Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ- မိုးသစ်ဆက်ထွန်း

Art - Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၃၊ ၂၀၂၁

-

ရုန်းကန်သံ - ၄


နွေဦးတော်လှန်ရေးဟာ မိုးဖွဲဖွဲအောက်ရောက်ခဲ့ပါပေါ့
လမ်းမကြီးတွေပေါ်ကလူတွေ တောထဲတောင်ထဲစုမိကြပေါ့
( - ) မြစ်ကမ်းဘေးက
ပွင့်လွှာရောင်သွေးရောယှက်ထွေးနေတဲ့ လက်တွေက
လက်နတ်ကိုင်တော်လှန်ရေး အလံတော်အောက်
အာဏာရူးသုတ်သင်ရေးသာ အဓိကဖြစ်လို့...။

ငိုရတာလွယ်သလောက်
မျက်ရည်ကျရတာခက်တယ် အမေ
အနာတွေ ပြည့်နေကြပြီမို့
ဒီတစ်ခါ ရင်ကြားစေ့ရေးစကား
အမေ့ဆီက မကြားပါရစေနဲ့တော့နော်...။

စစ်သင်တန်းက နည်းနည်းကြမ်းတယ်
ပင်ပန်းတဲ့အသံ မကြားရဘူး
နေရတဲ့နေရာ ကျောတစ်ခင်းစာဝါးကြမ်းခင်း
မာခြင်းပျော့ခြင်း မပြောကြဘူး
‌စားရတဲ့ထမင်းက နည်းနည်းညံ့တယ်
ညဉ်းတွားတဲ့အသံ မကြားရဘူး
ဝေစုဟင်းက
တစ်ခါတစ်ခါ ကုလားပဲကြာဇံချက်၅ဇွန်း
တစ်ခါတစ်ခါ ကြက်ဥ ၁ လုံး
တစ်ခါတစ်ခါ အာလူးသုံးဖက်
တစ်ချို့ရက်တွေ ရွှေဖရုံသီးနဲ့ငါးခြောက်ချက်တယ်
‌ဘာလာလာ လွေး
ဝမ်းထဲရောက်ရင် ထွေးသွားမှာပဲလေ...။

အားလပ်ချိန်တွေ ဂစ်တာဝိုင်းတော့
ဆရာကိုနေဝင်းရဲ့ ခွန်အားဖြည့်မိငယ်
အချို့တွေနေနိုင်လွန်းတယ်
ဆရာနိုင်မြန်မာရဲ့ ကမ္ဘာမကြေဘူး
တေးရေးမသိတဲ့ သီချင်းတစ်ပုဒ်နဲ့
အဆုံးသတ်ကြလေ့ရှိတယ်
"တစ်ယောက်တည်း ခံစားနေရမယ်
အမေ့သားတွေသမီးတွေလက်တွေပြ"တဲ့...။

အဖြူရောင်ပန်းများက ရဲရဲနီစွေးပွင့်ဝေနေကြပေါ့
မွှေးကြူပန်ဆင်ရန်မဟုတ်သောပန်များ
တော်လှန်ပန်းများ
တောက်ပသောနေ့သစ်ဆီ သွားရာလမ်းပေါ်
သူတို့၏သွေးများဖြင့် စေးကပ်စေမယ့်ပန်းများပေါ့...။

မိုးသစ်ဆက်ထွန်း
၁ – ၂. ၆. .၂၀၂၁
(တော်လှန်ရေးနယ်မြေတနေရာက ရေးသားစပ်ဆိုသည့်ကဗျာ)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar