Breaking News

အောင်ဒင် - အမျိုးသားညီညွတ်ရေးအစိုးရနှင့် ရိုဟင်ဂျာဆိုင်ရာ မူဝါဒ (အပိုင်း ၁)



အောင်ဒင် - အမျိုးသားညီညွတ်ရေးအစိုးရနှင့် ရိုဟင်ဂျာဆိုင်ရာ မူဝါဒ (အပိုင်း ၁)

(မိုးမခ) ဇွန်် ၂၊ ၂၀၂၁
 
မျှော်လင့်ချက်များ

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒတစ်ရပ်ကို မကြာခင် ထုတ်ပြန်ကြေညာတော့မယ်လို့ ကြားသိရပါတယ်။ ၂၀၂၁ ခုနှစ်၊ မြန်မာ့နွေဦးတော်လှန်ရေးကြီးရဲ့ ဦးဆောင်မှုတာဝန်ယူထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရဲရဲရင့်ရင့် ဖျက်သိမ်းခဲ့ပြီး စစ်အာဏာရှင်စနစ်ကြီးကို အမြစ်ပြတ်ချေမှုန်းရေး ဦးတည်ဆောင်ရွက်နေတာမို့ ဒီခေါင်းဆောင်များက ပြဋ္ဌာန်းမယ့် "ရိုဟင်ဂျာ ဆိုင်ရာမူဝါဒ" ဟာ အရင်အစိုးရများထက် ရှင်းလင်းပြတ်သားပြီး အများလက်ခံနိုင်လိမ့်မယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိလိမ့်မယ်၊ ရိုဟင်ဂျာများ မြန်မာနိုင်ငံအတွင်းကို ယုံယုံကြည်ကြည် ပြန်လာရဲလောက်အောင် စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အရင်အစိုးရလက်ထက်က ရိုဟင်ဂျာများအရေးနဲ့ ပါတ်သက်ရင် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ခေါင်းဆောင်တဲ့ နိုင်ငံတကာအကြံပေးကော်မရှင်ကို ဖွဲ့စည်းပြီး လွတ်လပ်စွာ လေ့လာအကြံပြုစေခဲ့တာဟာ ကောင်းမွန်တဲ့ ဆောင်ရွက်မှုဖြစ်ပေမယ့် အဲဒီကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အဝ လိုက်နာအကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် "ကိုဖီအာနန် ကော်မရှင်" ဆိုတာကိုတော့ နိုင်ငံတကာဖိအားပေးမှုတွေကို ကာကွယ်မယ့် "ဒိုင်း" ကြီးတစ်ခုလို အသုံးချခဲ့ပါတယ်။ နိုင်ငံတကာအစိုးရတွေက ဖိအားပေးလိုက်ရင် "ကျုပ်တို့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်နေပါတယ်" လို့ လွယ်လွယ်ကူကူ ပြောဆိုခုခံခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့ မြေပြင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာတွေ နှစ်နိုင်ငံအစိုးရများရဲ့ ပူးပေါင်းအစီအစဉ်နဲ့ တစ်ဦးတစ်ယောက်မှ ပြန်မလာခဲ့ကြပါဘူး။

အရပ်သားအစိုးရရော၊ အခုလက်ရှိအာဏာသိမ်းထားတဲ့ ဖက်ဆစ်တပ်ကရော "ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြသူများအား ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒဖြင့် လွတ်လပ်လုံခြုံစွာ ပြန်လာခွင့်ပြုမည်" လို့ အကြိမ်ကြိမ်အခါခါ ပြောဆိုခဲ့၊ ပြောဆိုနေကြပေမယ့် မြေပြင်ပေါ်မှာတော့ ဒီ ဒုက္ခသည်တွေ လုံလုံခြုံခြုံ စိတ်ချလက်ချ ပြန်လာနိုင်လောက်တဲ့ အခြေအနေမျိုးတွေ ဖန်တီး တည်ဆောက်ပေးထားခြင်း မရှိပါ။ "ရိုဟင်ဂျာ" ဆိုတဲ့ စကားလုံးကိုတောင် လက်ခံသုံးနှုံးခြင်း မရှိပါ။ လုံခြုံစိတ်ချရတဲ့ အခြေအနေတွေ မရှိပဲနဲ့၊ လုံခြုံစိတ်ချရမှုကို တာဝန်ခံခြင်းမရှိပဲနဲ့၊ "ပြန်လာကြပါ" ဆိုတာကို ဘယ်သူကမှ ယုံကြည်လက်ခံကြမှာ မဟုတ်ပါ။ သန်းနဲ့ချီတဲ့ "ရိုဟင်ဂျာ" တွေရဲ့ လူ့အခွင့်အရေးဆုံးရှုံးနာကျင်ရမှုတွေကို မျှတစွာ ဖြေရှင်းမပေးပဲနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးလှုပ်ရှားမှုကြီးဟာ အပြည့်အဝ အဓိပ္ပာယ်မရှိနိုင်ပါ။ စစ်အာဏာရှင်စနစ်၊ တစ်ပါတီအာဏာရှင်စနစ်၊ အရပ်သားအာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို ဖျက်သိမ်းပြီး ပြည်သူအားလုံး တန်းတူညီမျှ လွတ်လပ်မှုတွေ၊ ငြိမ်းချမ်းမှုတွေ ခံစားနိုင်ကြမယ့် နိုင်ငံတော်သစ်ကို တည်ဆောက်ကြရာမှာ သန်းနဲ့ချီတဲ့ အဖိနှိပ်ခံတွေ အတူတကွ ပါဝင်နိုင်အောင် ခေါ်ဆောင်ကြရမှာပါ။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒဟာ ပိုပြီး ပြည့်စုံပြီး ရဲရင့်မျှတ လက်တွေ့ကျဖို့ လိုအပ်ပါတယ်။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒမှာ အောက်ပါအချက်များ ပါဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(၁) ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်း၍ အသစ်ရေးဆွဲခြင်း (သို့မဟုတ်) ပြင်ဆင်ရေးဆွဲခြင်း။
(၂) နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားအခွင့်အရေး ခံစားခွင့်များကို အာမခံခြင်း။
(၃) ရိုဟင်ဂျာလူမျိုးစု (Ethnic Group) အဖြစ် အသိအမှတ်ပြုခြင်း။
(၄) တိုင်းရင်းသား (Indigenous/Native of the Country) ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့်ပါတ်သက်၍ နောင်ကာလတစ်ခုတွင် ဆက်လက်ဆွေးနိုင်ရန် တံခါးဖွင့်ထားခြင်း။
(၅) ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ၏ အပြုသဘောဆောင်သော တုန့်ပြန်မှု။


(၁) ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်း၍ အသစ်ရေးဆွဲခြင်း (သို့မဟုတ်) ပြင်ဆင်ရေးဆွဲခြင်း။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ မြန်မာနိုင်ငံအတွင်းကို တရားမဝင် စိမ့်ဝင်လာကြတဲ့ နိုင်ငံခြားသားများရဲ့ အန္တရာယ်ကို ကာကွယ်ဖို့၊ မြန်မာနိုင်ငံဖွား တိုင်းရင်းသားလူမျိုးများရဲ့ အကျိုးစီးပွါးနဲ့ အခွင့်အရေးများကို ကာကွယ်ဖို့ သေသေချာချာ စနစ်တကျရေးဆွဲခဲ့တာလို့ ပြောကြပါတယ်။ နိုင်ငံတကာမှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံသားဥပဒေဟာ အင်မတန်တင်းကြပ်တယ်လို့ နားလည်လက်ခံထားကြပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပါ ပြဋ္ဌန်းချက်များက နိုင်ငံသားတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများနဲ့ ဆန့်ကျင်ဘက်၊ နိုင်ငံတကာကျင့်ထုံးများနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

ပြီးတော့ ဒီဥပဒေကို ရေးဆွဲချိန်မှာ မြန်မာနိုင်ငံဟာ မဆလတစ်ပါတီအုပ်စိုးမှုအောက်မှာ ရှိနေပြီး "မတူကွဲပြားမှုတွေ" ကို လုံးဝလက်မခံတဲ့ အချိန်ကာလဖြစ်ပါတယ်။ အာဏာရှင် ဦးနေဝင်းက မြန်မာနိုင်ငံကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်၊ အပြင်ကလည်း မဝင်ရ၊ အထဲကလည်း ထွက်လို့မရအောင် တံခါးတွေကို ပိတ်ထားပြီး နိုင်ငံခြားသားမုန်းတီးရေး၊ ဘာသာခြားမုန်းတီးရေးအတွေးအခေါ်တွေကို လှုံ့ဆော်ပြီး ပြည်သူများကို စည်းရုံးနေတဲ့ အချိန်ပါ။ ဒီဥပဒေရဲ့ အကျိုးဆက်ကြောင့်ပဲ "မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်" ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲပြီး လူဝင်မှုကြီးကြပ်ရေးဋ္ဌာနက ဧည့်နိုင်ငံသားတွေ၊ နိုင်ငံသားပြုခွင့်ရသူတွေ၊ သွေးနှောတွေအပေါ်မှာ တရားဝင် အနိုင်ကျင့်တော့တာ ဖြစ်ပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ နိုင်ငံသား (Citizens)၊ ဧည့်နိုင်ငံသား (Associate Citizens) နဲ့ နိုင်ငံသားပြုခွင့်ရသူ (Naturalized Citizens) ဆိုပြီး အဆင့်အတန်း သုံးမျိုးခွဲခြားထားပါတယ်။ ဒီဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ နိုင်ငံသားများနဲ့ အဆင့်အတန်းမတူညီကြပါ။ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ နိုင်ငံသားများ ရရှိခံစားရတဲ့ ပညာရေး၊ စီးပွါးရေး၊ လူမှုရေးဆိုင်ရာ အခွင့်အရေးများကို တန်းတူညီမျှ ခံစားခွင့်မရှိကြပါ။

"နိုင်ငံသား" ဖြစ်မှုနဲ့ ပါတ်သက်ပြီး ပုဒ်မ (၃) အရ "နိုင်ငံတော်တွင်ပါဝင်သောနယ်မြေ တစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းရင်းသားများနှင့် မျိုးနွယ်စုများ"၊ ပုဒ်မ (၅) အရ "တိုင်းရင်းသားတိုင်းနဲ့ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများ"၊ ပုဒ်မ (၆) အရ "ဤဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူများ၊ ပုဒ်မ (၇) ပုဒ်မခွဲ (က) (ခ) (ဂ) များအရ " နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊" အားလုံးဟာ "နိုင်ငံသား" များဖြစ်ကြပါတယ်။

"ဧည့်နိုင်ငံသား" နဲ့ပါတ်သက်ပြီး ပုဒ်မ (၂၃) မှာ "၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူများသည် သတ်မှတ်ချက်များနှင့် အရည်အချင်းများ ကိုက်ညီပါက ဧည့်နိုင်ငံသားအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်နိုင်သည်" ဟု ပြဋ္ဌန်းထားပါတယ်။

"နိုင်ငံသားပြုခွင့်ရသူ" နဲ့ပါတ်သက်ပြီး ပုဒ်မ (၄၂) အရ "၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ လျှောက်ထားရန်ကျန်ရှိနေသော ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီးများ"၊ ပုဒ်မ (၄၃) အရ "ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့် (က) နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ။ (ခ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဃ) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (င) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ" သည် ဗဟိုအဖွဲ့သို့ "နိုင်ငံသားပြုခွင့်" ရရန် လျှောက်ထားနိုင်သည်လို့ ဆိုထားပါတယ်။


ပုဒ်မ (၇) ပုဒ်မခွဲ (ဃ) (င) (စ) များအရ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ ၎င်းတို့ရဲ့ သက်တမ်းအတွင်းမှာ "နိုင်ငံသား" ဖြစ်လာခွင့်မရှိ၊ ၎င်းတို့ရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ သား၊သမီးများမှာလည်း "နိုင်ငံသား" ဖြစ်ခွင့်မရှိပဲ၊ ၎င်းတို့ရဲ့ တတိယမျိုးဆက်၊ မြေးများကျမှသာ "နိုင်ငံသား" ဖြစ်ခွင့်ရှိပါတယ်။ ဒီလို ကန့်သတ်ထားတဲ့အတွက် နိုင်ငံတစ်ခုအနေနဲ့ နိုင်ငံအတွင်းမှာ နှစ်ပေါင်းများစွာ မှီတင်းနေထိုင်တဲ့ နိုင်ငံသားမဟုတ်သူများအပေါ် ရက်စက်လွန်းရာ ရောက်ပြန်ပါတယ်။

နိုင်ငံသားဥပဒေပါ ပြဋ္ဌန်းချက်များ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားနိုင်သူများနဲ့ ၎င်းတို့က မွေးဖွားတဲ့ သားသမီး မျိုးဆက်များဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတွင်းမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့ကြသူများနဲ့ ၎င်းတို့ရဲ့ မျိုးဆက်များဖြစ်ကြပါတယ်။ တိုင်းရင်းသားစစ်စစ်များနဲ့ ခွဲခြားနိုင်ဖို့ ဥပဒေသဘောအရ နိုင်ငံသားအဆင့်အတန်း သုံးမျိုးခွဲခြားသတ်မှတ်တာကို နားလည်နိုင်ပေမည့် ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများကို မျိုးဆက်နှစ်ဆက်အထိ နိုင်ငံသားဖြစ်ခွင့် မပေးတာကတော့ တင်းမာလွန်းတယ်လို့ ဆိုချင်ပါတယ်။

တစ်ခါ ပုဒ်မ (၃၁) နဲ့ ပုဒ်မ (၅၄) များမှာ ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ "အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ" လို့ ပြဋ္ဌန်းထားပါတယ်။ ဒီပုဂ္ဂိုလ်များကို ကိုယ့်နိုင်ငံအတွင်းမှာလည်း တင်းပြည့်နိုင်ငံသားဖြစ်ဖို့ အခွင့်အရေးမပေးပဲ အခြားနိုင်ငံတစ်ခုခုရဲ့ နိုင်ငံသားအဖြစ်လည်း ခံယူခွင့်မရှိစေရဆိုတာ မတရားလွန်းလှပါတယ်။ နေထိုင်ရာ မြန်မာနိုင်ငံမှာလည်း "နိုင်ငံသား" ဖြစ်ခွင့်မရှိ၊ အခြားနိုင်ငံတစ်ခုရဲ့ နိုင်ငံသားအဖြစ်လည်း ခံယူခွင့်မရှိတဲ့ ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများဟာ နိုင်ငံတစ်ခုအတွင်းက နိုင်ငံမဲ့များဖြစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စု၊ စင်္ကာပူ အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ အမြဲတမ်းနေထိုင်ခွင့်ရသူများ (Permanent Residents) ဟာ ၎င်းတို့ရဲ့ မူလနိုင်ငံသားအဖြစ်ကို စွန့်လွှတ်စရာမလိုပါ။ သူတို့ရောက်ရှိနေတဲ့ နိုင်ငံရဲ့ နိုင်ငံသားများ မဟုတ်သေးပေမယ့် သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတဲ့ နိုင်ငံတစ်ခုရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ ၎င်းတို့ ရဲ့မူလနိုင်ငံသားဘဝကို စွန့်လွှတ်ပြီး အမေရိကန်နိုင်ငံသား၊ စင်္ကာပူနိုင်ငံသားအဖြစ်ကို ခံယူမယ်ဆိုရင်လည်း ခံယူခွင့်တွေ ရှိနေပါတယ်။

ဒီလို တင်းကြပ်လွန်းတဲ့ ပြဋ္ဌန်းချက်တွေကို နိုင်ငံတကာ လူ့အခွင့်အရေးစံတွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ ညှိနှိုင်းပြီး ပြင်ဆင်သင့်ပါတယ်။ ဧည့်နိုင်ငံသားများနဲ့ နိုင်ငံသားပြုခွင့်ရသူများကို ၎င်းတို့ရဲ့ သက်တမ်းအတွင်းမှာတင် သင့်တင့်လျောက်ပါတ်တဲ့ အရည်အချင်းသတ်မှတ်ချက်များနဲ့ ပြည့်စုံရင် နိုင်ငံသားဖြစ်ခွင့်ပေးတာက ပိုပြီးတရားမျှတလိမ့်မယ်။ တိုင်းပြည်အတွက်လည်း ပိုပြီးအကျိုးရှိပါလိမ့်မယ်။


၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ၊ ပုဒ်မ (၁၆) မှာ "နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအတိုင် ထွက်ခွါလျင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူလျင် သို့မဟုတ် မှတ်ပုံတင်လျင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျင်ဖြစ်စေ နိုင်ငံသားအဖြစ်မှ ရပ်စဲသည်" ဟု ပြဋ္ဌန်းထားပါတယ်။ ပုဒ်မ (၂၂) မှာ "နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း၊ ဧည့်နိုင်ငံသားအဖြစ်သော်လည်းကောင်း၊ နိုင်ငံသားပြုခွင့်ရသူအဖြစ်ကိုသော်လည်းကောင်း ပြန်လည်လျှောက်ထားခွင့်မရှိစေရ" လို့ ပြဋ္ဌန်းထားပါတယ်။ ဒီပြဋ္ဌန်းချက်တွေက မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ ထွက်ခွါကြရပြီး ပြည်ပနိုင်ငံများမှာ အခြေစိုက်နေထိုင်ခဲ့ကြလို့ နိုင်ငံတွင်း ဒီမိုကရေစီရေး အပြောင်းအလဲများဖြစ်ချိန်မှာ ကိုယ့်နိုင်ငံကို ပြန်ပြီး အလုပ်အကြွေးပြုချင်ကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံးကို တံခါးပိတ်လိုက်တဲ့ ပြဋ္ဌန်းချက်တွေပါ။

၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစလို့ အခု ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာရှိနေဆဲ အချိန်အထိ နှစ်ပေါင်း ၆၀ လောက်ကာလအတွင်းမှာ သောင်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေဟာ နိုင်ငံရေး၊ စီးပွါးရေးဖိနှိပ်ခံရမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ တရားမျှတမှုကင်းမဲ့မှုများ စတဲ့ အကြောင်းများနဲ့ အမိနိုင်ငံကို မလွှဲမရှောင်သာ စွန့်ခွါခဲ့ကြရပါတယ်။ တစ်ချို့က နိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံက တရားဝင်ထွက်ခွါပြီး ရောက်တဲ့နိုင်ငံမှာ အပြီးတိုင် နေထိုင်လိုက်ကြတာပါ။ အချို့က နယ်စပ်ဒေသ ဒုက္ခသည်စခန်းများဆီ ထွက်ပြေးခိုလှုံကြရတာပါ။ အချို့က ဒုက္ခသည်စခန်းများက တဆင့် လူသားချင်းစာနာထောက်ထားတဲ့ နိုင်ငံများဆီမှာ နေထိုင်ခွင့်ရကြတာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲ နိုင်ငံကို စွန့်ခွါရသည်ဖြစ်စေ၊ အားလုံးရဲ့ ရင်ထဲမှာ တစ်ချိန်ကျရင် မွေးဖွားရာ မြန်မာနိုင်ငံမှာပဲ ပြန်လည်နေထိုင်ချင်တဲ့ စိတ်ရှိကြမှာပါ။

ဒါပေမည့် သူတို့အတွက် မြန်မာနိုင်ငံမှာ ပြန်လည်နေထိုင်ရေးအိပ်မက်ဟာ လက်တွေ့ဖြစ်လာဖို့ မလွယ်လှပါ။ သူတို့အနေနဲ့ လက်ရှိကိုင်ဆောင်ထားတဲ့ နိုင်ငံသားဘဝတွေ၊ နိုင်ငံကူးလက်မှတ်တွေ၊ ခရီးသွားလက်မှတ် (Travel Documents) တွေကို အပြီးတိုင် စွန့်လွှတ်ပြီး မြန်မာနိုင်ငံသားဘဝကို ပြန်လည်လျှောက်ထားမယ်ဆိုရင်တောင်မှ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေက သူတို့ရဲ့ အပြန်ခရီးကို တံခါးပိတ်ထားပါတယ်။

ချွင်းချက်တော့ရှိပါတယ်။ ပုဒ်မ (၈)၊ ပုဒ်မခွဲ (က) အရ "နိုင်ငံတော်ကောင်စီ (အစိုးရ) သည် " နိုင်ငံတော်၏အကျိုးငှါ" မည်သူကိုမဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်နိုင်သည်" လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ သမ္မတဦးသိန်းစိန် အစိုးရရဲ့ လက်ထက်မှာ ဒီအာဏာကို သုံးပြီးတော့ပဲ ပြည်ပက ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားဟောင်းအချို့ကို နိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြုထားပါတယ်။ ဒါပေမယ့်လည်း "နိုင်ငံတော်၏အကျိုးငှါ" လို့ ဝိသေသပြုထားတဲ့အတိုင်း အားလုံးအပေါ် တန်းတူညီမျှ ဆုံးဖြတ် လက်ခံလိမ့်မယ်မထင်ပါ။ အစိုးရအတွက် အကျိုးရှိမည့်လူများကိုသာ ဦးစားပေးလက်ခံပြီး အစိုးရနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ဝေဘန်ဆန့်ကျင်နေတဲ့ လူများကိုတော့ လက်ခံလိမ့်မယ် မထင်ပါ။ ထောင်နဲ့ သောင်းနဲ့ ချီတဲ့ ပြည်ပရောက် မြန်မာများရဲ့ မြန်မာနိုင်ငံသား ပြန်လည်ဖြစ်ခွင့်ရရေး ကံကြမ္မာကို အစိုးရအဖွဲ့ရဲ့ လက်ထဲ အပ်နှင်းထားရတာ မသင့်တော်ပါ။

တိုင်းပြည်က စွန့်ခွါပြီး အခြားနိုင်ငံသားဘဝကို ခံယူတိုင်း တိုင်းပြည်ကို သစ္စာဖောက်တယ်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်မရှိဘူးလို့ ဆုံးဖြတ်လို့မရပါ။ မြန်မာနိုင်ငံရဲ့ နှစ် ၇၀ ကျော် ပြည်တွင်းစစ်နဲ့ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်အုပ်စိုးမှုက မြန်မာနိုင်ငံသားများပြည်ပကို ထွက်ခွါရခြင်းအပေါ်မှာ တာဝန်အပြည့်အဝရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေအရ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ထွက်ခွါနေထိုင်ရတဲ့ မြန်မာများကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံ အသိအမှတ်ပြုရေးအတွက် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေကို "မတူကွဲပြားမှုများ၏ စုစည်းညီညွတ်မှုသည် တိုင်းပြည်၏ အင်အားဖြစ်သည်" ဆိုတဲ့ ယုံကြည်မှုအပေါ် အခြေခံပြီး ပြန်လည်ပြင်ဆင်သင့်ပါတယ်။

၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေ၊ ပုဒ်မ (၆၆) အရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ်ဆိုတာကို ဗဟိုအဖွဲ့က အဆုံးအဖြတ်ပေးမှာဖြစ်ပြီး ပုဒ်မ (၆၆) အရ ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ဝင်ဖြစ်တဲ့ ဝန်ကြီး သုံးပါးနဲ့ ဖွဲ့စည်းပါတယ်။ ပုဒ်မ (၇၀) အရ ဗဟိုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ရင် ဝန်ကြီးအဖွဲ့ (အစိုးရအဖွဲ့) ကို အယူခံတက်နိုင်ပြီး အစိုးရအဖွဲ့ရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၉၉၇ ခုနှစ် မတ်လ ၂ ရက်နေ့မှာ နအဖအစိုးရက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လက်မှတ်နဲ့ ပြဋ္ဌန်းတဲ့ "မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့်ဥပဒေ"၊ ပုဒ်မ (၃) အရ ဗဟိုအဖွဲ့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ဝန်ကြီးက ဥက္ကဋ္ဌဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးများက အဖွဲ့ဝင်၊ ဥက္ကဋ္ဌက တာဝန်ပေးသူက အတွင်းရေးမှူးအဖြစ် ပါဝင်တဲ့ အဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းပါတယ်။

နိုင်ငံတစ်ခုအနေနဲ့ လူတစ်ယောက်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း၊ ငြင်းပယ်ခြင်းဆိုတာ အင်မတန်အရေးကြီးတဲ့ ကိစ္စပါ။ လူတစ်ယောက်ရဲ့ ဘဝမှာလည်း နိုင်ငံတစ်ခုခုရဲ့ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာ အင်မတန်အရေးကြီးတဲ့ ကိစ္စပါ ။ နိုင်ငံတစ်ခုရဲ့ နိုင်ငံသားဖြစ်ခြင်းဟာ လူတစ်ယောက်အတွက် သူ့ကို အသိအမှတ်ပြုတဲ့ နိုင်ငံအပေါ် သစ္စာရှိမှု၊ ချစ်မြတ်နိုးမှု၊ တာဝန်ယူမှုတွေ ဖြစ်ပေါ်စေပါတယ် ။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရတဲ့ လူတစ်ယောက်အဖို့မှာတော့ ဘယ်နိုင်ငံကိုမှ သစ္စာရှိစရာ၊ ချစ်မြတ်နိုးစရာ၊ တာဝန်ခံစရာမရှိတော့တဲ့အပြင် အသိအမှတ်ပြုမခံရခြင်းအပေါ် နာကျင်မှု၊ခံပြင်းမှု၊ ဒေါသထွက်မှုတွေနဲ့ နှောက်ယှက်ဖျက်ဆီးသူတွေ ဖြစ်သွားတတ်ပါတယ်။ အကြမ်းဖက်သမားအများစုမှာ ကိုယ်စားပြုရာ နိုင်ငံမရှိပါ၊


ဒီလို တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ နိုင်ငံသားဖြစ်ခြင်းကိစ္စကို ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးများက အဆုံးအဖြတ်ပေးမည့်အစား ပြည်သူလူထုကို ကိုယ်စားပြုသူများကသာ ဆုံးဖြတ်သင့်ပါတယ်။ နိုင်ငံသားဥပဒေပါ ဗဟိုအဖွဲ့ဆိုတာကို "ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးတဲ့ လွှတ်တော်ရေးရာကော်မီတီ" အဖြစ် ပြန်လည်ဖွဲ့စည်းသင့်ပါတယ်။ အယူခံလွှာကို ကြားနာပြီး အပြီးသတ်အဆုံးအဖြတ်ပေးရမည့် အဖွဲ့အစည်းကိုလည်း အစိုးရအဖွဲ့အစား "ပြည်ထောင်စုလွှတ်တော်" အဖြစ် ပြင်ဆင်သတ်မှတ်သင့်ပါတယ်။ အခုအချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံကိုတောင် CRPH က ဖျက်သိမ်းပြီးခဲ့ပြီမို့ ဒီ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေကိုလည်း CRPH နဲ့ NUG က ဖျက်သိမ်းကြောင်းကြေညာပြီး ပိုပြီး ပြည့်စုံမျှတတဲ့ နိုင်ငံသားဥပဒေအသစ်တစ်ခုကို တိုင်းရင်းသားပြည်သူများအားလုံး၊ မတူကွဲပြားသူများအားလုံးရဲ့ အကြံပြုချက်တွေနဲ့ စတင်ရေးဆွဲသင့်ပါတယ်။


(ဇွန် ၁၊ ၂၀၂၁)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar