မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - မောင်သစ်ကြည်၊ မောင်လင်းရိပ်
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
မေ ၁၈၊ ၂၀၂၁
.....
အနီရောင်တောင်ဇလပ်ပန်းများ
တောင်ဇလပ်ပန်းပွင့်တဲ့
ပင်လယ်ပြင်ထက်ပေ ၅ဝဝဝ အမြင့်က
လျှိုမြောင် စိမ့်စမ်းထဲမှာ
ရေငုပ်သင်္ဘောတစ်စင်း မျက်စိလည်နေတယ်
အမြောက်နဲ့ထုတဲ့
ကျောက်ထုက လက်နက်ကြီးသံတွေကို
လေယာဉ်ပျံနှစ်စင်းကကိုက်ချီလာတယ်
ခုခံကာကွယ်မှုက
ချင်းရိုးရာ တူမီးလက်နက်ဖြစ်တယ်
သန္နိဋ္ဌာန်က
ကမ္ဘာမကြေဘူး ဆုံးခန်းတိုင်ပဲ
ရည်မှန်းချက်က
စစ်အာဏာရှင် အမြစ်ပြတ်ရေး
နည်းဗျူဟာက
လက်နက်ကိုင် တော်လှန်ရေး
ရန်သူရဲ့သွေးခွဲရေးအသံက
အောက်ချင်းငှက်တောင်ပံထဲဝင်လာတယ်
ရှုခင်းတွေနဲ့လှပတဲ့
အဲဒီမြို့ကလေး
သွေးစွန်းတာမြင်လိုက်ရတဲ့အခါ ။ ။
မောင်သစ်ကြည်
၁၇ ရက် မေလ ၂၀၂၁
.....
လူအို လွမ်းတေး
သပြေရွက်ရေလို့ သပြေပင်ရင်းမှာ သွားခေါ်မိ
မေတ္တာရေဆိုတာ အောင်ရေမဟုတ်လားကွဲ့
အို ညနေ
တောင်တန်းတွေဆီ ကောင်လေးတွေထွက်သွားပြီ ဆိုတဲ့
သတင်းပါးချက် ရတာနဲ့။
မျောက်မျောက်နဲ့ ပေါက်ပေါက်လို့ သူတို့အဖေက ခေါ်တာပဲ
သူတို့အရွယ်နဲ့ သူတို့ခေတ်မို့ ပေါက်ပေါက်မြောက်မြောက် ရောက်ကိုရောက်မှာ
တတောက်တောက်ခေါက်မိပုံက စစ်ချီဗုံသံ ကြားယောင်လို့
လူအိုတစ်ယောက်လည်း စစ်ချီတေးတစ်ပုဒ်လောက်
ပေါက်ပေါက်မြောက်မြောက် ရေးနိုင်တာပဲ မဟုတ်လား။
မောင်လင်းရိပ်
၂၀၂၁ မေ ၁၇
.....
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar