Breaking News

ကျော်ကျော် မြရည်စမ်း - ငုဝါခြွေတဲ့မိုးနဲ့တော်လှန်ဂစ်တာတလက်အကြောင်း

ငုဝါခြွေတဲ့မိုးနဲ့တော်လှန်ဂစ်တာတလက်အကြောင်း
ကျော်ကျော် မြရည်စမ်း
(မိုးမခ) မေ ၂၂၊ ၂၀၂၁

တကယ်တော့ ၆ ကြိုးလုံး ညီညာနေမှ အသံထွက် လှတာပါ။ အဲတာကို သတိပြုမိပေမဲ့ ခပ်ပေါ့ပေါ့ပဲ။ ကျနော်က ကြိုးညှိဖို့ အင်မတန်ပျင်းခဲ့တယ်။

"ဂစ်တာ တီးတတ်ပြီလား... ရည်းစားဆီသွား...တီးပြပေါ့သူငယ်ချင်း"တဲ့။ ငယ်ကတည်းက အဲ့သည်သီချင်းလေးကို ကြိုက်ခဲ့တယ်။ ဂစ်တာသေချာမတီးတတ်ခင်ကဘဲ လမ်းနံဘေးစီးရီးတွေကို အုတ်ခုံစတိတ်ရှိုးကနေ ထုတ်လွှင့်ကြတယ်။ စိုးလွင်လွင် သီချင်းကိုလည်း သဘောကျခဲ့ရတယ်။

မိတ်ဆွေတယောက်က ဂစ်တာလေးတလက်ကို လက်ဆောင်ပေးလိုက်တယ်။ ကြိုးမညှိတတ်တော့ ကြိုးညှိတဲ့ soft ware လေးပါ ဖုန်းထဲ ထည့်ပေးလိုက်သေးတာ။ ဂစ်တာလေး ရလာတော့ သီချင်းတွေတီးတယ်။ သီချင်းက များများစားစား မရပါဘူး။ Round Chordsလေးတွေနဲ့ ၅ ပုဒ်လောက် ရတာပါ။ အဲတာနဲ့ ပရောဖက်ရှင်နယ် ဖြစ်နေတဲ့ ငယ်သူငယ်ချင်းဆီ သီချင်း Notes တွေ ပို့ပေးဖို့ မက်ဆင်ဂျာက လှမ်းပြောလိုက်တယ်။ အကြောင်းသိဆိုတော့ သူက ခင်မောင်တိုးသီချင်း ၁ဝပုဒ် လှမ်းပို့တယ်။ သူတို့တီးဝိုင်းက notes တွေကို ဓာတ်ပုံရိုက်ပြီး လှမ်းပို့ပေးတာ။ "ကီးတော့ ချိန်းလိုက်ကွာ...အခုက သိတဲ့အတိုင်း Key :C နဲ့ချည်း ရေးကြတာ..."လို့ သူကပြောတယ်။

ဂစ်တာလေးကို ကြိုးညှိတယ်။ ဒီအတိုင်းဆိုရင် နားအကျင့်မရှိတော့ လွယ်မယ်မထင်ပါဘူး။ ဒါပေမဲ့ နည်းပညာအထောက်အကူနဲ့ဆိုတော့ ခဏနဲ့ အဆင်ပြေသွားတယ်။ ပြီးတော့ ခင်မောင်တိုးသီချင်းတွေကို ကီးချိန်းဖို့ စဉ်းစားရတယ်။သူ့အုပ်စုနဲ့တူ ဖွဲ့ထားတဲ့ ကော့ဒ် (chords)တွေကို အလွယ်တကူနဲ့ ကျနော်မသိပါဘူး။ အဲတာကြောင့် family chords ဇယားကို လိုက်ရှာရတယ်။ ဇယားကလေး ရလာတော့မှ စာရွက်တခုပေါ်မှာ သူငယ်ချင်းပို့ပေးထားတဲ့ သီချင်းနုတ်စ်ကို ကူးရေးရတယ်။ ပြီးတော့မှ ကီးချိန်းထားတဲ့ ကော့ဒ်တွေကို  မင်နီနဲ့ ပြန်ရေးရပါတယ်။

အတွေးပန်းချီ၊ ဆည်းလည်းလှိုက်သံ၊ ငုဝါခြွေတဲ့မိုး ၊ဝေးခဲ့ပြီပန်းခရမ်းပြာ၊ ညှို့သူ၊ ကြိုးကြာသံ၊ေ စာင့်လို့တော့နေရစ်ဦး... သီချင်းတွေက ငယ်စဉ်ကလေးဘဝထဲက အကြိုက်တွေချည်းပါပဲ။ ဘာရယ်ကြောင့်ကြိုက်ခဲ့တာမှန်း သေချာမသိပဲ ကြိုက်ခဲ့လိုက်တာ။ ကီးချိန်းပြီးတော့ ဆော့ဖ်ဝဲအကူအညီနဲ့ ကြိုးညှိထားတဲ့ တိုက်နှစ်လုံးဂစ်တာလေးကို ကောက်ယူလိုက်တယ်။ ပါးစပ်က အလွတ်ရနေတဲ့ လိဒ်ဂစ်တာနုတ်စ်လေးကို ဖွဖွငြီးရင်း ရစ်သမ်ခတ်လိုက်တယ်။ သူငယ်ချင်းရဲ့ နုတ်စ်ထဲမှာ ပြထားတဲ့ ထပ်ကြော့ဖို့တို့၊ကျော်ချဖို့တို့ သင်္ကေတတွေကို သေချာမသိတော့ ရမ်းသမ်းမှန်းသမ်းပဲ တီးနေဆိုနေမိတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ကျနော့်စိတ်ထဲတော့ ကျေနပ်နေမိတယ်။

နောက်ရက်တွေမှာ ရုံးဖွင့်တော့ အလုပ်သွားရတယ်။ ဂစ်တာလေးကို ကြိုးလျော့ထားခဲ့တယ်။ အရင်ကဆိုရင် ဂစ်တာကြိုး မညှိတတ်တော့ ကြိုးလျော့ထားဖို့ ဝန်လေးနေမိဦးမှာ။ အခုတော့ ကြိုးညှိတဲ့ ဆော့ဖ်ဝဲလေး အလွယ်တကူရှိနေတော့ မစိုးရိမ်မိတော့ပါဘူး။ အလုပ်ထဲရောက်တော့ မီတာ၂၀၀ ရှည်တဲ့ သံလမ်းကြီးတွေကို ပြေးလမ်းပေါ်တင်ရတယ်။ ၁ မီတာကို ပေါင်ချိန်၁၁ဝရှိတဲ့ သံလမ်းကြီးရှည်ကြီးဆိုတော့ တချောင်းကို ပေါင်ချိန် နှစ်သောင်းကျော် လေးလံပါတယ်။
အဲသည်သံလမ်းကြီးကိုသာ နည်းပညာအကူအညီမပါဘဲ လူတွေနဲ့ချည်း ကိုင်တွယ်လုပ်ကိုင်ရမယ်ဆိုရင် အတော်မလွယ်ကူတဲ့ကိစ္စပေါ့။ အချိန်အတော်ပေးရလိမ့်မယ်။ အချိန်ပေးရတာထက် ပိုအရေးကြီးတာက လုပ်သားတွေလည်း ထိမိခိုက်မိ ဖြစ်ကြရမှာ။ အခုတော့ ယာမာဂူချီလို့ နာမည်ပေးထားတဲ့ ချိန်းဘလောက်
တွေသုံးပြီး ပြေးလမ်းပေါ် တင်လိုက်ကြတယ်။ ယာမာဂူချီဆိုတာ မြန်မာလို ဘာလဲတော့ ကျနော်မသိပါဘူး။ ချိန်းဘလောက်ချိတ်ဆွဲဖို့ အထိုင်တွေကို အပေါ့စားသတ္တုနဲ့ လုပ်ထားတာပါ။ လူတယောက်ထဲ ထမ်းသယ်နိုင်တယ် ။ချိန်းဘလောက်ကိုလည်း အထက်၊ အောက်တင် မဟုတ်ပဲ ဘေး၊ ဘယ်ညာ ရွေ့ လျားနိုင်အောင် လုပ်ထားတာမို့ အချိန်အား လူအားသက်သာတယ်။အဲသည် ယာမာဂူချီတွေကိုလည်း မီတာ၂ဝဝရှည်တဲ့ သံလမ်းအတွက် အနည်းဆုံး ၁၂ စုံ သုံးပါတယ်။သံလမ်းရဲ့ အစွန်းတဖက်စီမှာ ၆ မီတာစီ ချန်ထားပြီး ပထမဆုံံး နှစ်စုံကို ဟိုဖက်ထိပ် သည်ဖက်ထိပ်တွေမှာ ချထားပြီးရင် ကျန်တဲ့ ၁၀ စုံကို အလယ်တွေမှာ အကွာအဝေးတူ ချထားရတယ်။ လုပ်သားတွေကို အချက်ပေးလိုက်တဲ့အသံကို ဂရုတစိုက် နားထောင်ခိုင်းပြီး
ဟန်ချက်ညီညီနဲ့ ချိန်းဘလောက်ကြိုးတွေကို ဆွဲခိုင်းရတယ်။ နည်းပညာ အထောက်အပံ့ ပေးထားပေမဲ့ လူသားတွေဖြစ်ကြတဲ့ လုပ်သားတွေရဲ့ ပေါင်းစပ်မှု ပါလာခဲ့ပြီဆိုရင်တော့ တိုင်မင်ကိုက်မှ အလုပ်ဖြစ်တယ်။ အဲသည်အတွက်လည်း အတွေ့အကြုံရှိထားတဲ့ လုပ်သားအုပ်စုနဲ့မှ ခရီးရောက်ပါတယ်။ တခါတုန်းက အလုပ်ရှင်က လုပ်အားခငွေ အချိန်မှန်မပေးလို့ လုပ်သားတွေက အလုပ်မဆင်းဘဲ နေလိုက်ကြတယ်။ကျနော်တို့ကတော့ သတ်မှတ်ကာလမှာ ပြီးစီးရမဲ့ တာဝန်ရှိနေတော့ နားနေလို့ မရဘူး။ အလုပ်သမားအသစ်တွေနဲ့ လုပ်ကိုင်ရမယ်။
အတော်ကြီး ကသိကအောက် ဖြစ်တဲ့အပြင် လုပ်ငန်းခွင်ထဲမှာပါ ဒဏ်ရာရသူတွေ ရှိသွားခဲ့တယ်။ အဲတာနဲ့ အလုပ်ရှင်ကို အတွေ့အကြုံရှိတဲ့ လုပ်သားတွေရဲ့ တန်ဘိုးကို ပြောပြပြီး လုပ်အားခမြန်မြန်နဲ့မှန်မှန်ချေပေးလိုက်ဖို့ ပြောခဲ့ရဖူးပါတယ်။ နည်းပညာ အကူအညီဘယ်လောက်ပဲ ပေးပေး၊ လုပ်ငန်းခွင် အတွေ့ အကြုံဆိုတာ အရေးကြီးတဲ့အကြောင်း အလုပ်ရှင်တိုင်း သိထားသင့်တယ်လို့ ကျနော်တွေးမိပါတယ်။

ညနေအိမ်ပြန်ရောက်တော့ အလုပ်ထဲက ပြီးစီးမှုစာရင်းတွေ သတင်းပို့ပြီး ဂစ်တာလေးကို ကြိုးပြန်ညှိတယ်။ သီချင်းတွေ လျှောက်တီးဖို့ ပြင်ပြီးကာမှ သေသေချာချာ တီးချင်လာတယ်။ အဲတာနဲ့ သီချင်းစာသားလေးတွေကို နုတ်စ်ထဲမှာ လိုက်ဖြည့်တယ်။ အပြင်မှာ မိုးတွေကလည်းရွာ၊ အိမ်မှာကလည်း တယောက်တည်းဆိုတော့ ဂစ်တာနဲ့တီးလိုက် နုတ်စ်ထဲချရေးလိုက် ဘယ်သူ့မှလည်း အားနာစရာက မလိုဘူး။ နောက်တော့ ဂစ်တာလေးဘေးချပြီး ခြေထောက်နဲ့စည်းချက်လိုက်ရင်း သီချင်းစာသားတွေဖြည့်တယ်။ ဘောပင်လေးနဲ့စည်းချက်လိုက်ရင်း သီချင်းစာသားတွေ ဖြည့်တယ်။ သီချင်းနှစ်ပုဒ်အတွက် စာသားတွေ ဖြည့်ပြီးတဲ့အခါမှာ မိုးတွေက တအားသည်းလာပြီ။ အဲတာနဲ့ ကော်ဖီလေးထဖျော်၊ ဆေးပေါ့လိပ်လေးမီးညှိရင်း နုတ်စ်တွေကို ပြန်ဖတ်နေမိတယ်။ သီချင်းတွေ...သီချင်းတွေ။ စိတ်က ဂစ်တာတီးဖို့၊ သီချင်းစာသားဖြည့်ဖို့ထက် သီချင်းတွေကိုပိုလို့ စိတ်ဝင်စားလာတယ်။

​"အဥ္ဇလီမောင်မောင်၊ကိုနေဝင်း၊ဦးရဲလွင်...ဒီဆရာကြီးတွေဟာ ဒီသီချင်းတွေကို ဘယ်လိုများ ရေးသီခဲ့ပါလိမ့်"ဆိုတဲ့ အတွေးနယ်ကို ချဲ့နေမိတယ်။သီချင်းတပုဒ် ဖြစ်လာဖို့ရာ လွယ်ကူပါ့မလား။အထူးသဖြင့် အခုလောက်အထိ သမနိရှည်အောင် ဖြစ်တည်နေတဲ့ သီချင်းမျိုးတွေကို သူတို့ရင်ဘတ်က ဘယ်လိုများ ထုတ်ခဲ့ကြပါလိမ့်။ရင်ဘတ်က ထုတ်ခဲ့တာလား...ဒါမှမဟုတ် မထိန်းနိုင်မသိမ်းနိုင်၊မမျိုသိပ်နိုင်တော့ဘဲ အန်ကျခဲ့ကြတာများလား။ခင်မောင်တိုးသီချင်းတွေတွင် မဟုတ်ပဲ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေအကြောင်း စဉ်းစားမိပြီး ဆရာစိုင်းခမ်းလိတ်ကလည်း သီချင်းတွေကို ဘယ်လိုဖွဲ့သီခဲ့ပါလိမ့်ပေါ့။အတွေးတွေ များလာခဲ့ရတယ်။
နောက်တော့ ကျနော်နှစ်သက်တဲ့ ခိုင်ထူးသီချင်းတွေ၊ခင်ဝမ်းနဲ့ရာပြည့်သီချင်းတွေ။တံစက်မြိတ်က စီးကျနေတဲ့ မိုးရေတွေဟာ မှောင်လုလုအချိန်မှာ သိပ်ကိုလှနေတယ်။တေးရေးဆရာကြီးတွေဟာ သူတို့သီချင်းစာသားတွေကို မိုးရေတွေလိုပဲ တဝေါဝါ သွန်ချခဲ့ကြတာလား။မိုးကရော သူ့မိုးရေတွေကို အလွယ်တကူ သွန်ချခဲ့တာလား။ဆရာမြို့မညိမ်း၊ဆရာရွှေတိုင်ညွှန့်...သူတို့ကရော အလွယ်တကူနဲ့ သီချင်းတွေ ဖြစ်ခဲ့ကြတာလား။အလင်းပျောက်လုလု မိုးစိုညနေခင်းထဲ ငေးတွေးရင်း ဂစ်တာတီးဖို့ကို ကျနော် မေ့နေခဲ့ပါပြီ။

ကျနော်က ဂစ်တာကြိုးကို ဆော့ဖ်ဝဲနဲ့ ညှိယူတယ်။ သီချင်းနုတ်စ်ကို သူငယ်ချင်းဆီကတောင်းတယ်။ ကီးချိန်းတော့လည်း အလွယ်တကူရှိနေတဲ့ family chords ဇယားကွက်ကြီးနဲ့။ဆိုချင်တဲ့ သီချင်းတွေကျတော့ အနှစ်တွေ။ ပြန်စဉ်းစားရင်း ရှက်စရာလို့တောင် ထင်မိလာတယ်။ ကျနော့်တကိုယ်စာအတွေးပါ။ နေ့ခင်းပိုင်းက သူများတွေတီထွင်ထားတဲ့ ယာမာဂူချီ ချိန်းဘလောက်ကို သုံးပြီး သံလမ်းတွေ ရွေ့ခဲ့တယ်။ ပြေးလမ်းပေါ် တင်ခဲ့တယ်။ အဲသည် ပစ္စည်းကိရိယာတွေကို ဘယ်လိုကြံဆခဲ့မှန်း ကျနော်မသိခဲ့ပါဘူး။ တီထွင်ကြံဆသူဟာ အချိန်တခုတော့ ယူခဲ့ရပါလိမ့်မယ်။ အဲသည်ကိစ္စဟာ သူ့ခေါင်းထဲက ထွက်လာတဲ့အကြံတခု ဖြစ်မယ် ထင်ပါတယ်လို့ တွေးမိပါတယ်။ သီချင်းတွေနဲ့ချိန်းဘလောက်နဲ့ကို နှိုင်းယှဉ်ကြည့်လို့ ရမယ်မထင်ပါဘူးလေ။
သီချင်းရေးဆရာတွေဟာ သီချင်းတပုဒ် ရေးနေရင်း တဝက်တပျက်မှာ ရပ်တန့်သွားတာမျိုးလည်း ရှိကောင်းရှိလိမ့်မယ်ထင်ပါရဲ့။ ချိန်းဘလောက်ထွင်တဲ့ ဆရာကတော့ ယာမာဂူချီချိန်းဘလောက်အဖြစ်ကို မရောက်နိုင်လည်း တခုခုကို သယ်ယူရွေ့ပြောင်းနိုင်တဲ့ ချိန်းဘလောက်တခုအဖြစ် တီထွင်ခဲ့မှာပါပဲ။ သီချင်းတွေကျတော့ ဆုံးခန်းမတိုင်ရင် တေးရေးဆရာက ကျေနပ်မယ် မထင်ပါဘူး။

"အနုပညာပစ္စည်းဆိုတာ လစေ့မှ မွေးဖွားရတဲ့ သန္ဓေသားလိုပဲ...၊ လျှောမွေးဟာ သေတတ်သတဲ့။ မသေတောင်  အလုံးစုံတော့ မပြည့်စုံဘူး" ဆိုပြီး ကြားဖူးခဲ့တယ်။ ဆရာအဥ္ဇလီမောင်မောင်တို့အပါအဝင် ဆရာမြို့မညိမ်းတို့၊ ဆရာရွှေတိုင်ညွှန့်တို့နဲ့ အခြား အခြားသောတေးရေးဆရာတွေဟာ ခံစားချက်သန္ဓေသားကို ရင်မှာလွယ်ထားပြီး လစေ့မှ ဖွားခဲ့ကြတာလား။ သီချင်းကောင်းတပုဒ်ရဲ့ ဖြစ်တည်မှုဟာ အဲသလိုကြီးပဲလား။ ဒါမှမဟုတ် စာကောင်းတပုဒ် ကဗျာကောင်းတပုဒ် ပန်းချီကားတချပ် ပန်းပုရုပ်တရုပ်... အနုပညာပစ္စည်းတိုင်းဟာ အချိန်ယူခဲ့ရတာလား။ အချိန်က ဘယ်လောက်လိုသလဲ။ ဘယ်လောက်အထိ စောင့်ကြရတာလဲ။ အမေးတွေ ရှိပေမဲ့ အဖြေက အမျိုးမျိုး ဖြစ်မယ်ထင်ပါရဲ့။ မိုနေးဟာ သူရဲ့ နှင်းမြူနီပန်းချီကားကို လင်းပွင့်နေရောင်ခြည်နဲ့အတူ ဖျတ်ခနဲများ ရေးလို့ရခဲ့တာလား။ ဗန်ဂိုးဟာ အာလူးစားသူတွေကို နေ့စဉ်မြင်နေခဲ့ရတာလား။ အဲတာတွေမတိုင်ခင် သူတို့ရင်ဘတ်ထဲမှာ ဘာတွေသိုလှောင်သိမ်းစု ထားခဲ့သေးတာလဲ။ မိုနေးပဲ သိမှာပေါ့။ ဗန်ဂိုးပဲ သိမှာပေါ့။ မားဆိုးရဲ့ လက်ညှိုးလေး ကွေးသွားတာကရော  အနုပညာတခုများလား။ သူဟာ သူ့စိတ်သူ တော်လှန်ခဲ့တာလား။ အဲတာကိုလည်း မားဆိုးပဲ သိမှာပါ။ ဆရာနတ်နွယ်က မြန်မာပြည်မြောက်ပိုင်းမှာ အကြာကြီးနေပြီးမှ ဝတ္ထုရှည်ကြီးတပုဒ် ချရေးခဲ့တယ်။ မော်ဟန်၊ မော်လူး ကူးချည်သန်းချည် အကြိမ်ကြိမ်လုပ်ခဲ့တယ်။ ကာဒူမှာ သူ့ခြေရာတွေ ထပ်ခဲ့တယ်။ ဆရာနတ်နွယ်က သူ့ရင်ထဲမှာ အဖြစ်သနစ်တွေ ဇာတ်ကောင်တွေ ရေမြေသဘာဝနဲ့ယဉ်ကျေးမှုတွေ ကိုယ်စားဝင်ခံစားမှုတွေကို လွယ်ပိုးထားခဲ့ရလေသလား။ ဆရာနတ်နွယ်ပဲ သိပါလိမ့်မယ်။ အနုပညာပစ္စည်းဆိုတာကလည်း ခက်တော့ အခက်သား... တခါတလေတော့လည်း ဖျတ်ခနဲကောက်ရတယ်လို့ ထင်မိကြပေမဲ့ တကယ်တော့ ရင်ထဲက သန္ဓေသားကို ရေမြွှာပေါက်သွားစေတာမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

အနုပညာအသစ် ပီပီပြင်ပြင် ဖြစ်ဖို့အတွက် အဟောင်းတွေကို ပက်ပက်စက်စက် တော်လှန်ခဲ့ရသလား။ အဟောင်းတွေကို မွမ်းမံဖြည့်စွက်ခဲ့ကြရတာလား။အနုပညာနဲ့တော်လှန်ခြင်း။ တော်လှန်ခြင်းနဲ့အနုပညာ။ အဲသည်နေရာမှာ အဟောင်းကို တော်လှန်ဖို့အတွက် အသစ်က ပြီးပြည့်စုံတဲ့ ကိုယ်ခံအား ရှိနေလို့ လိုအပ်သလား။ ဒါမှမဟုတ် တော်လှန်နေရင်းနဲ့ပဲ လိုအပ်ချက်တွေ တခုပြီးတခု တစပြီးတစ တမျှင်ပြီးတမျှင် တမှုန်ပြီးတမှုန် ဖြည့်တင်းခဲ့ရလေသလား။ ဆရာကြီးတွေမှ သိနိုင်မယ့် မေးခွန်းကို ဆေးလိပ်မီးခိုးငွေ့တွေကြား လိုက်ရှာနေမိတယ်။

သေချာတာကတော့ ကြိုးမညှိတတ်သေးခင်မှာ ချစ်သူအိမ်ရှေ့ ဂစ်တာနဲ့ ရောက်ခဲ့ရတယ်။ ချစ်သူနဲ့မလွဲခဲ့ရဘူး။ ဂစ်တာပညာ မပြည့်စုံပေမဲ့ ချစ်သူကိုတော့ မဆုံးရှုံးခဲ့ဘူး။

တချိုသောအရာတွေအတွက် အလုံးစုံ ပြည့်ဝချိန်အထိ စောင့်နေလိုက်တဲ့အခါမှာ ဆုံးရှုံးရတာမျိုးတွေက ရှိလာတတ်သေးတာ။

ဂစ်တာကို ကျနော်ကောက်ကိုင်လိုက်တယ်။ ကြိုးကြာသံသီချင်းကို တီးလိုက်တယ်။ ဆိုလိုက်တယ်။ တကယ်တော့လည်း ၈၈ ခုနှစ်ရဲ့ ကျောင်းပိတ်ချိန်တွေကတည်းက ဂစ်တာနဲ့ကြိုးကြာသံ။ ကြိုးကြာသံနဲ့ဂစ်တာကို ရင်းနှီးခဲ့ရတာပါ။ နှစ်ပေါင် း၃၀ ကျော် ကာလအတွင်းမှာ ကျနော့်ရင်ထဲ တခုခုဟာ ရင့်မှည့်နေခဲ့ရောပေါ့။ Chorus အပိုဒ်ကို ရိုက်ချက်တွေနဲ့အတူ အားပါးတရ အော်ဆိုလိုက်တယ်။ ကျေနပ်ပါတယ်။ ကြိုးမညှိတတ်လည်း ကျေနပ်တယ်။

အပြင်မှာ မိုးတွေတိတ်သွားပြီ။ မိုးရွာဖို့အတွက် မိုးတိမ်တွေ သေချာစုဖွဲ့ခဲ့ရတာလား။ မိုးတိမ်တောင်တခု ဖြစ်လာဖို့တော့ သိပ်ပြီး မကြာလောက်ပါဘူး။ 
မိုးတွင်းကာလ ပီပီပြင်ပြင်ကြီးရောက်မှ မိုးတွေရွာမယ်ဆို မြက်ပင်လေးတွေ၊ သတ္တဝါပိစိညှက်လေးတွေ၊အိုကြီးအိုမ နာမကျန်းသူတွေအတွက် လွယ်မတဲ့လား။

ကျော်ကျော် မြရည်စမ်း
၂၁/၅/၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar