Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ams, သစ်ကောင်းအိမ်၊ နေလင်း

Art- Than Htay Maung
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၂၊ ၂၀၂၁
အခင်းဖြစ်ပွားစဥ်


အရေးပေါ်ဆေးဝါးကိုစောင့်တယ်
ရုတ်တရက်ဗုံးကြဲခံရတယ်
ကံဆိုးတဲ့အခါ
ဒီကမ္ဘာမှာ
ဘုရားသခင်လည်းအနားမလာဘူး။

လူမသမာတွေလက်
သေနတ်တွေရောက်သွားတဲ့အခါ
ဒီကမ္ဘာမှာ မိုးဟာအညိုးနဲ့စွေပြီးရွာတော့တာပဲ
ဘယ်လိုရှိမှာလဲ
သေနတ်ကျည်ဆံကိုရင်ဘတ်နဲ့ထိုးခံမယ့်သူ။

ဒီအရေပြားက
တစ်သက်လုံးမကခေတ်အဆက်ဆက်
ယားလာတဲ့အရေပြား
ဒီဦးခေါင်းက
ခေတ်အဆက်ဆက်ကွဲအောင်
အရိုက်ခံခဲ့ရတဲ့ခေါင်း
အဲဒီခေါင်းကိုမြေချတော့
ခေါင်းထဲမှာ မဆန့်မပြဲနဲ့ညှစ်အော်တယ်
"အဓမ္မဝါဒ ကျရှုံးပါစေ"တဲ့။

မိုးကာလည်းလိုတယ်
ထမင်းလည်းလိုတယ်
ကံဆိုးတဲ့အခါ
မိုးပေါ်ကနေ ကျည်ဆံတွေရွာတယ်
နှစ်သက်လို့ရွေးခဲ့ပီ့းရင်
ရေမကူနဲ့
အဖြစ်က အရင်တစ်ခါနဲ့မတူ
ငါတို့ကိုယ်ငါတို့ ပြန်ယူဖို့
တစ်ဘဝစာ နာကျင်ရုံလေး။ ။


ams

....

အချိန်ကို စောင့်ဖို့ပဲလိုတယ်

ပွင့်မယ့်ပန်းက ပွင့်မှာပဲ
ပေါက်မယ့်ဗုံးကလည်းပေါက်မှာပဲ
အချိန်ကိုစောင့်ဖို့ပဲလိုတယ်
ဘုရားပွင့်ချိန်စောင့်ရသလို
ဒေဝဒတ်မြေမြိုချိန်ကိုလည်း
စောင့်ရတယ်
အချိန်ကိုစောင့်ဖို့ပဲလိုတယ်
အချိန်ကိုစောင့်ဖို့ပဲလိုတယ်
တကယ်လို့ အချိန်ကိုစောင့်ဖို့
အချိန်မစောင့်နိုင်တော့ဘူးဆိုရင်လည်းအောင့်မထားနဲ့
ရောက်နေတဲ့ဘူတာရုံမှာ
အချိန်ဆက်မစောင့်ဖို့
အချိန်ကိုစောင့်ဖို့ပဲလိုတယ်

သစ်ကောင်းအိမ်
( ၂ ဇွန်လ ၂၀၂၁)

....
သူတို့နှစ်ယောက်၊ကြာသပတေးရွာ


လူမယ်ကာစအရွယ်က
သိတွေ့ခဲ့သူ နှစ်ယောက်ရှိဖူးတယ်ဗျ
တစ်ယောက်က ဦးစိုးအောင်တဲ့
ငှက်ဖျားရောဂါသည်းပြီး မြော နေတာကို 
သေပြီဆိုပြီး နာရေးလုပ်ကြတာ
သင်္ချိုင်းမှာမှပြန်ရှင်လာတော့
ရွာက
ရွာထဲအဝင်မခံတော့ဘူး
ထ္မင်းပို့ပေးကြတဲ့
သူ့အဖေသူ့အမေဆုံးသွားပြီးနောက်မှ
သူဟာရွာထဲမှာဝင်ရောက်တောင်းစားခွင့်ရပြီး
ရွာပြင်ထွက်အိပ်ရမြဲ
နောက်တစ်ယောက်က ဦးဇော်ဝင်း
လေထီးခုန်တပ်သား
(အမှန်တော့ သူ့အဆင့်ကို
ကျွန်တော်တို့တွေက မသိကြပါဘူး)
လေယာဉ်ပျက်ကျပြီးရူးသွားတဲ့စစ်သားကို
အရင်ကသူရဲကောင်းကြီးပါလေဆိုပြီးလက်ခံထားတာ
စိတ်ကပုံမှန်မဟုတ်တော့
ကောင်းလိုက်ဖောက်လိုက်
ဖောက်တဲ့အခါတော့ ငတ်ပေါ့
ရွာရဲ့ထ္မင်းကျန်ဟင်းကျန်က
သူနဲ့ သူ့ခွေးထံမလာတော့ရှာဘူး
စိတ်မဖောက်တဲ့အခါတော့ 
မြေရိုင်းတွေထွင်ပြီးသီးပင်သူစိုက်တယ်
စစ်ရေးပြလမ်းလျှောက်တယ်
တပ်ထွက်မိန့်ခွန်းပြောတယ်
လက်နက်ဈေးနှုန်းသူသိတဲ့အကြောင်းပြောတယ်
china နဲ့ russian  လည်းပါအောင်ပြောတယ်
သူ့စိုက်ခင်းလေးကို
ဝေလိုက်မျှလိုက်ကြွားဝါလိုက်ပေါ့
(မရူးချင်သယောင်ဆောင်နေသလား)
တဖြည်းဖြည်း 
တောင်ယာထွင်ထားသမျှသူ့စိုက်ခင်းလေးဟာ
သူ့တဲတစ်ရာစာလေးသာကျန်ရဲ့
ငွေတိုးပေးတဲ့ တရုတ်ကြီး ပူတင်ရဲ့လက်ချက်နဲ့
ဂရန်ပေါက်မြေဖြစ်သွားခဲ့
(တရုတ်ကြီးပူတင်ဆိုတာကို ငယ်ငယ်ကနားမလည်မိ
အခုတော့ မြစ်ရောချောင်းနဲ့ နိုင်ငံတော်အဆင့်ပါ ဝဲလည်မိ)
သူစိုက်ချင်ရင်တော့ထပ်ထွင်
ကုန်ပြန်ရင်နောက်တစ်နေရာထပ်ပြောင်းပေါ့
ဦးနှောက်ပျက်နေတဲ့စစ်သားဆိုတော့
ဆဲဆိုပြီး ပြီးသွားတာပါပဲ
ကျွန်တော်တို့ကလေးဘဝတစ်လျောက်လုံး
အဲ့အရူးနှစ်ယောက်ကိုစနောက်ခဲ့ကြရင်း
ငယ်ဘဝအား မိုးစင်စင်လင်းတဲ့တစ်နေ့မှာ
ဦးစိုးအောင်သေတယ်
အကြွေစေ့လေးတွေကနေ တစ်ဆယ့်ငါးကျပ်တန်ထိ
သုံးသိန်းတစ်သောင်းကျော်
သူအမြဲလွယ်တဲ့အိပ်ထဲကတွေ့တော့
ရှင်ကျန်ရစ်ခဲ့တဲ့သူ့အမျိုးတွေရကြတာပေါ့
အသုဘကို ဘယ်သူကချတယ်ဆိုလား
(ကြာပြီဆိုတော့မမှတ်မိ)
စည်ကားတာသာမှတ်မိမြင်ယောင်
ဦးဇော်ဝင်းကြီးကတော့ 
အရူးသက်ရှည်ဘွဲ့ပေးရမလိုပဲ
၁၉၆၂ ထဲက အခုထိ
သေလည်းမသေနိုင်သေးဘူး
မြေလွတ်တွေသူ့မြေလုပ်ထွင်
ထွက်လာသမျှတန်တန်မတန်တန်ရောင်း
တစ်ချက်တစ်ချက်ထထဖောက်မြဲ
ပူတင်ကတော့ပေါက်တူးရောင်းပြီးတိုက်ကြီးဟီးလို့
ကျွန်တော်တွေးနေမိ
သူသေရင် လေးပေနှစ်ပေတောင်ပိုင်ပါ့မလားလို့
ပိုတွေးမိတာကတော့
အရူးဆိုတာ
ဘယ်အရူးမဆို
တိကျတဲ့ကုသမှုနဲ့ခံယူရှင်​သန်သင့်တာလေ
ကျွန်တော်တို့ အရူးကိုမကုသခဲ့မိဘူး
သူသူကိုယ်ကိုယ်တိုင်းရဲ့နေ့နေ့ညညများဟာ
သတ္တဝါတစ်ခုကံတစ်ခုမျှသာလို့တွေးခေါ်ခဲ့
နှစ်ယောက်လုံးပြန်ကောင်းသွားရင်ကောင်းမယ်
သို့မဟုတ်
တစ်ယောက်ကိုရွေးချယ်ခွင့်ရှိမယ်ဆိုရင်ဘယ်သူ့ကို
ဒီလိုမျိုး
မတွေးခေါ်မိကြ မညီညွတ်မိကြ
ဘာသိဘာသာနေမြဲ
ရွာမြေလည်းကုန်သလောက်ပါပဲ
ပြောင်းကြရွှေ့ကြရင်း
ရွာနေကျန်လူလည်း ချိနဲ့ကြပြီ
ဦးဇော်ဝင်းက အသက်ရှင်တုန်း။ ။ ။

နေလင်း
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar