Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၈ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၈၊ ၂၀၂၁

ဒီနေ့တရက်တာအတွင်း ဖြစ်ပျက်တဲ့ သတင်းတွေမှာ မင်းတပ်မြို့ အနီးတဝိုက်က စီဒီအက်ဖ်တွေကို စစ်ကောင်စီတပ်တွေ ထိုးစစ်သဖွယ် လက်နက်ငယ် လက်နက်ကြီး လေကြောင်းအကူတွေန့ဲ တိုက်ခိုက်နေတုန်းပဲ ဆိုတဲ့ သတင်း၊ အကျအဆုံးတွေ ရှိနေပြီး အသေးစိတ် အချက်အလက်တွေတော့ သတင်းမီဒီယာတွေမှာ သိပ်မဖေါ်ပြ နိုင်သေးတာသတိပြုမိပါတယ်။

မနက်ခင်း ရန်ကုန်ကသတင်းကတော့ ကျောက်မြောင်းကျားကွက်သစ်က အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ကားပေါ်ထိုင်နေစဥ်မှာပဲ အနီးကပ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ် ဆိုတဲ့ သတင်း၊ ညမိုးမချုပ်ခင်မှာတော့ မွန်ပြည်နယ် ဘုရားသုံးဆူမြို့အနီး မွန်ညီညွတ်ရေးပါတီရဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ဖြစ်သူ အမျိုးသမီး ရှေ့နေကို ကားနဲ့ လာစဥ် ဆိုင်ကယ်နဲ့အနီးကပ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဆေးရုံအရောက် သေဆုံးသွားတဲ့ သတင်းနဲ့ အဆုံးသတ်သွားတာ ဖတ်ရှုရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ သေနတ်နဲ့ ပစ်ခံရတာမျိုး၊ ဓါးနဲ့ ထိုးခံရတာမျိုး ပစ်မှတ်ထားခံနေရတာ အဖြစ်အပျက်တွေ သတင်းတွေထဲ မကြာခဏ ပါရှိနေတာဖြစ်လို့ အထူးဆန်းမဟုတ်ပေမယ့် အမျိုးသမီး တဦးကို ပစ်သတ်တာတော့ ပထမဦးဆုံး ဖြစ်နုိင်ပါတယ်။ အလားတူ ဘုရားသုံးဆူမှာ သေဆုံးသွားတဲ့ မွန်ညီညွတ်ရေးပါတီက ရွေးေကာက်ပွဲ ကိုယ်စားလှယ်လောင်း လိုမျိုးကို ပစ်မှတ်ထားခံရတာတော့ ဒါဟာ ပထမဆုံးဖြစ်သလို တုန်လှုပ်စရာကောင်းတဲ့ သတင်းလည်းဖြစ်ပါတယ်။

လုပ်ကြံမှု၊ သတ်ဖြတ်မှုတွေဟာ နိုင်ငံရေးမှာ အကြမ်းမဖက်ပဲ လုပ်ဆောင်ခွင့်တွေ လုပ်ဆောင်နိုင်မယ့် အခြေအနေတွေ မရှိတော့ဘူးလို့ ခံစားလာကြတဲ့အခါ ကျင့်သုံးကြတာမျိုးလည်း ဖြစ်ပါတယ်။

နိုင်ငံရေးကို နိုင်ငံရေးနဲ့ စစ်ရေးကို စစ်ရေးနဲ့ တုန့်ပြန်ကြတာသဘာဝ ဖြစ်ပါတယ်။ စစ်ရေးနည်းလမ်းအပြင် အကြမ်းဖက်မှုနည်းလမ်း၊ လက်နက်ကိုင် အဖွဲ့ ဝင်မဟုတ်သူ အရပ်သားကိုသော်လည်းေကာင်း လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်ပဲ နိုင်ငံရေးပါတီဝင်တွေကို အသက်သေအောင် သတ်ဖြတ်တဲ့အထိ ပြစ်ဒဏ်ခတ်တာမျိုးဟာလည်း ရှေရှည်အားဖြင့် အောင်မြင်တဲ့ လမ်းစဥ် လုပ်နည်းလုပ်ဟန်မဟုတ်ဘူးလို့ မြင်ပါတယ်။

ဒီလိုကိစ္စတွေကို ဘယ်အဖွဲ့က လုပ်သလဲဆိုတာ ဖေါ်ထုတ်ဖို့ ခက်ခဲတဲ့အနေအထား ဖေါ်ထုတ်ဖို့စိတ်မဝင်စားကြတဲ့ အနေအထားမှာ - ဘယ်ဘက်က လို့ ပြောနုိင်တဲ့ အချက်အလက်မရှိသော်လည်း မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းသူတိုင်းက ဒီလုပ်ရပ်မျိုးကို ရှုတ်ချ ဆန့်ကျင်ရမယ့် အနေအထားလို့မြင်ပါတယ်။

လုပ်ကြံမှု လက်စားချေမှု၊ ဖောက်ခွဲမှုတွေဟာ အနာဂတ်မှာ တိုင်းြပည်ကို စိတ်ဝမ်းပိုကွဲစေ၊ လက်တုံ့ပြန်မှုတွေ ဖြစ်ေစနုိင်သလို၊ အရပ်သားတွေရဲ့ အခွင့်အရေးတွေ ပိုမို ရုပ်သိမ်းခံရနိုင်ပြီး အခြားသော ကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ မြင်ပါတယ်။

အခု လက်ရှိ မြန်မာနုိင်ငံရဲ့ အနေအထားက စစ်ကောင်စီကို ဆန္ဒပြသူ၊ အံတုသူ နဲ့ အခြားမသက်ဆုိင်သော်လည်း မဆင်မခြင် မဲမဲမြင်ရာ ပစ်ခတ်မှုကြောင့် လူပေါင်း ရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်သလို ထောင်ပေါင်းများစွာလည်း ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

ဒီစိတ်ဒဏ်ရာ မခံမရပ်နိုင်မှုတွေက လက်စားချေဖို့၊ လုပ်ကြံသတ်ဖြတ်ဖို့ စေ့ဆော်မှု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ သုိ့သော်လည်း ဒီလို လက်စားချေအကြမ်းဖက်လုပ်ငန်းလမ်းစဥ်ကိုသာကိုင်စွဲပြီး နိုင်ငံရေးနဲ့ စစ်ရေးတွဲတည်ဆောက်ရင်း နယ်မြေစိုးမိုးရေးလုပ်တာတွေမှာ အားနည်းရင်၊ မြို့တွေမှာ ဩဇာအာဏာစက်ရှိအောင် တိုက်ခိုက်တာမျိုး စည်းရုံးတာမျိုးအပိုင်းတွေမှာ အားနည်းသွားခဲ့မယ်ရင် ေတာ်လှန်ရေး ရဲ့ အောင်မြင်မှုနဲ့ အလှမ်းဝေး စေနိုင်ပါတယ်။

လုပ်ကြံမှု နဲ့ သတ်ဖြတ်မှု လက်စားချေမှု သက်သက်ဟာ တော်လှန်ရေး အရေးတော်ပုံမဟုတ်ပါဘူး။ တော်လှန်ရေး အရေးတော်ပုံ ဟာ နုိင်ငံရေး ပန်းတိုင်ရှိသလို ဖြစ်ချင်တဲ့ ရောက်ချင်တဲ့ ပန်းတိုင်ကို သွားတဲ့အခါ အသက်ဆုံးရှုံးမှုတွေ ရှိနိုင်တာ မှန်ပေမယ့် လူတဦးချင်း ကို လုပ်ကြံပြီး တော်လှန်ရေး အောင်မြင်အောင် လုပ်ဆောင်တာမျိုးက နိုင်ငံရေး ချွတ်ခြုံကျနေတဲ့ သို့မဟုတ် နိုင်ငံရေး အားနည်းနေတဲ့ အဖွဲ့ အစည်းဖြစ်နေပါလိမ့်မယ်။

နိုင်ငံရေးအားကောင်းတဲ့ အဖွဲ့အစည်းဟာ လုပ်သင့်တာ ဘယ်ဟာ မလုပ်သင့်တာ ဘယ်ဟာဆိုတဲ့ လမ်းညွှန်ချက် ရှိထားရပြီး အထက်မှ အောက်ခြေအထိ အဲလို လမ်းညွှန်ချက်ကို ဆွေးနွေး ဖြန့်ဝေ ထားရမှာလည်း ဖြစ်ပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးကာလာ ၄ လကျော်လာပါပြီ။ လက်နက်ကိုင်တိုက်ပွဲ သပိတ်တိုက်ပွဲ CDM တိုက်ပွဲတွေကလည်း ဆက်လက် တောင့်ခံဆင်နွှဲနေကြဆဲပါပဲ။ အပြောင်းအလဲနဲ့ အထိအခိုက်အကျအဆုံးများတွေ အများဆုံးက လက်နက်ကိုင်တိုက်ပွဲ စစ်မျက်နှာမှာ ဖြစ်ပါတယ်။ အဲသည်အတွက် ထောက်ပံ့ရေး ကူညီရေး စောင့်ရှောက်ရေးအပြင် အသက်အန္တာရယ်ကြုံတွေ့နေသူများ ကယ်တင်ကုသရေးတွေကလည်း အရေးပါတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ အစိုးရ လွှတ်တော် PDF တပ်တွေ ပျောက်ကြားရဲဘော်တွေကြားထဲမှာ ပြည်သူတွေကြားထဲမှာ လမ်းညွှန်ချက်တွေ သဘောထားခံယူချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိဖို့ ဆွေးနွေးဖို့ ဖြန့်ချိဖို့ တသမတ်တည်း ရှိဖို့ နားလည်မှုတည်ဆောက်ဖို့တွေ လိုအပ်သလို၊ သတင်းစီးဆင်းဖို့ တိကျတဲ့ လမ်းညွှန်ချက်တွေ ဆောင်ရန် ရှောင်ရန်တွေလည်း သိရှိလာကြဖို့ လိုအပ်နေပါတယ်။

NUG က ဝန်ကြီးတွေ အသစ်တိုးမြှင့် ခန့်ထားလျက်ရှိပါတယ်။ ဆက်သွယ်ရေး၊ တရားရေး၊ လျပ်စစ်နဲ့ စွမ်းအင်ရေးရာ ဝန်ကြီးနဲ့ ဝန်ကြီးဌာနတွေ ဖြစ်ပါတယ်။ သူတို့တွေကလည်း အမိန့်ကြေညာချက်တွေ အင်တာဗျူးတွေ နဲ့ အစွမ်းတွေ ပြကြဦးမှာ ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးက စစ်တိုင်း ၅ တိုင်း ဖွဲ့ထားပြီး ဖြစ်ကြောင်း ကြေညာခဲ့ပြီးပါပြီ။ စစ်တိုင်းတာဝန်ခံတွေဆီက ထုတ်ပြန်ချက်တွေ ညွန်ကြားတွေလည်း ပြည်သူလူထုတွေဆီ ပြောက်ကျားရဲဘော်တွေဆီ ပြန့်နှံ့ရောက်ရှိလာမယ့်အချိန်လည်း စောင့်မျော်ကြရဦးမယ် ထင်ပါတယ်။

(photo - Khit Thit Media - စစ်ကိုင်းတိုင်းယင်းမာပင်ခရိုင် ဆာလင်းကြီး မြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်းရွာပေါင်းစုံသပိတ် ၉၁ရက်မြောက်နေ့အဖြစ်လည်း​ကောင်း၊ ကဗျာဆရာခက်သီ၏ တစ်လလပြည့်အဖြစ်လည်​ကောင်း အနက်ရောင်ကန်ပိန်းဖြင့်ချီတက်ကြသည်။)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar