Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၆ ရက် မြောက်နေ့ မြင်ကွင်း

Photo -Paung Laung Media Facebook


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၁၆၊ ၂၀၂၁

စောင့်ကြည့်၊ နေရာယူ၊ ဆုံးဖြတ်၊ အက်ရှင်

အခုချိန်မှာ ဆိုရှယ်မီဒီယာက ပို့စ်တွေမှန်သမျှကို မှန်တဲ့သတင်း၊ အများစု၏သဘောထား၊ အတည်ယူရမည့်အကြံပေးချက်လိုမျိုး စာဖတ်ပရိသတ်အချို့တွေက သဘောထားပြီး တုန့်ပြန်နေကြတာကို တွေ့ရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်၊ မြင်းခြံ တလုပ် စတဲ့ဒေသတွေကို မချိတင်ကဲကြည့်ပြီး ဖတ်ပြီးတော့ အပြစ်တင်တာ ဝေဖန်တာ ကိုယ့်အချင်းချင်းကြားထဲမှာတောင် ရန်ဖြစ်စကားများကြတာတွေ ဖြစ်ကုန်တယ်။ အဲသည်နေ့တွေ မတိုင်ခင်က ဘဏ်သတင်းငွေသတင်းတွေကြည့်ပြီး ထင်ရာ မြင်ရာတွေ ပြောကြ ရေးကြ ငြင်းကြခုံကြပြန်တယ်။ အဲသည်မှာ စုဖွဲ့မှု တည်ဆောက်မှုကောင်းတဲ့ အဖွဲ့အစည်းတွေနဲ့ လှုပ်ရှားမှုတွေကတော့ ဆိုရှယ်မီဒီယာကို အသုံးချပြီး အသာစီးရအောင် နေရာယူထားတယ်။ လူထုကို တုန့်ပြန်မှုကောင်းအောင် စည်းရုံးရေးဆင်းတယ်။ စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို ထိုးစစ်ဆင်ပါတယ်။

ဥပမာတွေ ပေးရရင်တော့ ကချင်တိုင်းရင်းသားအဖွဲ့အစည်းတွေထဲက ထင်ရှားတဲ့ KIA နဲ့ပတ်သက်တဲ့ စာမျက်နှာတွေ၊ ကချင်သတင်းဌာနတွေ၊ ကချင် လူမှုအဖွဲ့အစည်းတွေ၊ ကရင်လူမှုအဖွဲ့အစည်းစာမျက်နှာတွေ၊ KIC စာမျက်နှာတွေ၊ ချင်းပြည်နယ်အခြေပြု သတင်းမျက်နှာတွေက သွေးရူးသွေးတန်း ဟိုရောက်သည်ရောက် တင်ဆက်နေတာမျိူးမဟုတ်ဘဲ သူတို့ဒေသအခြေပြု လူထုနဲ့ ဦးဆောင်လှုပ်ရှားသူတွေရဲ့ အခြေအနေ ထုတ်ပြန်ချက် လှုပ်ရှားမှု တုန့်ပြန်ချက်တွေကို ပြန်ကြားနေတာ ဖြစ်ပါတယ်။ ကောလဟာလတွေ လူပြိန်းတွေ ဝိုင်းတင်တဲ့ အရေမရ အဖတ်မရ ခရက်ဒစ် သူများဟာဆိုတာတွေကို သူတို့က အတတ်နိုင်ဆုံး ရှောင်ကြတယ်။ နယ်မြေဒေသခံ လူထုအခြေပြုသတင်းဌာနတွေ စာမျက်နှာတွေကလည်း သူတို့နယ်မြေသတင်းကို အခြေခံပြီး သတင်းပြန်ကြားတယ်၊ ပြည်သူကို သတင်းပေးတယ်။ ဖတ်သင့်ဖတ်ထိုက်တဲ့ ဆောင်းပါးတွေကိုလည်း ပရိသတ်ကို ရှယ်ကြပါတယ်။ ဒါက မီဒီယာကြားခံပစ္စည်းကို လူထုနဲ့ အဖွဲ့အစည်းက အကျိုးရှိအောင် မိမိလိုရာရောက်အောင် သုံးနေကြပုံကို ထောက်ပြတာပါ။

ပြည်တွင်းမှာကော ပြည်ပမှာပါ အခု ရက် ၁၀၀ ကျော်ချိန် မိမိအင်အား မိမိအုပ်စု စုဖွဲ့မှု တည်ဆောက်ပြီးသား ထူထောင်ပြီးသား အခြေခိုင်ထားပြီးသားဖြစ်ထားသင့်နေပါပြီ။ မိမိတို့ အားသန်ရာ လမ်းနဲ့ ဦးဆောင်မှုဘယ်နောက်ကိုလည်းဆိုတာ ရွေးချယ်ထားပြိးသား ဖြစ်သင့်ပါပြီ။ သပိတ်တပ်ပေါင်းစုတွေကလည်း ဘယ်တော့မှ သွေးမအေးဘူး၊ လမ်းတွေကို ငါတို့ပိုင်တယ်၊ ငါတို့ အာဏာဖီဆန်နေတယ်ဆိုတဲ့ သဘောထားကျထားပြီးသားမို့လို့ ခုချိန်ထိ လျပ်တပြက်ပျောက်ကြားသပိတ်တိုက်ပွဲနဲ့ အလံကို ဆက်လွှင့်နေကြတာ ဖြစ်ပါတယ်။ CDM သမားတွေကလည်း CDM Support တွေနဲ့ အခက်အခဲပေါင်းစုံ စိန်ခေါ်မှုမျိုးစုံကို ရက် ၁၀၀ ကျော် ကြံ့ကြံ့ခံထားတာမို့ သူတို့အတွက် လက်တွေ့မြေပြင်အခြေအနေကို သိရှိထားပြီး လမ်းကြောင်းတွေ ပြင်ဆင်ထားပြီး ဖြစ်လောက်ပြီ ထင်ပါတယ်။ ပျောက်ကြားစစ်တိုက်မယ့်သူတွေ PDF တပ်သားအဖြစ် ထမ်းဆောင်မယ့်သူတွေကလည်း မိမိတို့ အစုအဖွဲ့ အချိတ်အဆက်တွေ ထူထောင်တည်ဆောက် ပြင်ဆင်နေကြပြီလို့ ယူဆနိုင်ပါတယ်။ အဲသည်အထဲ ဘယ်ထဲမှ မပါဝင်ထားဘဲနဲ့ လပ်နေတဲ့ ရဲဘော်တွေ အစုအဖွဲ့တွေဟာ အချင်းချင်းတိုင်ပင်ဆွေးနွေး ပြင်ဆင်ဆုံးဖြတ် လုပ်စရာရှိတာ ဆက်လုပ်ဖို့ ချကြရတော့မယ် ဖြစ်ပါတယ်။

တနေ့က ပျောက်ကြားစစ်အတွက် သင်တန်းတခုကို လေ့လာဖြစ်ပါတယ်။ သူတို့က အခြေအနေကို စောင့်ကြည်၊ ပြီးတာနဲ့ နေရာယူ၊ ဆုံးဖြတ်ချက် ချ။ ဆုံးဖြတ်ပြီးတာနဲ့ လုပ်တော့။ သည်လိုမျိုး အမြဲလေ့ကျင့်ဖို့ ပြောပါတယ်။ အချို့တွေက စောင့်ကြည့်၊ နေရာယူ ပြီးတော့ မဆုံးဖြတ်သေးဘဲ ပြန်စောင့်ကြည့်တဲ့ သံသရာကို လည်နေတယ်။ မဆုံးဖြတ်နိုင်တော့ အလုပ်လည်း မဖြစ်တော့ဘူးပေါ့။

CDM Support Group တွေမှာ လူစုပြီး ငွေစု။ ငွေစုပြီး ငွေလှူ ဆိုတဲ့ အဆင့်ကနေ လစဉ်အလှူရှင်တွေကို စု၊ အလှူလမ်းကြောင်းတွေ မျိုးစုံ ရှာဖွေထား၊ အလှူခံသူတွေကို လုံခြုံစိတ်ချတဲ့ နေရာ ဒေသတွေ စီစဉ်ပေးထား၊ သူတို့ကို ပြောင်းရွှေ့ပေးဖို့ ခရီးတွေပါ ဆွဲပေးထားဖို့ စတဲ့ အဆင့်တွေအထိ ရောက်လာနေတယ်လို့ မှတ်ချက်ပေးပါတယ်။ sustainable plan လို့ခေါ်တဲ့ ရေရှည်ခံမယ့်အစီအမံတွေလိုတယ်လို့ ပြည်တွင်းအဖွဲ့တွေက နေရာယူမှု ဆုံးဖြတ်မှုတွေ ပြုပြင်ကြ ပြင်ဆင်ကြတာတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။ အလှုမရဘူး၊ အလှူမရောက်ဘူး လူတွေ ငတ်နေပြီ ဒုက္ခရောက်နေပြီလို့ ဆိုရှယ်မီဒီယာမှ တင်ကြတဲ့ဆီမှာ ကိုယ့်လမ်းကြောင်း ကိုယ့်အလှူ လိုက်ပါဆောင်ရွက်နေသူ ကာယကံရှင်တွေဆီ ဆက်ပြီး ကိုယ်တိုင်မေးကြဖို့ လိုပါတယ်။ သူများတင်တာကို ခံစားချက်နဲ့ ထပ်ဆင့်ရှယ်တာက အကျိုးသက်ရောက်မှု အနှုတ်ဖြစ်တတ်ပါတယ်။ သည်နွေဦးတော်လှန်ရေးက ဂျန်းဇီတွေနဲ့ လူတိုင်း တိုင်းရင်းသားတိုင်း ဆင်နွှဲကြတဲ့ တော်လှန်ရေးဆိုတာ မမေ့သင့်ပါ။ ဘယ်အစိုးရ ဘယ်အဖွဲ့အစည်းကို အားကိုးပြီး မျော်လင့်ပြီး တိုက်ကြတဲ့ တော်လှန်ရေး အစကတည်းက မဟုတ်ပါဘူး။

နောက်တချက်ကတော့ တိုက်ရိုက်သတင်းတွေ ပြောကြားချက်တွေကို လေ့လာကြဖို့ ဖြစ်ပါတယ်။ နောက်တဆင့်ကြား နောက်တဆင့်နားတွေက ပြောတာကို ချင့်ချိန်ပြီးမှ လက်ခံဖို့ပေါ့။ ခုချိန်မှာ ဇွန်းတွေနဲ့ အစည်းအဝေးတွေက များမှများပဲ။ ဖေ့စ်ဘွတ် တွစ်တာ ဆစ်ဂနယ် တယ်လီဂရယ် မတ်စိချက်ဘောက်တွေကလည်း စုံလို့ပါ။ အဲသည်မှာ ဆိုရှယ်မီဒီယာက သတင်းတွေ အတင်းတွေ ဖလှယ်နေကြ၊ ထင်ရာမြင်ရာတွေ ပြောဆိုနေကြတာနဲ့ အချိန်ကုန်သွားရင် ပြင်ဆင်ဖို့ ဆုံးဖြတ်ဖို့ အလုပ်လုပ်ဖို့ အဆင့်ကို မရောက်တော့ဘူး ဖြစ်နေပါတယ်။ (ကိုယ်တွေ့ကိုယ်တွေ့)။

ဥပမာတခုက - လက်နက်တပ်ဆင်ဖို့ အရေးကြိးတယ်လို့ ပြောနေကြတာ အခု ရက် ၁၀၀ မှာ ရက် ၆၀ လောက်ကတည်းက ပြောနေကြတာပါ။ ရက် ၁၀၀ နား ကပ်မှ တိုင်းရင်းသားအဖွဲ့တွေကို ဝိုင်းပြိး ကူကြဖို့ လမ်းကြောင်းတွေ မိတ်ဆွေတွေ ချိတ်မိလာကြပါတယ်။ ဖဒရယ်အာမီကြီးထောင်တာ မတ်လ ၁၀-၁၅ ခန့်ကတည်းက အိုင်ဒီယာတွေ ထွက်လာတယ်။ လူတွေကလည်း ဝိုင်းပြီး လှူကြပါတယ်။ တကယ်တန်းမှာ လက်နက်ကိုင်တပ်ကို လှူဖို့ဆိုတာ နိုင်ငံတကာမျက်နှာစာမှာ ထင်သလောက်မလွယ်ဘူးဆိုတာ နောက်ရိပ်မိလာကြပါတယ်။ သိသာသိစေ မမြင်စေနဲ့ဆိုတာမျိုးကိုး။ ဒါတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားကွန်မြူနီတီတွေက အတွေ့အကြုံရှိတာ ကြာလှပေါ့။ ဒါကို မြန်မာအများစုက သဘောပေါက်လာကြပါတယ်။ နယ်စပ်မှာ ဖယ်ဒရယ်တပ်မဖြစ်ခင် ဧပြီလအတွင်းမှာ ပီဒီအက်ဖ်အကြို ပျောက်ကြားအခြေခံစစ်သင်တန်းတွေ စုဖွဲ့မှုတွေ မိမိတို့ဖာသာ လုပ်ဆောင်ရင်း ပုံပေါ်လာတာ ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားခုခံစစ်တွေဆိုတာ အောက်ခြေက စတင်တဲ့ တိုက်ပွဲတွေ သင်ခန်းစာတွေ သင်ယူမှုတွေ ဖြစ်ပါတယ်။ အခုတော့ ပုံပေါ်လာရာကနေ တယောက်တလက် ဝိုင်းကူဝိုင်းအားပေးတဲ့ အဆင့်ကို ရောက်လာပါပြီ။

အခု CDM နဲ့ CDM Support ကို ကြည့်ရင် P2P ပဲ လို့ မှတ်ချက်ချရမယ်။ People to People တိုက်ရိုက်လှူကြတဲ့ အဆင့်ကို ရောက်နေတယ်။ သည်ထက်ပိုပြီး ကြပ်တည်းဆင်းရဲလာရင်၊ စစ်ကောင်စီက နှိပ်ကွပ်မှုတွေ တိုးမြှင့်လာရင် ကျနော်တို့၏ NUG CRPH က ကြားဝင် ဆုံးဖြတ် ဦးဆောင်မှုတွေ တိုးပြီး ယူကြရလိမ့်မယ် ထင်ပါတယ်။ သည်တော့ သူတို့၏ သတင်းပြန်ကြားရေး တိုက်ရိုက်ထုတ်ပြန်တဲ့ People Voice TV - PVTV ကို လူတွေက အာရုံစိုက်နားထောင်ကြည့်၊ သူတို့ဆီကို ဆက်သွယ်ပြီး သတင်းပို့ကြ တောင်းဆိုကြ လုပ်ကြရမယ် ထင်ပါတယ်။ စစ်ဘေးရှောင်တွေ တိုးလာတာနဲ့အမျှ PDF တပ်တွေကို လက်နက်တပ်ဆင်ပေးဖို့ အရေးကြိးတဲ့အဆင့်ကို ရောက်လာတာနဲ့အမျှ လူထုကလည်း ပြည်သူ့အစိုးရက ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်မှု အကြံပေးချက် ဘာများဖြစ်မလဲဆိုတာ NUG CRPH NUCC တို့ခေါင်းဆောင်တွေ ပြန်ကြားရေးအဖွဲ့တွေ ပြောရေးဆိုခွင့်ရှိသူတွေဆီက တိုက်ရိုက်အသံကို နားစွင့်ဖို့ တောင်းဆိုဖို့ လိုအပ်နေပြီ ထင်ပါတယ်။ ဖေ့စ်ဘွတ်ပေါ် တင်တာတွေ ဝါဝါမြင်တိုင်း ရွှေမဟုတ်ဆိုတာတော့ ရိပ်မိသင့်ပါကြောင်း။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar