မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - အောင်ကောင်းမြစ်၊ ရိုးခက်
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
မေ ၁၉၊ ၂၀၂၁
-
ဝေး
ဝေး...ငါ့ကောင်ကြီးဆလိုင်းရ
မင်းခေါင်ရည်လည်း ငါ့ခေါင်ရည်ပဲ
ငါ့ထန်းရည်လည်း မင်းထန်းရည်ပဲ
ဝေး...ငါ့ကောင်ကြီးဆလိုင်းရ
မင်းတောင်တန်းလည်း ငါ့တောင်တန်းပဲ
ငါ့ပင်လယ်လည်း မင်းပင်လယ်ပဲ
ဝေး...ငါ့ကောင်ကြီးဆလိုင်းရ
မင်းဒုက္ခလည်း ငါ့ဒုက္ခပဲ
ငါ့သောကလည်း မင်းသောကပဲ
ဝေး...ငါ့ကောင်ကြီးဆလိုင်းရ
မင်းမျက်ရည်လည်း ငါ့မျက်ရည်ပဲ
ငါ့တောက်ခေါက်သံလည်း မင်းတောက်ခေါက်သံပဲ
ဝေး... ငါ့ကောင်ကြီးဆလိုင်းရ
မင်းသီချင်းလည်း ငါ့သီချင်းပဲ
ငါ့ကဗျာလည်း မင်းကဗျာပဲ
ဝေး...ငါ့ကောင်ကြီးဆလိုင်းရ
မင်းမိဘလည်း ငါ့မိဘပဲ
ငါ့သားသမီးလည်း မင်းသားသမီးပဲ
ဝေး...ငါ့ကောင်ကြီးဆလိုင်းရ
ကြည့်လိုက်စမ်းပ ဆလိုင်းရေ
လက်မောင်းသွေးတွေ ဆုံစည်းရာ
ငါတို့သွေးချင်းတွေရဲ့မြေဟာ
ပန်းချီကားတစ်ချပ်လို
တိမ်တွေကို လှိုင်းစီးလို့
မြစ်တွေကို တောင်ပံခတ်လို့
ဝေး...ငါ့ကောင်ကြီးဆလိုင်းရ
ကြည့်လိုက်စမ်းပ ဆလိုင်းရေ
ကျွဲချိုမှုတ်သံ ဖားစည်သံ
အိုးစည်သံ ဒိုးပတ်သံတွေနဲ့
အနာဂတ်ကောင်းကင်ကြီးထဲ
ငါတို့...
လှေကလေးကို လှော်မည်
အောင်ကောင်းမြစ်
16.5.2021
Sun: 2:45 pm
...
'' ဆုန်ရ် ''
ခုတော့
နှင်းပွင့်တွေနဲ့
ဝေး နေတဲ့ ရာသီမှာ
ပူလောင်မှုတွေ ရွှဲရွှဲစို
အပြာရောင်တိမ်တိုက်ထဲ
ငွှာငွှာစွင့်စွင့် ရဲရင့်နေတဲ့
တောင်ဇလပ်ပင်ကြီး
ရွက်ဝါတွေ ကြွေ
ရွက်နုတွေ ဝေလို့နေရော့ပေါ့ ၊
ဆုန်ရ်ရေ
ငါတို့အားလုံးရဲ့ မနက်ဖြန်ထဲ
ခေါင်ရည်ချိုမြမြ တောင်ဇလပ်ပန်းရဲရဲနီ
ဟိုအဝေးက တိမ်ပင်လည်ကြီး
ပန်းချီးကားချပ်ကြီးတစ်ခုလို
လှမ်းမျှော်မိနေတယ်၊
ဆုန်ရ်ရေ
အောက်ချင်းငှက်တွေ
အလှချင်းပြိုင်
ရဲရင့်ခြင်းတွေက
တူမီးသေနတ်ထဲ
ယမ်းအပြည့် သိပ်ထားသလို
သစ္စာတရားဟာ
ငြိမ့်ငြိမ့်လေး စီးနေတဲ့ ဂီတသံနဲ့အတူ
ဝိုင်းဖွဲ့ထားတဲ့ လူအုပ်ထဲက
မီးပုံကြီးဟာ
အလျှံလျှံညီးလို့၊
ဆုန်ရ်ရေ
ပါးရဲတွေရဲ့အဓိပ္ပာယ်
ခေတ်သစ်ရာဇဝင်မှာလည်း
အလှပန်းမဆင်နိုင်
မိစ္ဆာတွေရဲ့ ခံတွင်းမှာ
လောဘလောင်မြိုက်ခြင်းတွေ
ချဉ်ခြင်းတက်နေမှုမှာ
ဆုန်ရ်တို့ဘဝ
ဆုန်ရ်တို့အလှ
ငါတို့အားလုံး ရင်ကျိုးမိတယ်
ဆုန်ရ်
နှစ်ဆယ့်တစ်ရာစု မိုက်ရူးရဲ
ဒေဝဒတ်တွေ
တောခေါင်ခေါင်
ခွေးအတွေ ခေါင်းထောင်သလို့
ငါတို့ဘုရား
ငါတို့စကားတွေ နားမဝင်
အဆုံးအစွန်းအထိ
မိုက်ရူးရဲ စစ်မိစ္ဆာသူကောင့်သားတွေရဲ့
အသိဉာဏ်ဟာ
တူမီးတစ်လက်ရဲ့ ပြောင်းဝက
တိရစ္ဆာန်တစ်ကောင်လောက်တောင်
တန်းဖိုးက မဲ့လွန်းလှတယ်။
အောက်ချင်းငှက်ကလေးတွေ လှတယ်
တောင်ဇလပ်ပန်းတွေ ရဲရဲနီတယ်
မီးပုံနဘေးက ခေါင်ရေအိုးလေး
ချိုမြမြရနံ့လေးမွှေးလို့
ငါတို့ ရင်တွေ နာရတယ် ဆုန်ရ်
အောက်တန်းစား စစ်မိစ္ဆာ
မြေခွေးတွေ ဝိုင်းဖွဲ့ကိုက်ဖြတ်ခဲ့တာတောင်
တောင်ဇလပ်ပန်းကလေးလို
ခုထိ ရဲရဲနီလို့ ၊?
ဆုန်ရ်
မင်းတို့အားလုံးဟာ
ငါတို့ဘဝ ငါတို့အလှတွေပါပဲ
မြန်မာပြည်အနောက်ပိုင်းက
ခေါနူးစုမ်(သုမ်)ခေါ်
ဝိတိုရိယ/နတ်မတောင်ကြီးရဲ့
မြူခိုးရစ်သိုင်း မှိုင်းမှိုင်းမှုန်နေတဲ့ အလှကို
ခုတော့
သွေးချင်းချင်းနီ သားရဲတွေရဲ့ခံတွင်းမှာ
သွားရည်တမြမြနဲ့
လောဘတွေတက် အလိုရမ္မက်ငမ်းငမ်းတက်လို့
ဆုန်ရ်
မင်းတို့အားအင်တွေ
မင်းတို့ရဲ့ရဲရင့်ခြင်း ခမ်နားမှုမှာ
ငါတို့ရဲ့သူရဲကောင်းတွေဖြစ်လို့
ဆုန်ရ်ရေ
တူမီးတစ်လက်ရဲ့ရာဇဝင်မှာ
မင်းတပ် မတူပီ ဟားခါး
သူရဲကောင်းတွေရဲ့
အောင်ပွဲခံ ခေါင်ရည်ချိုမြမြတစ်ခွက်နဲ့
ငါတို့မင်းနဲ့အတူရပ်တည်ပြီး
အလေးပြုလျက်။ ။
ရိုးခက်
18.5.2021
မှတ်ချက် - '' ဆုန်ရ် = ချင်းပျိုဖြူသမီး'' ဟု ရည်ညွှန်းခေါ်ဆိုပါသည် ။
...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar