Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၂ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၂ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၂၊ ၂၀၂၁

ပဋိပက္ခတွေကို ထိန်းကြောင်းနိုင်ပြီလား မေးခွန်း

စစ်အာဏာသိမ်းပြီးနောက် ရက်သီတင်းပတ် အနည်းငယ် အကြာကစလို့ နေ့စဥ် သတင်းတွေက သတ်ဖြတ်ခံရတဲ့ သတင်းတွေချည်းဖြစ်ပါတယ်။ ၄ လကျော်လာတဲ့အခါ သတ်ဖြတ်မှုတွေက လျော့ကျသွားဖို့ မရှိတဲ့အပြင် လူသေတယ်ဆိုတာ မထူးဆန်းဘူးလို့ ထင်လာကြတယ်၊ အရေအတွက်တွေ အပေါ်မှာသာ စိတ်လှုပ်ရှားကြတော့တယ်၊ သို့မဟုတ် ကိုယ့်နဲ့နီးစပ်သူ ကိုယ်နဲ့ တိုက်ရိုက်သိတဲ့ ရင်းနှီးသူ အသက်ဆုံးရှုံးတာမျိုးမှာမှသာ အသက်ရှူခဏရပ်သလို စိတ်က ခံစားနိုင်ပြီး ကျန်တဲ့နာရေးတွေကို ထုံများ နေကြပြီလားလို့ တွေးမိပါတယ်။

အကြမ်းမဖက်တဲ့ ဆန္ဒပြမှု၊ ငြိမ်းချမ်းစွာစုဝေး လှုပ်ရှားမှုကနေ ၊ ရက်စက်တဲ့ ဖြိုခွဲမှု ၊ ပစ်သတ်တာတွေ၊ ပစ္စည်းတွေ လုယူတာတွေ၊ ဖျက်ဆီးတာတွေဆီ ပြောင်းလဲသွားခဲ့ရာက နာကျည်းမှု ၊ မခံမရပ်နိုင်မှုကနေ တုံ့ပြန်ခုခံ တိုက်ခိုက်မှုတွေဆီ ပြောင်းလဲလာတာ ဖြစ်ပါတယ်။ ဖိနှိပ်မှုကြောင့် ပုန်ကန်မှု ထကြွမှု ဖြစ်လာတာ သဘာဝ တရားဖြစ်ပါတယ်၊ သို့ပေမယ့် နိင်ငံရေး ရည်ရွယ်ချက် နိုင်ငံရေး လမ်းကြောင်းပေါ်မှာ စုစည်းပြီး ရပ်တည်လုပ်ဆောင်နိုင်ဖို့လည်း အရေးကြီးတယ်လို့ မြင်ပါတယ်။ အဲလို မဟုတ်ပဲ လက်စားချေမှု၊ နီးတဲ့သူကို သွေးကြွေးဆပ်မှုလို စနစ်ကို တိုက်တာထက် လူအချင်းချင်းခွဲခြားသတ်မှတ် ခြေမှုန်းကြတာမျိုး သတ်ဖြတ်ကြတာမျိုးနဲ့ နိုင်ငံရေး ရည်ရွယ်ချက် လမ်းလွဲသွားမှာ နှောင့်နှေးသွားမှာ၊ ကျဆုံး နိုင်ငံ ဖြစ်သွားမယ့် အလားအလာမျိုး ဦးမတည်စေဖို့ ဦးဆောင်သူတွေ လမ်းကြောင်း တည့်ပေးဖို့ တည့်ပေးနုိင်ဖို့ လိုအပ်ပါတယ်။

အရပ်သားအချင်းချင်း စီဒီအမ် မလုပ်သူ ဆိုပြီး သတ်ဖြတ်တာမျိုး မဖြစ်စေဖို့ လက်နက်မကိုင်တဲ့သူ (ရပ်ကွက်နေ လူထု၏ အသက်အန္တာရယ်ကို မချိမ်းခြောက်တဲ့သူ) စစ်ကောင်စီ အဖွဲ့အစည်းရဲ့ အရေးပါတဲ့ သူလည်းမဟုတ်တဲ့ ရပ်ကွက်ထဲကလို အောက်ဆုံးက နယ်ရုပ်တွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်တာမျိုးတွေဟာ သုံးသပ်သင့် ဝိုင်းဝန်း ထိန်းသိမ်းပြောဆိုသင့်ကြတဲ့ အကြောင်းကိစ္စတွေလို့ ထင်ပါတယ်။

ဒီနေ့တနေ့တာ အဖြစ်အပျက်တွေ လို့ပြောရင်တော့ ဒီနေ့လည်း ရန်ကုန်လိုမြို့မှာ ပေါက်ကွဲမှု ပစ်ခတ်မှု တနေရာရာမှာဖြစ်ခဲ့သလိုပဲ တခြားသော မြို့တွေမှာလည်း ပစ်ခတ်မှု ပေါက်ကွဲမှုတွေ ရှိခဲ့တာ သတင်းတွေထဲ ဖတ်ရှုရပါတယ်။ စာသင်ကျောင်းတွေ အနီးအနားမှာ ရုံးအချို့အနီးအနားမှာ ဗုံးကွဲမှုတွေ ရှိခဲ့တဲ့ သတင်းတွေ အခြားနေ့တွေလိုပဲ ဒီနေ့လည်း သတင်းတွေထဲ ဖတ်ရ ကြားရပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ မြို့အတော်များများမှာ မနေ့က စဖွင့်တဲ့ ကျောင်းတွေမှာ ကျောင်းသားတွေ အနည်းငယ်သာရှိတဲ့ သတင်းဓါတ်ပုံလိုမျိုးတွေ သတင်းတွေ တက်လာနေပါတယ်။

ပဋိပက္ခငြိမ်းပြီးစ ရခိုင်ပြည်နယ်မှာတော့ ကျောင်းတက်သူ အတော်များများ ရှိတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အနေနဲ့ အရင်နှစ်တွေတုန်းက ကိုဗစ် ၊ မတိုင်ခင် ပြည်တွင်းစစ်ဒဏ် ခါးစည်းခံထားရလို့ အတိတ်က ဒဏ်ရာတွေ အတွက် အနားယူ အားဖြည့်ဖို့ လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။ ရခိုင်ပြည်နယ်တဝှမ်းလုံးနီးပါးမှာ လက်ရှိနွေဦးတော်လှန်ရေး၏ ရိုက်ခတ်မှု မသိသာသော်လည်း စစ်ရေးအရ ပြင်ဆင်မှုတွေ အေးစက်နေမှုတွေကိုတော့ ခံစားရတယ်လို့ ဒေသခံအချို့က မှတ်ချက်ပေးပါတယ်။

စစ်ရေးနဲ့ စစ်ကောင်စီကို အပြီးသတ် အနိုင်ယူမယ်လို့ အများသူငှာ၏ ယေဘူယျ ဆန္ဒ၊ မျော်လင့်ချက်ဖြစ်ပါတယ်။ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ရှမ်း၊ ကယား၊ ကရင်ပြည်နယ်တွေမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေပါတယ်။ နယ်မြို့ငယ် ကျေးရွာတွေမှာ စစ်ကောင်စီလက်နက်ကိုင်တပ်များ၏ လက်နက်အင်အားသုံး အနိုင်ကျင့် သတ်ဖြတ်ခြင်း ခံနေရပါတယ်။ စစ်ဘေးရှောင်တွေလည်း ရှိနေပါတယ်။ မြို့ကြီးတွေ မြို့လတ်တွေမှာတော့ စစ်၏ ရိုက်ခတ်မှုကို တိုက်ရိုက်မခံစားရသေးပါဘူး။ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မြို့နေ လူတန်းစားနဲ့ စစ်ဘေးဒဏ်မကြုံခဲ့ဖူးသူတွေက စစ်ကြီးဟာ သူတို့အိမ်အပြင်မှာ ဖြစ်ပွားပြီး သူတို့အိမ်ထဲအထိ ဝင်ရောက်လာလိမ့်မယ်လို့ ထင်မထားကြပါ။ ပြောက်ကျားစစ်မျက်နှာက သတ်ဖြတ်မှုတွေ ထိခိုက်ဒဏ်ရာရမှုတွေကိုလည်း အခန့်မသင့်တဲ့ ဖိတ်စင်မှုဂယက်အဖြစ် သဘောထားကြပါတယ်။ PDF အဖွဲ့အသီးသီးမှာ လက်နက်တပ်ဆင်မှုနဲ့ အဆင်သင့်ဖြစ်မှုဟာ တဖြေးဖြေးနဲဲ့ ရုပ်လုံးပေါ်နေပြီး အဆင်သင့်ဖြစ်တဲ့နေ့မှာ စစ်ကောင်စီနဲ့ အုပ်စုတွေ လက်နက်ကိုင်တွေကို ပြည်သူလူထုအင်အား၊ PDF အင်အားနဲ့ ချောင်ပိတ် ဝိုင်းယံပိတ်ဆို့ တချက်တည်း တပြိုင်နက်တည်း ချေမှုန်းပစ်ထည့်လိုက်မယ်ဆိုတဲ့ စိတ်ကူးမျိုးနဲ့ စောင့်ဆိုင်းနေကြတဲ့ သဘောရှိပါတယ်။ အဲသည်ရဲ့ အာဏာ၊ အုပ်ချုပ်မှု နဲ့ တရားစီရင်ရေး လေဟာနယ်ကို NUG CRPH PDF NUCC အဆင့်ဆင့်တွေနဲ့ အစားထိုး ထူထောင်လိုက်မယ်လို့ ယူဆထားပါတယ်။

အဲသည်လိုမျိုး လူထုက စိတ်ကူးထားတယ် မျော်လင့်ထားတယ်ဆိုရင် တော်လှန်ရေးကို ဦးဆောင်နေသူများ အစုအဖွဲ့များကလည်း သည်မျော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လောက် ပြင်ဆင်ဆောင်ရွက်နေပြီလဲဆိုတဲ့ မေးခွန်းတွေအတွက် အဖြေတွေ ရှိရလိမ့်မယ် ထင်ပါတယ်။ အနည်းဆုံး လက်ရှိမှာ လူထုကြားထဲဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများ ဖောက်ခွဲမှုများ လုပ်ကြံမှုများနဲ့ ပတ်သက်ပြီး တော်လှန်ရေးဦးဆောင်နေသူ အစုအဖွဲ့များ၏ ထိန်းကြောင်းနိုင်မှု သဘောထား ရှင်းလင်းပြမှု လူထုကို စည်းရုံးပညာပေးနိုင်မှု ဘယ်လောက်ဆောင်ရွက်နေသလဲဆိုတာနဲ့ တိုင်းတာ အကဲခတ်ကြရမှာ ဖြစ်ပါတယ်။

ရွာလုံးကျွတ် ကျောင်််းမတက် ကျောင်းမအပ်တဲ့၊ ဒီပဲယင်း မရကန်ကျေးရွာ (ဓာတ်ပုံ ဖေ့စ်ဘွတ်က)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar