Breaking News

လင်းလက်နွေဦး - ဆန်တပြည် ဆယ်ပြား

ဆန်တပြည် ဆယ်ပြား
လင်းလက်နွေဦး
(မိုးမခ) ဇွန် ၃၊ ၂၀၂၁

 မနေ့ညက ရွာထဲ စစ်ခွေးတသိုက် ဝင်ကိုက်ကြတယ်။ မွှေမယ်ကြားနေတာ၊ သုံးလေးရက်ကတည်းက ကြိုတင်သိနေလေတော့၊ တရွာပြောင်းရပါလေရော။ အရင်ကတော့ ဖင်ပူအောင် မနေဖူးတဲ့ ဆွေမျိုးရွာလေး၊ ခုတော့ ကမ်းကပ်သောင်တင်ပေါ့။ အရင်က မျက်နှာချင်းဆိုင် စကားလက်စုံ မကျဖူးတဲ့ ဆွေမျိုးအရင်းအခြာတွေ၊ ခုတော့ ရှေးဟောင်းနှောင်းဖြစ်တွေ တနွယ်ငင်မိပေါ့။ သေနတ်သံ၊ ဗုံးသံ မကြားရ၊ ကိုးယားကားယားတွေ မမြင်ရ၊ လှုပ် လှုပ်ရွရွ မဖြစ်ရလေတော့ တမျိုးနေသာတယ်ပေါ့။ ဒါပေမယ့် ပူတာတော့ အတော်ပူတာပါပဲ၊ ကျွန်တော်တို့ရွာ လို နားမပူပေမယ့်၊ မိုးမရွာလေတော့ တအားပူ တအားအိုက်ပါပဲ။ ဘကြီး ဘုန်းကြီး မိန့်တာတောင် သတိရမိသေး၊ ‘ထောင်ထဲက ဒီထပ်ပိုဆိုးမယ်’တဲ့။ ဟုတ်ပါ့နော်၊ နွေပူ နေပူ စိတ်အပူတွေနဲ့ နိုင်ကျဉ်းသမားတွေ ဘယ် လောက်ဆင်းရဲလိမ့်မလဲ။ ကိုယ်ချင်းစာ နာမိပါတယ်။ 

 ရွာလေးက အိမ်ခြေ တစ်ရာကျော်။ အိမ်ကလေးတွေကို ကြည့်လိုက်တော့ တထပ်အိမ်လေးတွေ၊ ပုပု ဝပ်ဝပ်လေးတွေ (ဟို မအလတောင် ပြေးမြင်မိတယ်)။ တည်းအိမ်က ထရံကာ သွပ်မိုး။ တခြားအိမ်လေးတွေ ကလည်း အိမ်ကြီးရခိုင်ရှားပါတယ်။ ဆောက်လက်စ တစ်ထပ်တိုက်ကလေးတွေ၊ နံရံကပ်လေးတွေလည်း ရှိတယ်။ မြေလေးဘာလေးရောင်းရတဲ့သူတွေကတော့ အပြီးသပ်နိုင်တယ်ပေါ့။ တစ်ဦးစ နှစ်ဦးစပါပဲ။ ကျန်တဲ့သူတွေက တလနည်းနည်း၊ တနှစ်နည်းနည်း ‘ရောမပြည်’ကြီး ဆောက်နေရတယ်။ နှမ်းပေါ်ချိန် ပဲပေါ်ချိန် ငွေပေါ်ချိန်လေး လုပ်ရကိုင်ရတာကိုး။ ‘အိမ်နဲ့သမီး ဆင်လို့မပြီး’ပေါ့လေ။ 

 ဟိုး… လွန်ခဲ့တဲ့ နှစ်ပတ်သုံးပတ်လောက်က မိုးလေး တဖြောက်နှစ်ဖြောက်ကျတော့၊ ထွန်ရေးချပြီး နှမ်းပတ်ထားကြတယ်တဲ့။ မိုးမလိုက်တော့ မျိုးစေ့မျိုးဆံ ကုန်ပါလေရော။ တောင်သူ့ရွာဆိုတော့ မေးကြည့် မြန်းကြည့်တော့၊ မိုးကောင်းသောက်တွေ ငုတ်တုတ်မေ့နေကြရဲ့။ နွားကျွေးတဲ့အလုပ်ပဲ ရှိတယ်တဲ့။ ရိတ်စရာ မြက် မရှိ၊ ကျောင်းစရာ စားကျက်မရှိ။ တစ်ရွာလုံး စိမ်းစိုနေတဲ့ နေရာလေးရှိတယ်၊ ငှက်ပျော၊ သရက်၊ သံပုရာ၊ ငရုတ်… ဖွယ်ဖွယ်ရာရာလေးနဲ့ ခြံလေးတစ်ခြံ။ လိုက်ပြတဲ့ ယောက္ဖကို မေးကြည့်တယ်၊ ခြံမစိုက်ဘူးလားလို့။ ယာခင်းတွေ လေးငါးဧက စိုက်နေမယ့်အစား၊ ခြံတည်ထားရင် တမိသားစု စားလောက်ပါတယ်။ မြို့နဲ့နီးရင်တော့ ပိုဟန်သေး၊ အပန်းဖြေစရာ နေ့ပြတ် ခြံငှားစားလို့ ရတယ်လေ။ သူက ပြန်ပြောတယ်၊ ရေတွင်းတူးဖို့၊ မီးသွယ်ဖို့ မလွယ်ဘူးတဲ့။ ဟုတ်ပါ့၊ ခေတ်ကိုက အစစအရာရာ ခက်နေတာကိုး။ ခေတ်ကို ‘ခက်’ လို့ မပီတပီ ခေါ်လိုက်ချင်တယ်။

 (၈၈)ကတည်းက တိုးတက်တယ်ဆိုတာ ‘ဘက်စ်ကားတိုးစီးတာပါ’ဆိုရာကနေ၊ အခု (၂၀၂၁)ခုနှစ်၊ ဘာများ တိုးတက်ခဲ့သလဲ။ ဘာများ ချောင်လည်ခဲ့သလဲ၊ တွေးကြည့်မိတယ်။ အဖေတို့များ ဘာလေး ပြောလိုက် ပြောလိုက်၊ ရွှေဈေးနဲ့ချည်း ချိန်ဆနေတော့တာပဲ။ ကျောင်းဆရာ စဝင်တုန်းက၊ လစာက နှစ်ရာကျော် ပေါ့ကွာ၊ အဲတုန်းက ရွှေတမက်သား ရတယ်တဲ့။ နေပါဦး၊ ခုက ရွှေက ဘယ်ဈေးပါလိမ့်။ ထားပါတော့၊ ဆယ့်ငါးသိန်းပဲ ထားပါတော့၊ အဖေ့လစာက လေးသိန်းလောက် ရခဲ့တယ်နော်။ အဖေတို့များ စိတ်ဓာတ်ပဲ၊ အဲကတည်းက ရွှေစုထားရင် ကျွန်တော်တို့တတွေ ‘ဘိုးသန်းရွှေ မြေး’ရဲ့ သူငယ်ချင်းရဲ့ ယောက္ဖလောက်တော့ နေနိုင်ပြီပေါ့။ ခုတော့ ထရံ ကာ သွပ်မိုးလေးပဲ၊ အဲလေ အင်္ဂတေဘုတ်ပြားကာ သွပ်မိုးလေးနဲ့ပဲ။ 

 အိမ်ရှင် အမေကြီးက ကျွန်တော် ရောက်သွားတော့ ဝမ်းသာအဲလဲကြီး၊ ကျွန်တော့်ဖြင့် မျက်ရည်ဝဲမိတယ်။ ‘လာ… လာ… ငါ့မြေး’ ဆိုပြီး လက်ဆွဲခေါ်သွားတယ်။ ဆန်အိတ်လေး တစ်ပိုင်းခွဲ၊ ဆီလေး ငါးပိဿာလောက်ကို ပြတာပေါ့။ အားမနာနဲ့ ပြောပေမယ့် အားနာမိတယ်။ ကိုယ့်က အခု ငတ်နေပေမယ့်၊ အရင်တုန်းက ဆန်အိတ် လေးငါးပိုင်း ထပ်ထားတာ။ ဆီဆိုတာကလည်း နှမ်းဆီ ပဲဆီ သုံးလေးပုံး။ အမေကြီးက သူ့သား လူပျိုကြီးနဲ့ နေ တာ၊ သားဖြစ်သူက အလုပ်လက်မဲ့။ ယာခင်းတွေက သီးစားချထားတာလေ။ မိုးမှ မကျတာ၊ အခင်းတွေက ကွင်းခေါင်ခေါင်တွေပါပဲ။ ခုန ပြောခဲ့သလို၊ သူ့အိမ်က ထရံကာ သွပ်မိုး၊ ရှေ့အဖီလေးပါလို့ အပူသက်သာတာ၊ ထန်း လက်လေး မိုးထားတယ်။ 

 ရွာက လူတွေများ သိပ်ချစ်ဖို့ကောင်းတယ်၊ ဧည့်သည်လို့ ဆိုတာနဲ့ သဒ္ဓါစိတ်တွေ ယိုဖိတ်လာဟန် တူပါရဲ့။ မတူပေမယ့် တုရဦးမယ်၊ ဘုရားလောင်း (ဟိုကောင် မဟုတ်ဘူးနော်) ဆဒ္ဒန်ဆင်မင်းက မြှားမှန်တော့ ‘လေးပစ်သူ က ဘုရားကျွန်တော်’ သောနုတ္ထိုရ်က ဆင်စွယ်အစုံပေါ် သင်္ကန်းတော် တင်ပေးလိုက်တယ်။ အင်း… အရင် ကတည်းက သင်္ကန်းနဲ့လုပ်စားတဲ့ မုဆိုးတွေ ရှိခဲ့ပြီကိုး။ ဘုရားလောင်းတော်က ဖြည့်ဆည်းခဲ့တဲ့ ပါရီမီတော် မြတ် တို့ကို သုံးသပ်ဆင်ခြင်ပြီး ‘သဒ္ဓါယိုဖိတ်’ စိတ်တော်ကြည်လင်လာတာပေါ့။ အဲလိုပဲ၊ အညာသူအညာသား ကျွန်တော့်ဆွေမျိုးများကလည်း ဟိုအိမ်က ခေါ်ကျွေး ဒီအိမ်က ခေါ်ကျွေးနဲ့ စစ်ဘေးရှောင်တွေကိုတောင် သတိရ မိပါတယ်။ လက်တို့ပွဲ ရောက်နေသူ ကျွန်တော်ဟာ စိတ်ပင်ပန်းလူပင်ပန်းသမျှ အပန်းဖြေနေရပါပြီ။

 ဇာတိရွာမှာတုန်းကဆိုရင် နိစ္စဓူဝ ကုန်ဈေးနှုန်းတွေပဲ ကြားနေရတယ်။ ‘ကိုယ်မချိ အမိသော်လည်း သားတော်ခဲ’ပေါ့လေ၊ ကုန်မာပစ္စည်းတွေ၊ ဘိလပ်မြေတို့၊ သံတို့၊ အုတ်တို့က ခုန်တက်သွားတယ်တဲ့။ ဟောလိုး သံချောင်းတစ်ချောင်းကို အရင်ဈေးထက် သုံးလေးထောင် တက်သွားပါတယ်။ ဘိလပ်မြေတွေ အရင်က ငါးထောင် ကျော်နော်၊ အခု ခြောက်ထောင် ခြောက်ထောင့်ငါးရာ။ ခုနေ အိမ်ဆောက်တဲ့သူဟာ အရင်တုန်းက ဆောက်သူတွေ ထက် နှစ်ဆလောက်ပိုကုန်မယ်လို့ပြောကြတယ်။ ပန်းရံလက်သမားဈေးကလည်းကြည့်ဦး၊ နောက်လိုက် အလုပ် သမားတောင် တစ်နေ့ (၈)ထောင်ပေးရတယ်။ အဆာပြေ ထမင်းကြမ်း၊ ထမင်းကြီး၊ ရေနွေးမြည်း၊ ညနေ ပုလင်းထောင်ပေးရတာတွေ မပါသေးဘူး။ ဒီတော့ ဆောက်လက်စ အိုးအိမ်တွေ တိုးလို့တန်းလန်းပေါ့ဗျာ။ နိုင်ငံခြားက သွင်းရတဲ့ ကုန်တွေ အကုန်ဈေးတက်တယ်။

ကြားမိလား၊ ခရမ်းချဉ်သီးတစ်ပိဿာ ထောင့်ခြောက်ရာဗျ။ ဆန် ဆီ ဆား ငရုတ်ကြက်သွန် မီးဖိုချောင်သုံး စား သုံးကုန်တွေဟာ မတက်လို့မဖြစ်တော့ဘူးလို့များတွေးနေကြသလားပဲ၊ အကုန်တက်။ ကုန်သွယ်ရေးလမ်း ကြောင်းတွေ ပိတ်ဆို့ထားလို့၊ ဒေသတွင်းအခြေအနေမငြိမ်သက်လို့၊ တရုတ်ကလက်မခံလို့ မပို့ရတဲ့ စားသောက် ကုန်တွေများ ဈေးကျမလား အောက်မေ့တယ်၊ သူလည်း အီးယောင်ဝါး လိုက်တက်တာပဲ။ တရုတ်ဆိုတဲ့မျိုးက အမျိုးမျိုးညစ်ပြီး၊ ကီလိုမပြည့်လို့ ဈေးနှိမ်၊ အနာအဆာပြပြီး ဈေးချ၊ အချိန်မီမရောက်လို့ ဈေးမပေး၊ ဒီလိုမျိုး ခံရပေမယ့် ကိုယ့်ရွှေမြန်မာတွေက အချင်းချင်းက သိပ်တွယ်ချင်တာ။ ဘွိုင်ကောက် အသံကြားတော့ တရုတ်မိတ်ကို ထိုင်းမိတ်လုပ်ပြီး ရောင်းကြသေးတာ။ တရုတ်နဲ့ ကင်းနိုင်မယ် မထင်ဘူးတဲ့၊ ကျိကျိတက်သူဌေးကြီးက ညည်းတယ်။

ဒေါက်တာ ဇော်ဝေစိုးက ရိက္ခာစုဆောင်းထားဖို့ ဆော်ဩတယ်။ ဒီတော့ ကျွန်တော်က နာတာရှည်ရောဂါ ရှိနေတော့၊ ဆေးဝါးစုဆောင်းထားရတယ်။ ထမင်း တစ်နပ်နှစ်နပ် အငတ်ခံလို့ရပေမယ့် ဆေးတစ်ရက်ပြတ်လို့ မရဘူးလေ။ မှာနေကျ ဆေးဆိုင်ကို မှာလိုက်တယ်၊ ပစ္စည်းပြတ်နေတယ်။ နောက်၊ ကားဆရာကို မှာလိုက်တယ်၊ ကုမ္ပဏီနာမည်မတူလည်း ရတယ်၊ ဆေးတူ မီလီဂရမ်တူရင် ရပြီလို့။ သောက်နေကျ မရလို့၊ ရရာဝယ်လိုက်တာ အရင်ဈေးထက် လေးငါးရာပိုသွားတယ်၊ တစ်လစာဆိုတော့ နှစ်သောင်းလောက် ကွာသွားတယ်။ (တစ်လစာပဲ ဝယ်နိုင်တယ်နော်၊ ဆရာကြီး)။ ပြောလိုက်တယ်၊ ဆေးတိုင်း ‘နှစ်ဆယ့်ငါးရာခိုင်နှုန်း’လောက် တက်သွားတယ်တဲ့။ ကြာရင် ဝံသာနုစိတ်ဓာတ် နိုးဆွပြီး၊ ဆနွင်းတို့ ပျားရည်တို့ ရေဝါးရွက်တို့ ဆင်နှာမောင်းရွက်တို့ ခူးခပ်သောက် ရမယ် ထင်ပါ့။

ကျားကြီး ခြေရာကြီးတာပေါ့။ ဇာတိရွာမှာ စည်ပင်ဈေးရှိတော့ ဘာလိုလို အကုန်ရ၊ ပိုက်ဆံရှိဖို့ပဲ လိုတယ်။ သို့ပေမယ့် အခု အမေကြီးတို့ရွာမှာတော့ ပိုက်ဆံရှိလည်း ဈေးသည်မျှော်ရတာပါပဲ။ ဆိုင်ကယ်ပေါ် ခြင်းတောင်း နှစ်ဘက်ချ၊ အနောက်ထိုင်ခုံပေါ်လည်း ခြင်းတစ်လုံး တင်ထားရဲ့၊ ရှေ့လက်ကိုင်မှာ အော်လံလေး တပ်ထားတယ်။ အရင်ကလို ပါးစပ်ညောင်းအောင် မအော်ရတော့ဘူး၊ အော်လံလေး ဖွင့်ထားရုံပဲ၊ ‘ဟောဒီမှာ ကန်စွန်းရွက် ချဉ် ပေါင်ရွက် နံနံပင်၊ငရုတ်သီးစိမ်း…’။ ကံကောင်းရင် ဆမူစာ၊ အီကြာကွေး စားရနိုင်တယ်။ ငါးဆယ် တစ်ရာ နှစ်ရာနဲ့ ဒီရောက်မှ ကြားရတယ်။ အောင်မယ်၊ ရေခဲမုန့်သည် လာတယ်ဗျ၊ ဝေဖာကတော့လေးနဲ့ တစ်ခုတစ်ရာ။

မနေ့က ဘေးအိမ်က ‘ငရုတ်သီးစိမ်း လေးငါးတောင့်လောက်’တဲ့။ နေမကောင်းတဲ့ ဘကြီးအိမ်ကလည်း ‘မဲခြောက်လေးတစ်တို’လာတောင်းတယ်။ ကျွန်တော့်ကို အစ်မတစ်ယောက်အိမ်က ‘ငါးပိတစ်ကော်’တောင်းခိုင်း တော့ ကြောင်အမ်းအမ်းဖြစ်နေတာပေါ့။ အမေကြီးက ကျွန်တော့်ကို မျက်မှောင်ကြုတ်ကြည့်နေတာ၊ ‘အမေတို့ဆီ ဒီလိုပဲ တောင်းကြ ငှားကြ ချေးကြ၊ ရှက်စရာမဟုတ်ဘူး’လို့ ပြောလာတယ်။ စပယ်ပန်းပွင့်တွေနဲ့ အဒေါ်ကြီး တစ်ယောက်က ဘုရားပန်းအိုးထိုးဖို့ လာပေးနေတယ်။ ကျွန်တော့်ကိုတွေ့တော့ ဘာတွေ နှိုက်နေတာလဲ မေးလာ တယ်။ ‘ပျင်း ပျင်းရှိလို့ စာရေးနေတာ’လို့။ 

ကုန်ဈေးနှုန်းပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး ကျန်းမာရေး လူမှုရေးပဲဖြစ်ဖြစ် မြို့ကြီးပြကြီးတွေမှာ ဂယက်ပိုထတယ် ထင်တယ်။ မင်္ဂလာဆောင်ရင် တောပြန်ဆောင်၊ ဗုံးမပေါက်ဘူးလေ။ ဘာကျွေးကျွေး အားပါးတရ ဝင်စားကြမှာပဲ။ အဲ၊ အရှုံးအမြတ်တော့ တွက်ရမယ် မထင်ဘူး၊ အိမ်ခွဲ အစ်မက မင်္ဂလာဆောင်လိုက်သွားတာ၊ လင်မယား နှစ်ယောက် စားတာကို သုံးထောင်ပဲ လက်ဖွဲ့ခဲ့တယ်လေ။ ရေခဲမုန့် ကိတ်မုန့်လောက်တော့ လာမကျွေးနဲ့၊ လေးငါးပွဲလောက် စားကြလိမ့်မယ်။ 

မြို့ပေါ် ကြီးပွားနေတဲ့ ရွာသား အစ်ကိုကြီးတစ်ယောက်က အသက်ခြောက်ဆယ်ကျော် ဘိုးဘွားတွေကို လာကန်တော့တယ်။ တစ်ယောက် ဆန်လေးပြည်နှုန်းတဲ့။ ဘေးအိမ်က အဒေါ်ကြီးက သူ့ဖို့တာရော အမေကြီး အတွက်ရော ခေါင်းပေါ်ရွက်သယ်လာတယ်။ ကျွန်တော်က ပြေးကူရတာပေါ့။ အဒေါ်ကြီးက ‘ဟဲ့ ကောင်မ၊ ညည်းဖို့ ငါ့ဖို့ ရှစ်ပြည်အေ့၊ မရွက်တာကြာတော့ ခေါင်းကျိန်းပေါ့’တဲ့။ အမေကြီးက ပြုံးပြုံးကြီး ရေခပ်တိုက်တယ်၊ ပြီးတော့ ‘ဆန်တပြည်ဆယ်ပြား စိန်လွင်သေမှ စား’တဲ့လေ။

ဟုတ်ပါ့နော်၊ ဒီတစ်ခါ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းပြီးရင် ဆန်တပြည် ဆယ်ပြားခေတ် ပြန်ရောက်လာမှာပါ။ အမေကြီးက ရွှေပါးစပ် ငွေပါးစပ်ပေါ့။

လင်းလက်နွေဦး
၃၁.၅.၂၀၂၁ မနက် ၉နာရီ၄၀မိနစ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar