Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၁ ၊ ၂၀၂၁

စစ်တပ် အာဏာသိမ်းတာ လအားဖြင့် ၄ လ မြောက်ပြီ ဖြစ်ပါတယ်။ ဘယ်အထိ ခရီးရောက်၊ ဘယ်လောက် ပေါက်မြောက်ပြီလဲ ဆိုတာ နောက်မှ တွက်ချက်ကြည့်ပါမယ်၊ ခရီးရောက်တာ အောင်မြင်တာ၊ လက်ဝယ်ဆုပ်ကိုင် ရရှိတာတွေ ရှိသလို ဒီ ၄ လတာအတွင်း ဘယ်လောက်ဆုံးရှုံး၊ လူ့အသက်၊ လူ့ကိုယ်ခန္ဓာ၊ စိတ်ဒဏ်ရာ၊ ပိုင်ဆိုင်မှု ၊ အသက်မွေးဝမ်းကြောင်းမှု၊ အနာဂတ်မျှော်လင့်ချက် နဲ့ လူတွေရဲ့ လုံခြုံတယ်ဆိုတဲ့ စိတ်ခံစားမှုတွေ ဘယ်လောက်ဆုံးရှုံး သွားသလဲ ဆိုတာ တုိင်းတာဖို့ ခက်ခဲမယ် ထင်ပါတယ်။

အသက်တွေ တိုင်းတာရေတွက်လို့ရတယ်၊ ဖမ်းဆီးခံရသူတွေ တိုင်းတာရေတွက်လို့ရတယ်၊ ဖျက်ဆီးခံရတဲ့ နေအိမ်တွေ အဆောက်အဦတွေ ပိုင်ဆိုင်မှုတွေ တိုင်းတာလို့ရနိုင်တယ်၊ စီးပွားရေးအရ ထိခိုက်မှုတွေကို တိုင်းတာလို့ရနိုင်တယ်။ ဒါပေမယ့် လူတွေရဲ့ နာကျင်မှုတွေ၊ ဆုံးရှုံးသွားသူတွေအတွက် ဝမ်းနည်း ကြေကွဲမှုတွေ၊ စိတ်ဆင်းရဲ မှု ၊ ဆုံးရှုံးသွားတဲ့ အနာဂတ်မျှော်လင့်ချက်တွေကို တိုင်းတာလို့မရနိုင်ပါဘူး။

တိုင်းတာလို့မရနိုင်တဲ့ ဒီတန်ဖိုးတွေက ဘယ်လောက်ကြီးမားမယ် ဆိုတာဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။

ဒီလောက်တန်ဖိုးကြီးတဲ့ အရင်းအနှီးနဲ့ လုပ်ဆောင်ရတဲ့ ချီတက်ရတဲ့ အရေးတော်ပုံပဲခေါ်ခေါ် တော်လှန်ရေးပဲ ခေါ်ခေါ် ဒီ လှုပ်ရှားမှု အပြောင်းအလဲ ကို တန်ဖိုးနိမ့်တဲ့ လုပ်ရပ်တွေ၊ နိုင်ငံရေး အတွေးအခေါ်မပါတဲ့ လက်စားချေမှု သက်သက်၊ အနာဂတ် မျှော်လင့်ချက် မပါတဲ့ အမုန်းတရားသက်သက် ၊ တည်ဆောက်မှုမပါတဲ့ ဖျက်ဆီးမှုသက်သက်၊ စည်းရုံးရေးမပါတဲ့ ဒဏ်ခတ်မှုသက်သက်တွေနဲ့ မညစ်ညမ်းစေသင့်ဘူးလို့ ထင်ပါတယ်။

အခုရက်ပိုင်း မြန်မာပြည်ရဲ့ ဟိုနားသည်နားမှာ ဖြစ်ပျက်နေတဲ့ လက်စားချေမှုတွေ သတ်ဖြတ်မှုတွေဟာ နိုင်ငံရေးရည်ရွယ်ချက် ရည်မှန်းချက်အတွက် လုပ်ရတဲ့ လုပ်ဆောင်မှုတွေ မဟုတ်ခဲ့ရင်၊ တိုင်းပြည်ရဲ့ အနာဂတ် တည်ဆောက်ရေးအတွက် အတားအဆီး ဖြစ်စေမယ့် လုပ်ရပ်တွေ ဖြစ်နေခဲ့ရင် အဲဒီလို ဖြစ်ရပ်တွေကို နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းတွေ အနေနဲ့ သုံးသပ် အကဲဖြတ် သဘောထားထုတ်ပြောဖို့ အချိန်ဖြစ်ပါတယ်။

ဒီလို အဖြစ်အပျက်တွေဟာ ကိုယ့်အဖွဲ့အစည်းက ညွှန်ကြားလို့လုပ်တာမဟုတ်ဘူးဆိုရုံမျှနဲ့ လက်ပိုက်ကြည့်မနေသင့်ပါဘူး။

ဘယ်လိုအဖွဲ့အစည်းကပဲ လုပ်လုပ် အမုန်းတရားနဲ့ စွပ်စွဲမှုနဲ့ သံသယနဲ့ မတန်တဆ အပြစ်ဒဏ်ပေးတာတွေ ကို ဟန့်တား ဖို့ ရှုတ်ချဖို့ လိုအပ်နေပြီလို့ ထင်မြင်ပါတယ်။

သွားချင်တဲ့ ရောက်ချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ရှိပြီး အဲဒီရည်မှန်းချက် ပန်းတိုင်ဟာလည်း အများရဲ့ ကောင်းစားသာယာ ဝပြောမှုကို ဦးတည်တဲ့ ပန်းတိုင်ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်တခု အတွက် ချီတက်ကြရာမှာ စည်းရုံးရေး နည်းနာတွေကလည်း အရေးကြီးပါတယ်။ စည်းရုံးရေးနည်းနာတွေဟာ ကိုယ်တွေ တန်ဖိုးထားတဲ့ တန်ဖိုးတွေ စံနှုန်းတွေ ကိုယ်တွေ လက်ခံတဲ့ အများအတွက်လည်း မှန်ကန်မျှတတဲ့ တန်ဖိုး စံနှုန်းတွေကို လိုက်နာတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင် ဖို့လိုပါတယ်။

ပန်းတိုင်ရောက်ရင် ပြီးရောဆိုပြီး ကိုယ်မကြိုက် မနှစ်သက် ကိုယ် လက်မခံတဲ့ နည်းနာမျိုးတွေနဲ့ မချီတက်သင့်ပါဘူး။

လတ်တလော ရက်ပိုင်းတွေမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေမှာ အလွန်အကျွံ ပြစ်ဒဏ်ပေးမှုသဘောသက်ရောက်တဲ့ စီဒီအမ် မလုပ်တဲ့ အရပ်သားဝန်ထမ်းတချို့ကို အသက်ဆုံးရှုံးသည်အထိ ပစ်သတ်တာတွေ တွေ့လာနေရလို့ ဒီလို လုပ်ရပ်တွေကို ဒေသအလိုက်ဖွဲ့ထားတဲ့ ကာကွယ်ရေး အဖွဲ့တွေက လုပ်သည်ပဲ ဖြစ်စေကာမူ နိုင်ငံရေးအရ ဦးဆောင်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ NUG လိုမျိုး PDF လိုမျိုးက ထိန်းသိမ်းတာ တားမြစ်တာတွေ လုပ်သင့်တယ်လို့ မြင်ပါတယ်။

အဲလိုမတားမြစ် လမ်းကြောင်း မတည့်နိုင်ခဲ့ရင် စည်းရုံးရေး ကျဆင်းပြီး တော်လှန်ရေးကို ထိခိုက်စေနိုင်တာလည်း ဖြစ်ပါတယ်။ စည်းရုံးရေးမှာ အဆင့်ဆင့်ထားပြီး စည်းရုံးရမယ်ဆိုတာမျိုး နည်းဗျူဟာ ရှိဖို့လိုအပ်ပါလိမ့်မယ်။ တဖက်ကို ပါနေသူကို ကိုယ့်ဘက် ထောက်ခံလာအောင် စည်းရုံးနိုင်ရင် အကောင်းဆုံးအနေအထားလို့ ဆိုပေမယ့်လည်း အကယ်၍ သူက အဲဒီအဆင့်ထိ မလိုက်နိုင်သေး လိုက်မလုပ်နိုင်သေးတဲ့အခါ တဖက်ကို မထောက်ခံပဲ ကြားနေနိုင်တဲ့သူကို ကြားနေတဲ့အဆင့်ထိ စည်းရုံးတာမျိုးကိုလည်း အဆင့်တခုအနေနဲ့ ထားသင့်တာမျိုး ဖြစ်ပါတယ်။

စည်းရုံးရေးမှာ လိုက်နိုင်တဲ့အထိ လိုက်လုပ်ကြဖို့ အဆင့်အလိုက် စည်းရုံးပြီး အင်အားစုဆောင်းတာမျိုးက အမြော်အမြင်ရှိေသာ အ ြမင်ကျယ်သော စည်းရုံးရေး နည်းဗျူဟာလို့ ထင်ပါတယ်။

အဲလိုမဟုတ်ပဲ အားလုံး ဒီလိုမျိူးလိုက်လုပ်ရမယ်၊ ဒီလောက်ထိ မလုပ်နိုင်ရင် အားလုံး ရန်သူ့အားပေးသူ ၊ ရန်သူ့ထောက်ခံသူလို့ သတ်မှတ်မယ်ဆိုတာမျိုးက ညံ့ဖျင်းတဲ့ စည်းရုံးရေး လို့ ခေါ်ရမှာ ဖြစ်သလို အောင်မြင်မှုရဖို့လည်း အလှမ်းဝေးစေမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဦးဆောင်အဖွဲ့အစည်းတွေ အနေနဲ့ စံနှုန်းတွေ၊ တန်ဖိုးတွေ ထိမ်းသိမ်းဖို့ မှန်ကန်တဲ့ စည်းရုံးေရေး နည်းဗျူဟာတွေ ချမှတ် လှုံ့ဆော်ဖို့ လိုအပ်နေတယ်လို့ ဒီနေရာကနေ နှိုးဆော်ချင်ပါတယ်။

စည်းရုံးရေးဟာ တတိုင်းပြည်လုံးက လှုပ်ရှားသူအဆင့်ဆင့်တိုင်းအတွက် အရေးပါပါတယ်။ သပိတ်သမား၊ CDM လှုပ်ရှားသူများ၊ ပျောက်ကြားရဲဘော်များ၊ တော်လှန်ရေးသမား အားလုံးတိုင်းမှာ ပြည်သူလူထုကို အဆင့်တိုင်းအဆင့်တိုင်းမှာ စည်းရုံးရေးဆင်းနေရပါမယ်။ အင်အားမလျော့သွားအောင် တိုးလာအောင် ပိုပြီး စည်းရုံးရေးဆင်းနေရပါမယ်။ သစ္စာဖောက်များ သတင်းပေးများ ဒလန်များ သူလျိုများကို ဖက်ဆစ်လက်နက်ကိုင်တိုက်နေသူများနဲ့တန်းတူထား နှိမ်နင်း တွန်းလှန်ဖို့ အရေးကြီးသလို တရားမျှတမှုနဲ့ ကြားကာလဥပဒေနှင့်အညီ ပြစ်ဒဏ်ပေးနိုင်ဖို့ကို ဦးဆောင်သူများက လမ်းပြပေးကြစေလိုပါကြောင်း။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar