Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၇ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၁၇၊ ၂၀၂၁

မင်းတပ်၊ ဟားခါး နဲ့ ဒေသန္တရ ခုခံတိုက်ခိုက်မှုများ


ဒီနေ့အဖို့ မျက်နှာဖုံးသတင်း (စိတ်ဝင်စားဆုံး) သတင်းကလည်း မင်းတပ်က ခုခံမှု၊ အရပ်သားတွေတိမ်းရှောင်နေရတာတွေ၊ ပြီးခဲ့တဲ့ ၃ လကျော်အတွင်း သေနတ်ထိမှန်ခဲ့ရတဲ့ ကလေးငယ် ၅၀ ကျော်အပြင် အခုလည်း မင်းတပ်မှာ အသက် ၁၀နှစ်အရွယ် မိန်းကလေးငယ်တဦး လည်ပင်းကို ကျည်ဆံထိမှန်ခဲ့ပြန်ပါပြီ။

မင်းတပ်ကို ပြီးခဲ့တဲ့ ၂ရက်ကတည်းက စစ်အင်အားအလုံးအရင်း လေကြောင်း သယ်ပို့၊ ပစ်ခတ်အကူအညီတွေနဲ့ မြို့ကို ပြန်သိမ်းဖို့ ကြိုးစားခဲ့ရာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဆုတ်ခွာပေးခဲ့ရပါတယ်။ ယမန်နေ့ကတည်းက မြို့ကို သိမ်းပြီး ယနေ့မှာလည်း လမ်းတွေထဲ လိုက်လံ ပစ်ခတ် ဖမ်းဆီး တာတွေ လုပ်နေခဲ့တာပါ။ အပြစ်မဲ့ အရပ်သားတွေ အသက်ဆုံးရှုံးရတာတွေ၊ ကလေးငယ်တွေ အသက်ဆုံးရှုံးရတာတွေ ၊ အသက်အရွယ်ကြီးရင့်သူတွေ တောတောင်ထဲ ရှောင်တိမ်းရတာတွေ၊ မြို့မှာနေထိုင်သူတွေရဲ့ နေအိမ်တွေမှာရှိတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှာဖွေယူဆောင်သွားကြတာ၊ အစားအစာ ရိက္ခာလိုမျိုးမယူနိုင်တာတွေကို ဖျက်ဆီးသွားတာတွေဟာ အစိုးရ လို့သူတို့ကိုယ် သူတို့ခေါ်ဆိုတဲ့ စစ်ကောင်စီ အစိုးရတရပ်အနေနဲ့ ကျင့်ကြံပြုမူသင့်တဲ့ အရာ လုံးလုံးမဟုတ်ပါဘူး။ ဒီလိုလုပ်ရပ်မျိုးတွေက ကျူးကျော်စစ်၊ ကမ္ဘာစစ်ဖြစ်တဲ့အခါမျိုးတွေမှာ ကြုံရလေ့ရှိတဲ့ စစ်ဦးဘီလူး လို့ တင်စားခေါ်ဆိုကြတဲ့ အလွန်အကျွံ အင်အားသုံး ဖျက်ဆီး ၊ မြေလှန်တာမျိုးတွေ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒါမျိုးတွေ လုပ်ဆောင်လာတာကို ကြည့်ရင် နိုင်ငံရေးအရ ဘယ်လောက် ကျဆုံးနေသလဲ လူထုဆန့်ကျင်ရေးတွေ ဘယ်လောက်လုပ်နေသလဲ၊ တရုတ်ပြည်မှာ ဂျပန်တွေ ကျူးကျော်တုန်းကလို၊ ဥရောပမှာ နာဇီဂျာမန်တပ်တွေ ကျူးကျော်တုန်းက အဖြစ်အပျက်တွေနဲ့ နှိုင်းယှဥ်စရာ ဖြစ်နေပါတယ်။ မင်းတပ်မှာ ပစ်ခတ်မှုမှာ မပါဝင်တဲ့ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ တောင်ပေါ် တောထဲ တွေအထိတိမ်းရှောင်နေကြရတယ်လို့ သတင်းတွေ ဓါတ်ပုံတွေ အရသိရပါတယ်။

အရပ်သားတွေ အပြစ်မဲ့သူတွေဟာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်နဲ့ ကျည်ဆံထိမှန်သေဆုံးတဲ့ သတင်းတွေ နေ့တိုင်း နာရီအနည်းငယ်ကြာတိုင်း တက်လာနေပါတယ်။ ခုခံတိုက်ခိုက်တဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာလည်း ရှိသလို တိုက်ခိုက်မှုနဲ့ ဘာမှ မသက်ဆိုင်တဲ့ အရပ်သားတွေ ကလေးငယ်တွေ၊ ကိုယ့်အလုပ်ကိုယ်လုပ်နေရင်း ကျည်သင့်လို့ အသက်ဆုံးရှုံးရတာတွေ အများအပြား ရှိခဲ့ပါတယ်။

ဒါတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဘယ်အခါမျှ ဝန်ခံတာ၊ တောင်းပန်တာ၊ ပစ်ခတ်သူကို အရေးယူတာမျိုးမရှိခဲ့တဲ့အပြင် သေဆုံးမှုအကြောင်းရင်းတွေကို လိမ်လည်ပြီး ဆေးစာရေးခိုင်းကာ အမှန်တကယ် သေဆုံးသူစာရင်းရဲ့ ၄ ပုံ ၁ ပုံမျှသာ ရှိတယ်လို့ လိမ်လည်ရှင်းလင်းခဲ့ပါသေးတယ်။

စစ်ရေးအရ တိုက်ခိုက်မှုတွေ တိုးမြှင့်နေချိန်မှာ အခြားစိတ်ဝင်စားစရာသတင်းကတော့ စစ်ကောင်စီက ရွေးကောက်ပွဲအကြို ဆွေးနွေးဖို့ နိုင်ငံရေးပါတီတွေကို မေ ၂၁ မှာ နေပြည်တော်ဆင့်ခေါ်တဲ့သတင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ဖေဖော်ဝါရီ ၂၆ က ခေါ်တွေ့ခဲ့တုန်းက မတက်ခဲ့တဲ့ ပါတီတွေထဲက ပြည်သူ့ပါတီဟာ အခုဒုတိယအကြိမ် စစ်ကောင်စီဆင့်ခေါ်တာကို တက်ရောက်မယ့်အရိပ်အယောင်ရှိပုံရပါတယ်။ အဲသည်မှာ အငြင်းပွားမှုဖြစ်ကြပြီး အထွေထွေအတွင်းရေးမှူး ရဲနိုင်အောင်က မတက်လိုတဲ့သဘောထားနဲ့ ပါတီက နှုတ်ထွက်လိုက်ပါတယ်။ အခြားပါတီခေါင်းဆောင်တချို့လည်း သဘောမတူကြောင်း ထုတ်ပြန်ထားပါတယ်။ ပါတီဥက္ကဌ ကိုကိုကြီးကတော့ ဘာမှ အသေးစိတ်မထုတ်ပြောသေးပါဘူး။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်လက်မှတ်နဲ့ ထုတ်ပြန်ရာမှာ PDF တပ်မတော်ကို အရှေ့ အနောက် တောင် မြောက် အလယ်ပိုင်း စစ်တိုင်း ၅ တိုင်းနဲ့ အခြေခံဖွဲ့စည်းထားကြောင်း၊ ဒေသအလိုက် ရပ်ရွာအလိုက် ဖွဲ့ထားတဲ့ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ ဆိုင်ရာစစ်တိုင်းအောက်မှာ တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ PDF တပ်မတော်၏ စည်းမျည်းစည်းကမ်း ခေါင်းဆောင်မှုကို လိုက်နာရမည် ဖြစ်ကြောင်း၊ ကာကွယ်ရေးရန်ပုံငွေကောက်ခံနေပါက ဝန်ကြီးဌာန၏ စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ မေလ ၅ ရက်မှာ PDF ကို တရားဝင်ဖွဲ့စည်းကြောင်းကြေညာပြီး အခု မေ ၁၇ မှာ စုဖွဲ့မှုပုံသဏ္ဍာန်ကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

နောက်ပြည်သူတွေကြား ပြောစရာ စကားတခုကတော့ မန္တလေးမြို့မအသင်းကြီးက စစ်ကောင်စီကို ဖျော်ဖြေမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ မေ ၁၄ သတင်းအရ - မန္တလေးမြို့က နာမည်ကျော် မြို့မတူရိယာအသင်းဟာ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကို မလွန်ဆန်နိုင်လို့ စစ်တပ်အတွင်းက ခန်းမတခုဖွင့်ပွဲအတွက် ဖျော်ဖြေဖို့ လက်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့မအသင်းနဲ့ နီးစပ်သူတဦးက RFA ကို အတည်ပြုချက်ပေးပါတယ်။ အဲသည်နောက်မှာ နွေဦးတော်လှန်ရေးကို နောက်မဆုတ်တန်းတိုက်ပွဲဝင်နေတဲ့ ရှေ့တန်းသပိတ်မြို့ မန္တလေးသူ မန္တလေးသားတွေ ရင်ထုမနာဖြစ်ကြ၊ ဝေဖန်ကြတဲ့သတင်းတွေ ခုချိန်ထိ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ စာပေ ဂီတ ရုပ်ရှင် သုခုမ အနုပညာသည်ပေါင်း များစွာဟာ စစ်အာဏာရှင်ကို တခဲနက် ဆန့်ကျင်တိုက်ပွဲဝင်နေကြတာ အရင်တော်လှန်ရေးကာလများနဲ့ မတူ ထူးခြားပါတယ်။ အနုပညာသည်များစွာ ၅၀၅(က)နဲ့ ဖမ်း၀ရမ်းထုတ်ခံရ၊ ဖမ်းဆီးခံရ၊ ချုပ်နှောင်ခံရ၊ တိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီ၏ ဖိအားတိုးလာသည်နဲ့အမျှ အချို့သော အသိုင်းအဝိုင်း လူပုဂ္ဂိုလ်များဟာ မလွန်ဆန်နိုင်ကြဘဲ ဒူးထောက် လက်မြှောက်လာတာကိုလည်း မြင်ကြရပါတယ်။ ထို့အတူ စစ်ကောင်စီ၏ အောက်ခြေနဲ့ အလယ်အလတ် စစ်သားများ အရာရှိများကိုယ်တိုင်ကလည်း စစ်ကောင်စီလောင်းရိပ်နဲ့ ချုပ်နှောင်ခိုင်းစေမှုများကနေ ရုန်းထွက်ပြီး လူထုနဲ့ ပူးပေါင်းနေကြတာကိုလည်း အလေးအနက်ပြုကြရမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar