Breaking News

ဘိုးညီတင့် - ကျောင်းဖွင့်ချိန်

Art- Than Htay Maung 

ကျောင်းဖွင့်ချိန်
ဘိုးညီတင့်
(မိုးမခ) ဇွန် ၁၊ ၂၀၂၁

             မနေ့ညနေက Fortune လိုင်းကလာတဲ့ ကုလားဇာတ်ကားလေးကြည့်မိတယ်။ ဆရာ/ဆရာမတွေကိုဒုက္ခပေးလွန်းတဲ့ကိုးတန်းကျောင်းသား‌တွေချည်းစုထားတဲ့အတန်းတတန်းနဲ့အာရုံကြောရောဂါရှင်ဆရာမလေးတို့ရဲ့ဇာတ်လမ်းပါ။ ကျောင်းသားတွေကဆရာမကိုဒုက္ခပေး/ချောက်ချတာ ဝါရင့်ကျောင်းဆရာတဦးကမြင်ပြီး အာရုံကြောရောဂါရှင်ဆရာမလေးကို '"ကျောင်းသားတွေကဆိုးလိုက်တာနော်" လို့ပြောပါတယ်။ ဆရာမလေးက"ကျောင်းသားဆိုးရယ်လို့မရှိပါဘူး။ ဆရာဆိုးသာရှိတာပါ" လို့ပြန်ပြောလိုက်ပါတယ်။ ဆရာမလေးရဲ့စကားကတော်တော်စဉ်းစားဖို့ကောင်းပါတယ်။ ကလေးဆိုတာစာရွက်လွတ်တရွက်ပဲ။ဆရာ/ဆရာမချရေးချင်တာရေးလို့ပါတယ်။

        ဇာတ်ကားအပြီးအတွေးနယ်ချဲ့နေတုန်းတူမကလေး အိမ်ရောက်လာပါတယ်။
"ဦးလေး။ ဦးလေးသူငယ်ချင်း ကျမတို့ဆရာကြီးနဲ့လမ်းမှာတွေ့ခဲ့တယ်။ အံ့ဩလိုက်တာတဲ့"
"ဟဲ့ သူ့ဘာသာ လမ်းသွားစရာရှိလို့သွားတာ ဘာအံ့ဩစရာရှိသတုန်း"
 "နေ့ခင်းကြောင်တောင် သူ့ကျောမှာ ဓါးလွယ်ကြီးနဲ့မို့ ကျမက အံ့ဩတယ်ပြောတာဦးလေးရဲ့"

"ဟေ"သူတင်မက  ကျနော်ပါ အံ့သြသွားပါတယ်။ ငယ်စဉ်က ကျနော်တို့သူငယ်ချင်းတစု လွယ်အိတ်ထဲ ဘတ်ခွဲတွေ၊ မူလီတွေထည့်ပြီး ကျောင်းလာကြစဉ်က ရိုးအလှတဲ့ အဲဒီသူငယ်ချင်က ဘာမှကိုင်ဆောင်လေ့မရှိပါ။ ကျနော်တို့လက်နက်ပစ္စည်းတွေကိုလည်း ယောင်လို့တောင် ကိုင်မကြည့်ပါ။ ခုတော့ နေခင်းကြောင်တောင် ဓားရှည်ကြီးလွယ်လို့တဲ့။ သူက ကျနော်တို့ငယ်ငယ်က တက်ခဲ့တဲ့ အခု အထက်တန်းကျောင်းဖြစ်နေတဲ့ကျောင်းမှာ တာဝန်ခံကျောင်းအုပ်လုပ်နေသူ။ တလောကဆရာ/ဆရာမတွေကို တအိမ်တက်ဆင်း ကျောငး်တက်ဖို့လိုက်စည်းရုံးနေတယ် ပြောသံကြာရတယ်။ ငယ်စဉ်ကလက်နက်ဆိုလို့ အပ်တိုတချောင်းတောင်မကိုင်ရဲခဲ့သူ၊ ခုတော့ ဓားရှည်ကြီးလွယ်လို့တဲ့။ သြော် သူ့ခမျာ သူ့ကိုယ်သူမလုံခြုံတော့ဘူးထင်နေရှာပုံရှတယ်။ သတင်းတွေထဲမှာလည်း တချို့ဆရာ ဆရာတွေက ကျောင်းသားတွေကျောင်းတက်ဖို့ ဖိအားပေးနေတဲ့သတင်းတွေ တက်လာတယ်။ ခုကျောင်းမတက်ရင် နောင် တသက်လုံး ကျောင်းနေခွင့်မရအောင် မင်နီတားပစ်မယ်လို့ ကလေးတွေကို ခြိမ်းခြောက်ကြသတဲ့။

         ကျနော်တို့မြန်မာလူမျိုးတွေအဖို့ဆရာဆိုတာအနန္တဂိုဏ်းဝင်ပါ။ ကျောင်းမှာစာစီစာကုံးသင်ရတော့  "မြတ်ဆရာ" ဆိုတဲ့စာစီစာကုံးမျိုးကျောင်းသားတိုင်းရေးဖူးတာပေါ့။ ဒီဖက်ခေတ်မှာဆရာကန်တော့ပွဲဆိုတာတွေ တခမ်းတနားကျင်းပခေတ်စားလာတာတွေ့နေရတယ်။ ခု ကိုဗစ်နဲ့ကိုစစ်ကြောင့် ပွဲမလုပ်နိုင်တာတောင် အဝေးကလှမ်းပြီးပူဇော်နေကြတာလဲ တွေ့နေရပါတယ်။ တချို့က ဆရာဆိုတာ နာသုံးနာသာမက နာလေးနာရှိတယ်လို့လည်း ရေးကြ ပြောကြပါတယ်။ ဒါပေမဲ့ ဆရာဆိုတာလည် းပုထုဇဉ်လူသားပါပဲ။ အမှားဘယ်ကင်းနိုင်ပါ့မလဲ။ အဆိုးရောအကောင်းပါ ရှိနေနိုင်တာပဲ။

        လွန်ခဲ့တဲ့ဆယ့်လေးငါးနှစ်က ကျောက်သင်ပုန်းရဲ့အခြားဖက် မျက်နှာစာဆိုပြီး ကျနော် စာတပုဒ်ရေးခဲ့ဖူးတယ်။ ဆရာဆိုတာလဲ ပုထုဇဉ်ဆိုတော့ လောဘ၊ ဒေါသ၊ မောဟ မကင်းနိုင်ဘူးပေါ့။ ကျနော်တို့ဆီမှာလဲ ဆရာကောင်းကြောင်း ရေးတာများတယ်။ ဆရာ ဆရာမတွေမကောင်းတဲ့အစိတ်အပိုင်းကို ဘယ်သူမှမရေးကြ။  ဆရာဆရာမရဲ့ လူသားဖြစ်တည်မှုအစိတ်အပိုင်းကိုချည်းသက်သက် ကျနော်ချရေးကြည့်တယ်။ ရေးပြီး ကျောင်းဆရာတယောက်ကို ဖတ်ခိုင်းကြည့်တယ်။ သူ့ခမျာ ဆုံးအောင်ဖတ်နိုင်ရှာပုံမရဘူး။ စာမူကိုမဖတ်ဘဲ ကျနော့်ကိုပြန်ပေးတယ်။ အဲဒီစာမူလိုင်းပေါ်တင်လိုက်ရင် သူငယ်ချင်း ဆရာ ဆရာမတွေ ဆဲလိုက်ကြမယ့်ဖြစ်ခြင်း၊ ဒါနဲ့ ဒီအတိုင်းသိမ်းထားလိုက်ရပါတယ်။ ဒီနေ့ခေတ်မှာ  ပညာရေးကလည်း စီးပွားရေးအသွင်ဆောင်နေပါပြီ။ ဆရာတော်အရှင်ဉာဏ(မိုးပြာဆရာတော်)က အနန္တဂိုဏ်းဝင်ထဲမှာ ဆရာမပါတော့ဘူးလို့ သူ့တရားထဲမှာထည့်ဟောတာ နာယူခဲ့ရဖူးပါတယ်။

ဆရာဆိုးဆိုတာ ခုခေတ်မှ ရှိတာမဟုတ်။ ဗုဒ္ဓရှင်တော်မြတ်လက်ထက်တော်ကတည်းက ရှိခဲ့တာလို့ အဖော်ညှိလို့ရပါတယ်။ အဖသတ်သူ အဇာတသတ်ဆရာ ဒေဝဒတ်၊ လူဆိုးကြီး အဂုင်္လိမလာဆရာ ဒိဿာပါမောက္ခ။ အားမငယ်ကြနဲ့ ငါ့ရှင်တို့။

"ကျောင်းသားဆိုးရယ်လို့မရှိပါဘူး။ ဆရာဆိုးသာရှိတာ"ဆိုတဲ့ အာရုံကြောရောဂါရှင်ဆရာမလေးရဲ့စကားက ကျနော့်နားထဲ တဝဲလည်လည်။

ဘိုးညီတင့်

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar