Breaking News

အန်ကယ် တူမီး - ပြည်သူ့ပြောက်ကျားသည် အကြမ်းဖက်သမားမဟုတ်



အန်ကယ် တူမီး - ပြည်သူ့ပြောက်ကျားသည် အကြမ်းဖက်သမားမဟုတ်

(မိုးမခ) ဇွန် ၉၊ ၂၀၂၁

စပိန်ဝေါဟာရမှာ ပြောက်ကျားစစ် (guerrilla) ဆိုတာ တိုက်ပွဲအငယ် (little war) လို့ အဓိပ္ပါယ်ရပါတယ်။ ပြောက်ကျားတွေဟာ သေးငယ်တဲ့ အုပ်စုငယ်ကလေးတွေဖြစ်ပြီး လျှင်လျှင်မြန်မြန်လှုပ်ရှားနိုင်တယ်။ အင်အားကြီးတဲ့ တပ်ဖွဲ့တွေရန်ကို ကောင်းကောင်းတားဆီးနိုင်တယ်။ တနည်းပြောရင် လက်နက်ကြီးတွေပိုင်ဆိုင်တဲ့ အင်အားကြီးတပ်မ တွေကို လက်နက်ငယ်တွေသာ ကိုင်ဆောင်နိုင်တဲ့ အရပ်သားတွေက ရင်ဆိုင်တဲ့အခါ ပြောက်ကျားစစ်ကို ဆင်နွဲလေ့ရှိပါတယ်။ နောက်တမျိုးထပ်ပြောရရင် အင်အားသေးငယ်တဲ့သူက အင်အားအဆမတန်ကြီးတဲ့ ရန်သူကို တိုက်ခိုက်တဲ့အခါ ပြောက်ကျားနည်းဗျူဟာကို သုံးလေ့ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ပြည်သူ့ပြောက်ကျားတပ်ကို အမှန်တရားအတွက်၊ ဓမ္မအတွက် ၊ ပြည်သူပြည်သားတွေအတွက်၊ စွန့်စွန့်စားစား၊ ရဲရဲဝံ့ဝံ့ ၊ တိုက်ခိုက်လိုစိတ် ပြင်းထန်တဲ့ သူတွေနဲ့ ဖွဲ့စည်းထားလေ့ရှိပါတယ်။ သူတို့ဟာ ရန်သူကိုချုံခိုတိုက်တယ်၊ ရန်သူ့စခန်းတွေနဲ့ ခြေကုတ်တွေကို ဖျက်စီးတယ်၊ ရန်သူအင်အားနည်းသွားအောင် အမှည့်ခြွေ ခြွေတယ်။ ရန်သူ့အလစ်မှာတိုက်ပြီး လွတ်အောင်ရှောင်ပြေးတယ်။ ရန်သူ့ဒလံတွေ၊ သတင်းပေးတွေနဲ့ ကျောရိ်ုးတွေ လိုက်လံရှင်းလင်းတယ်။

သူတို့ကို သူတို့ရဲ့စစ်ဦးစီးတွေကပဲ အမိန့်ပေးလေ့ရှိပါတယ်။ သူတို့ပြောက်ကျားအဖွဲ့ရဲ့ နာမည်ကို သူတို့ရဲ့ခေါင်းဆောင် စစ်ဦးစီးနာမည်ကို ဂုဏ်ပြုမှည့်ခေါ်လေ့ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ အဓိကတာဝန်ကတော့ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တဲ့ စစ်တပ်ကြီးတွေကို တွန်းလှန်ဖို့၊ ပြည်သူပြည်သားတွေရဲ့ အသက် အိုးအိမ် ကို အကာအကွယ်ပေးဖို့ ပဲဖြစ်ပါတယ်။

ပြည်သူ့ပြောက်ကျားတွေနဲ့ ဆန့်ကျင်ဖက်မှာတော့ အကြမ်းဖက်စစ်တပ်ကြီး တွေ ရှိပါတယ်။ အကြမ်းဖက်သမား၊ အကြမ်းဖက်စစ်ဝါဒီ၊ အကြမ်းဖက်စစ်အုပ်စု ဆိုတာ ဘာလဲ လို့ အတိအကျ အဓိပ္ပါယ်ဖွင့်ဆိုထားတာတော့မရှိသေးပါဘူး။ သူတို့ဟာ လက်နက်အင်အား လူအင်အားနဲ့ အရပ်သားပြည်သူပြည်သားတွေကို လူမဆန်အောင်နှိပ်စက်တယ်၊ သူတို့ဟာ အကြောက်တရားအခြေခံတဲ့အုပ်ချုပ်မှုမျိုးနဲ့ အုပ်ချုပ်လေ့ရှိတယ်ဆိုရင် အဲဒီလိုအုပ်စု၊ အဖွဲ့၊ အစိုးရ၊ လက်နက်ကိုင် မျိုးကို အကြမ်းဖက်အုပ်စုလို့ အကြမ်းအားဖြင့်ခေါ်ဆိုလေ့ရှိတာတွေ့ရပါတယ်။

အကြမ်းဖက်မှု (terrorism) ဆိုတဲ့ ဝေါဟာရကတော့ လက်တင်ဘာသာစကားနွယ်ဝင် ဝေါဟာရတခု ဖြစ်ပြီး အဓိပ္ပါယ်ကတော့ ကြောက်ရွံခြင်း တုန်လှုပ်ခြင်း (trembling with fear) သို့မဟုတ် တုန်လှုပ်စေခြင်း (causing to tremble)လို့ အဓိပ္ပါယ်ရပါတယ်။ နာမည်ကျော် ပြင်သစ် အဘိဓါန် Petit Robert ရဲ့ ဝေါဟာရဖွင့်ဆိုချက် အရ ပြည်သူပြည်သားတွေ တော်လှန်ရေး မလုပ်ရဲအောင် စိုးရိမ်စိတ်တွေဖြစ်ပေါ်ဖို့ အုပ်စုတခုက ဖန်တီးတဲ့ လုပ်ရပ် လို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ အကြမ်းဖက်လုပ်ရပ်ဟာ ချောင်ပိတ်မိနေတဲ့ တရိစ္ဆာန်တကောင်ရဲ့ အဆုံးစွန်ဆုံး အရက်စက်ဆုံး လုပ်ရပ်နဲ့လည်း အလွန်တူပါတယ်။

သူတို့ဟာ သူတို့ရဲ့ ရန်သူဖြစ်တဲ့ ပြည်သူပြည်သားတွေရဲ့ အသိအမှတ်ပြုမှုကို ပထမ ရအောင်ယူဖို့ကြိုးစားပါတယ်။ နောက်တဆင့် ရောက်ရင်တော့ နိုင်ငံရေးအာဏာ သိမ်းဖို့ကြိုးစားတော့တာပါပဲ။

` Bruce Hoffman ရဲ့ အဆိုအရ အကြမ်းဖက်မှုဟာ ထိခိုက်နစ်နာသူတွေကို တိုက်ရိုက်ပစ်မှတ်ထားခြင်းထက် လူ့အဖွဲ့အစည်းအပေါ် စိတ်ပိုင်းဆိုင်ရာ အကျိုး သက်ရောက်စေဖို့ ပိုမိုရည်ရွယ်ပါတယ်တဲ့။ ဥပမာ ပြည်သူလေးစားသူ တစ်ယောက်ကို ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းကို လူအများ မြင်သာအောင် တနည်းနည်းနဲ့ ထုတ်ဖေါ်ပြသခြင်းဟာ သတ်ဖြတ်ခံရသူ တစ်ယောက်တည်းအပေါ်သာ အကျိုးသက်ရောက်ဖို့ ရည်ရွယ်တာ မဟုတ်တော့ ပဲ ပြည်သူတရပ်လုံး ကြောက်လန့်ဖို့ ရည်ရွယ်ချိန်းခြောက်လိုက်တာပါပဲ။

တိုတိုနဲ့ လိုရင်းပြောရရင် အကြမ်းဖက်တယ်ဆိုတာ အလွန်အမင်းမြင့်မြတ်တဲ့ စိတ်ကူးယဉ်တန်ဖိုးတွေကို ကာကွယ်ဖို့ အကြောင်းပြချက်နဲ့ အခြေခံလူတန်ဖိုးတွေ၊ လူ့အခွင့်အရေးတွေကို ကြမ်ကြမ်းတမ်းတမ်း ရက်ရက်စက်စက် ဖျက်ဆီးလိုက်တာပါပဲ။

တခါတလေ လူမှုရေးအဆင့်နိမ့်ကျသူတွေက သူတို့ကို လူအများဂရုပြုမှု အာရုံစိုက်မှု ၊ နဲ့ သူတို့ကို နားလည်စေဖို့ ရည်ရွယ်ပြီး ရက်ရက်စက်စက် အကြမ်းဖက် ပြတတ် ကြပါတယ်။

အရည်အချင်းမပြည့်မီတဲ့ သူတွေ၊ လူ့ဂုဏ်သိက္ခာမဲ့သူတွေဟာ သူတို့အရည်အချင်းရှိကြောင်း (သူတို့တည်ရှိကြောင်း) ပြသလိုတဲ့အခါ ၊ သူတို့ မှာလည်း ဂုဏ်သိက္ခာရှိကြောင်း ပြသလိုတဲ့ အခါ အကြမ်းဖက် ဝါဒကို လက်ခံလာပြီး အကြမ်းဖက်လမ်းစဉ်ကို ကျင့်သုံးလာလေ့ရှိပါတယ်။

လာရာလမ်းလည်းဆန့်ကျင်၊ လားရာလမ်းလည်း ဆန့်ကျင်နေတဲ့ ပြည်သူ့ပြောက်ကျားတွေနဲ့ အကြမ်းဖက်သမားတွေဟာ ဘယ်တော့မှာမတူပါဘူး။ ဘယ်လိုမှ မတူပါဘူး။

ဘုရားသခင်နဲ့ မာန်နတ် ကွာသလို ကွာခြားပါတယ်။

အန်ကယ် တူမီး

၈/၆/၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar