မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - တင်မင်းထက်၊ စိုးနောင်(မုံရွာ)
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၅၊ ၂၀၂၁
-
တပ်ပြေး
အဖေက စစ်သား
ငါ့ငယ်ဘဝရဲ့ သူရဲကောင်း
သူတိုက်ပွဲကျသွားတာက
တောထဲတောင်ထဲ မဟုတ်ဘဲ
ငါမရောက်ဖူးတဲ့ ရန်ကုန်တဲ့။
ငါဂုဏ်ယူတယ်
အဖေ့သေနတ်ကို ငါကိုင်မယ်
နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို
စောင့်သိရိုသေပါမည်။
၂၀၂၁ မှာ ငါတို့ဟာ
နိုင်ငံရန်တွေ ကုန်အောင်ရှင်းရမယ်တဲ့
ရန်ကုန်ကို ရောက်လာခဲ့တယ်။
ငါပစ်ရမယ့် ရန်သူတွေက
ငါ့ထက်ငယ်တဲ့ လူငယ်တွေ
ငါမြင်ဖူးတဲ့ ပင်လယ်ထက်
ကြီးမားကျယ်ပြန့်တဲ့ လူငယ်တွေ။
သူတို့အသက်ကိုပဲ
လက်နက်လို လွယ်ထားရတဲ့
ပြည်သူတွေ။
အထက်မှ ပေးအပ်သော
အမိန့်နဲ့တာဝန်ကို ကျေပွန်စွာ
ဘယ်လိုထမ်းဆောင်ရမလဲ
ဘယ်လိုအမိန့်မျိုးက တာဝန်လဲ။
ကလေးလေးတွေ လူကြီးကြီးတွေရဲ့
မျက်လုံးထဲမှာ
ငါဟာ ပလာတာသူခိုး
မအလတံဆိပ် မြေဩဇာ
သေနတ်ကြီးနဲ့ ကြောက်နေတဲ့ကောင်။
ငါမမြင်လိုက်ရတဲ့
အဖေ့ရဲ့ နောက်ဆုံးတိုက်ပွဲဟာ
အချည်းနှီးမျှသာ ဆိုတာ
သေချာတော့ ငါငိုတယ်။
ကျဆုံးလေပြီးသော
တပ်မတော်သားတို့၏ သစ္စာကို
စောင့်သိရိုသေဖို့
တပ်မတော် စစ်စစ်ရှိရမယ်။
တပ်ပြေး
ဟုတ်တယ် ငါတပ်ပြေးပါ
ပြည်သူ့ဘက်ကို ပြေးရမယ်လေ။
ငါလည်း ကြောက်တတ်တာပါပဲ
ညကလည်း မှောင်တယ်
ငါ့အသက်ကို လက်နက်လိုလွယ်ပြီး
ငါထွက်လာခဲ့တယ်။
ငါ့နိုင်ငံတော် ငါ့နိုင်ငံသားသာလျှင်
ငါ့တပ်မတော် စစ်စစ်ဖြစ်တယ်။
တင်မင်းထက်
၅၊၆၊၂၁
-
ပြန်မဝေနွေဦး
သစ်ရွက်က
သစ်ပင်ကိုသိမ်းလိုက်ပြီး
ဆူးတွေက
ပန်းတွေမှာစိုက်နေပြီ
သေနတ်တွေဟာ
အာဏာရှင်ရဲ့လိင်တံဖြစ်ပြီး
နိုင်ငံတော်ဟာ
အကြိမ်ကြိမ်မုဒိမ်းကျင့်ခံနေရ
တချို့က
အကြိမ်ကြိမ်ပြန်ရှင်မယ့်သူတွေ
ငါအားကျမိ
တချို့က
အကြိမ်ကြိမ်သေဆုံးမယ့်သူတွေ
ငါရွံရှာမိ
တချို့က
ရှင်ဖို့သေကြတယ်
တချို့က
သေဖို့ရှင်ကြတယ်
ငါ့မှာတော့မသေမရှင်နဲ့။ ။\
စိုးနောင်(မုံရွာ)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar