ အကုန်လုံးဖြစ်နိုင်ခြေရှိပြီး ဘယ်ဟာအမှန်လဲလို့ ပြောရ ခက်ပါတယ်။ 

ဦးလတ်အကြောင်းဆက်ပြောရရင် ဦးလတ်ရဲ့မိဘမျိုးရိုးက ရွှေဘိုမန်ကျည်းတုံရွာကပါ။ အမတ်ကြီး လက်ဝဲသုန္ဒရရဲ့ဇာတိပါ။ ဦးလတ်ရဲအဒေါ်  ဒေါ်အေးမေကကဝိမျက်မှန်မဂ္ဂဇင်းနဲ့ ပုံနှိပ်တိုက် ပိုင်ရှင်တွေပါ။ စာပေနဲ့ နီးစပ်ပါတယ်။ မြန်မာပညာရှိဦးပွား၊ ဆရာလင်း၊ မြန်မာ့အလင်းဦးစိန်း၊ ဦးရွှေဇံအောင်အစရှိတဲ့ မြန်မာ ပညာရှိဆရာတွေနဲ့ ရင်းနှီးပါတယ်။ ဦးလတ်ဟာပျော်တတ်သူတစ်ယောက်ဖြစ်ပြီး အပြောအဟောကောင်းသူ၊ ပေါင်းသင်းဆက်ဆံရေးမှာရည်မွန်သူတစ်ယောက်ဖြစ်ပါတယ်။ ပျော်တတ်သူ၊ ဘိလိယက်ထိုးကောင်းသူ၊ တရုတ် ကျင်ဖဲကစားလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ညဘက်လည်းအမြဲတမ်းလည်ပတ်လေ့ရှိပါတယ်။ သား ၁ ယောက်၊ သမီး ၂ ယောက် ထွန်းကားတယ်လို့သိရပြီး သားကတော့ ပုဂံငပုနာမည်နဲ့ ဆောင်းပါးနည်းနည်းပါးပါး ရေးတယ်လို့ ကြားဖူးပါတယ်။ ဦးလတ်ကအသက် ၅၅ နှစ်အရွယ် ၁၉၂၁ ခုမေလ ၂၀ ရက်နေ့မှာရောဂါနဲ့ ရေနံချောင်းမှာပဲ ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။ 

ကိုလှိုင်းသစ်
28-3-2021 
5:23 PM


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar