Breaking News

ဦးနွေ - လမ်းများ

လမ်းများ
ဦးနွေ
(မိုးမခ) ဇွန် ၂၂၊ ၂၀၂၁

(၁)

လမ်းများသည် မြို့ပြအင်္ဂါရပ်ထဲတွင် အလွန်အရေးပါသည့် အစိတ်အပိုင်းတခုအဖြစ် ပါဝင်သည်။ လမ်းများပေါ်တွင် ကားများကို မောင်းနှင်ပြီး တမြို့မှတမြို့သို့ သွားလာ၍ရသည်။ ထို့ ထက်ပိုပြီး တနိုင်ငံနှင့်တနိုင်ငံသွား လာ၍လည်း ရသည်။ ထို့အတူ ကုန်ပစ္စည်းများကို ကားများပေါ်သယ်ဆောင်ပြီး လမ်းများပေါ်တွင်မောင်း နှင်ကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးသန်းကာရောင်းဝယ်ဖောက်ကား၍လည်း ရသည်။
ပြင်သစ်နိုင်ငံရှိလမ်းများပေါ်တွင် ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားနေပုံကို ရုပ်သံလိုင်းတခုမှာ တင်ဆက်ထားသည်ကို ကြည့်လိုက်ရသည်။ ထိုလမ်းများကို တီဗွီဖန်သားပြင်ပေါ်တွင် မြင်လိုက်ရသည်မှာ ရင်သက်ရှုမောဖွယ်ရာပင် ဖြစ် သည်။ ထို့ကြောင့် အပြင်မှာသာ တကယ့်လက် တွေ့မြင်လိုက်ရလျှင် ပိုပြီးလှပလိမ့်အုံးမည်ဖြစ်သည်။

(၂)

လမ်းများ၏ ဝဲယာနှစ်ဖက်တွင် အစီအရီရှိသည့် သစ်ပင်များသည် လမ်းသွားလမ်းလာများကို အ ရိပ်ကောင်းစွာပေးသည်။ ထိုအရိပ်များတွင် ခိုနား သူများကို အေးမြစေသည်။ အများအားဖြင့် ခိုနား သူများမှာ အောက်ခြေလူတန်းစားများဖြစ်သည့် ရပ်ကွက်ထဲ လှည့်လည်ရောင်းချသည့် ခေါင်းရွက်စျေးသည်များ၊ အထမ်းသည်များနှင့် ပစ္စည်းအတိုအစများကို လိုက်ကောက်သူများ စသဖြင့် ခိုနားကြသည်။ ခိုနားခ ပိုက်ဆံပေးစရာမလိုသည့် အရိပ်များ ဖြစ်သည်။ အဆင့်အတန်းမခွဲခြား
သည့် အရိပ်များလည်း ဖြစ်သည်။
လမ်းများ၏ ဝဲယာနှစ်ဖက်တွင်ရှိသည့် လမ်းမီး တိုင်များသည် ညဘက်ရောက်သည့်အခါ လမ်းများ၏အလှတရားကို ပိုမိုတောက်ပြောင်စေ သည်။ ထို့အပြင် လမ်းမီးတိုင်များသည် လမ်းပေါ်တွင် သွားနေကြသည့် ယာဥ်မျိုးစုံကို အန္တရာယ် ကင်းစွာ မောင်းနှင်နိုင်ရန် အထောက်အကူပြုပေး သည်။ ထို့အတူပင် လမ်းမီးတိုင်များသည် လမ်း တစ်လမ်းဖြစ်ပေါ်လာပြီဆိုသည်နှင့် မရှိမဖြစ်လို အပ်သည့် အရာတစ်ခုလည်း ဖြစ်သည်။

(၃)

လမ်းများ၏ ဝဲယာနှစ်ဖက်တွင်ရှိသည့် ပလပ်ဖောင်းများသည် ခြေလျင်လျှောက်သူတို့အတွက် အားထားရာ ဖြစ်သည်။ ပြီးလျှင် လမ်းပေါ်တွင်မောင်းနှင်နေသည့် ယာဥ်မျိုးစုံ၏မတော်တဆတိုက်မိနိုင်မည့်အန္တရာယ်ကနေ အကာအကွယ်ပေးသည်။ ပြီးနောက် အိမ်ပြန်ချိန်များမှာ အတူတူပြန်ကြမည့်စုံတွဲလေးများ၏လျှောက်လှမ်းရာ ဗိမာန်တစ်ခုလည်း ဖြစ်သည်။ ပြီးသည့်အခါကြည်နူးချမ်း​မြေ့သည့် အကြည့်များကိုဖလှယ်ရာ နေရာတခုလည်း ဖြစ်သည်။
လမ်းများပေါ်တွင်ဆွဲထားသည့် လူကူးမျဥ်းကြားများသည် ယာဥ်မျိုးစုံမောင်းနှင်နေသည့်အချိန် မီးနီပြ၍ ရပ်တန့်သွားသည့်အခါ လမ်းတဖက်မှလမ်းတဖက်သို့  ခြေလျင်လျှောက်သူများ ဖြတ်ကူးရာနေရာ ဖြစ်သည်။ တယောက်ထဲသမားများသည် ခပ်သုတ်သုတ်ဖြတ်ကူးကြမည်။ စုံတွဲလေးများသည် တယောက်လက်ကိုတယောက်ဆွဲပြီး ချစ်ခြင်းမေတ္တာများကူးယှက်ကာ ဖြတ်ကူးကြမည်။ ပြီးနောက် လမ်းများပေါ်ရှိ လူကူးမျဥ်းကြားများသည် လူ သားများ၏စည်းကမ်းလိုက်နာမှုများနှင့် ကိုယ်ချင်းစာတရားများကို စမ်းသပ်သည့် အရာများပင်ဖြစ်သည်ဟုလည်း ထင်မြင်ယူဆမိသည်။

(၄)

လမ်းများသည် တဖြည်းဖြည်းလည်ပတ်နေသည့် အချိန်များထဲတွင် ပြောင်းလဲ၍သွားသည်။ လမ်းများပေါ်တွင် လူနှင့်တူသော်လည်း လူကဲ့သို့ နှလုံးသားမရှိပဲ လူများနေထိုင်သည့်နိုင်ငံကို အတင်းအဓမ္မသိမ်းပိုက်ထားသည့် မိစ္ဆာအိုကြီးတစ်ကောင်၏ရက်စက်သည့် နှလုံးသားကို ထည့်သွင်းထားသည့် ခြေမှုန်းရေးသေနတ်များကို ကိုင်ဆောင်ထားသော သတ္တဝါများရောက်ရှိ၍လာသည်။ ထိုသတ္တဝါများသည် လူနှင့်တူသော်လည်း လူစကားကိုနားမလည်ပေ။ ထို့အပြင် လမ်းများပေါ်တွင် လူမြင်သည်နှင့် လိုက်လံပစ်ခတ်ကြသည်။ ဖမ်းဆီးကြသည်။ လူတွင်ရှိသည့်ပစ္စည်းများကို လုယက်ကြသည်။ ထို့ကြောင့် လမ်းများသည် အကြောက်တရားများဖုံးလွှမ်းနေသောကြောင့် ယခုအခါတွင် လမ်းများ၏အလှတရားများသည် ကြောက်မက်ဖွယ်ရာကောင်း၍ နေပြီဖြစ်သည်။
လမ်းများပေါ်တွင် အရင်တုန်းက ယာဥ်မျိုးစုံမောင်းနှင်ကြသည်။ လူအများ လမ်းလျှောက်ကြ သည်။ လမ်းများနှင့် ယာဥ်မျိုးစုံ၊ လမ်းများနှင့် လူများသည် စွယ် တော်ရွက်တစ်ရွက်လို မည်သို့မျှ ခွဲခြားထား၍မရခဲ့ပေ။ သို့သော် ​လက်နက်ကိုင် သတ္တဝါများသည် လမ်းများပေါ် သို့ ယာဥ်မျိုးစုံနှင့်လူများ တက်လာ၍မရအောင် ခြေမှုန်းရေးသေ နတ်များဖြင့် ပစ်ခတ်ကြလေသည်။ ထို့ကြောင့် လမ်းများသည် ခြောက်ခြောက်သွေ့သွေ့ ဖြစ်၍ သွားလေ၏။

(၅)

လမ်းများပေါ်တွင် လူများ၏သွေးများ စွန်းထင်း၍ နေသည်။ ထိုသွေးများသည် မိစ္ဆာအိုကြီးတစ်ကောင်ကိုဆန့်ကျင်ကြသည့် တော်လှန်ရေးသမားများ၏ ရဲရင့်နီစွေးသည့်သွေးများဖြစ်သည်။ ထို့အပြင် လူအများလမ်းများပေါ်မှာလွတ်လပ်စွာသွားလာနိုင်ဖို့အတွက်တိုက်ပွဲဝင်ရာတွင် သတ္တဝါများက သေနတ်ဖြင့်ပစ်လိုက်သောကြောင့် ဒဏ်ရာရပြီးကျဆုံးသွားသည့် လူများ၏သွေးများလည်း ဖြစ်သည်။

ထိုသွေးများကိုကြည့်ပြီး ရှင်သန်နေသေးသည့်လူများသည် မျက်ရည်မိုးများ ရွာချကြသည်။ တောက်ခေါက်ကြသည်။ လက်သုံးချောင်းထောင်ကြသည်။ အံကြိတ်ကြသည်။ ပြီးနောက် လူများပိုင်သည့်လမ်းများပေါ်တွင် သတ္တဝါများသွားလာနေသည်ကို မောင်းထုတ်ရန်အတွက် ဆက်လက်တိုက်ပွဲဝင်မည်ဟု သန္ဓိဋ္ဌာန်ချကြသည်။ ပြီးသည့်အခါ ထိုသွေးများစွန်းထင်းနေသည့်လမ်းများပေါ်တွင် အမြဲသတိရနေမည့်အထိမ်းအမှတ်အဖြစ် ပန်းစည်းများကိုချထားခဲ့ပြီး မိစ္ဆာအိုကြီးနှင့် သူ၏ သတ္တဝါများကို တော်လှန်ဖို့ရာ အသီးသီးလှည့်ပြန်သွားကြလေသည်။

(၆)

တိုက်ပွဲတစ်ခုတွင် ဖြစ်သည်။ သတ္တဝါများသည် ကျည်ဆံမိုးများကို တရစပ်ရွာချနေသည်။ လူများသည် မြေပြင်ပေါ်တွင် ပြားပြားဝပ်၍ နေ သည်။ ထိုအချိန်တွင် လူတစ်ယောက်သည် သတ္တဝါများ၏ကျည်ဆံထိမှန်ပြီး ​လမ်းပေါ်တွင် ပက်လက်အနေအထားဖြင့် လဲနေသည်။ ထိုအချိန်တွင် အခြားလူတစ်ယောက်သည် ဒိုင်းတခုကိုကိုင်ပြီး လဲနေသည့်လူနားတွင်ကာထားပြီး ထိုလူကို လှုပ်နှိုးလေသည်။ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေး၍ရသော်လည်း မပြေးဘဲ လဲနေသည့်လူကို နောက် ထပ်ကျည်ဆံများမထိမှန်စေရန် ဒိုင်းဖြင့်ကာပေးထားသည့် သတ္တိသည် မြင်ရသူအပေါင်းကို ကြက်သီးဖြန်းဖြန်းထစေသည်။ လူများနှင့် သတ္တဝါများ၏တိုက်ပွဲအတွင်းက လူများ၏ညီညွတ်သည့် စိတ်ဓာတ်တခုပင် ဖြစ်သည်။

သတ္တဝါများမှပစ်လိုက်သည့်ကျည်ဆံထိမှန်ပြီး လမ်းပေါ်တွင် လူတစ်ယောက်သည် သေဆုံး၍နေသည်။ ထိုလူ၏အနီးနားတွင် မည်သူမျှမရှိပေ။ အရာဝတ္ထုများ သည် ငြိမ်သက်နေသည်။ သစ်ပင်များသည် ငြိမ်သက်နေသည်။ လှုပ်ရှားသည့် မည်သည့်အရာမျှ မတွေ့ရပေ။ ထို့အတူပင် ထိုလူသည်လည်း တစ်ချက်မျှပင် လှုပ်ရှားခြင်းမရှိဘဲ လမ်းပေါ်တွင် လဲနေခြင်း ဖြစ်သည်။ ထိုလူသည် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ မည်သည့်အတွက်ကြောင့် သတ္တဝါများက သေနတ်ဖြင့် ပစ်ရသလဲ။ ကျွန်တော် မစဥ်းစားတော့ပါ။ အဘယ်ကြောင့်ဆိုသော် သတ္တဝါများသည် လမ်းပေါ်တွင် လူများကိုတွေ့သည်နှင့် လိုက်ပစ်သောကြောင့် ဖြစ်သည်။
လမ်းပေါ်မှာ သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့်လူအမျိုးသမီးသည် အိမ်ထောင်သည်ဖြစ်လျှင် သူ၏အမျိုးသားသည် ဝမ်းနည်းကြေကွဲနေမည်ဖြစ်သည်။ ထို့ထက်ပိုပြီး ကလေးများရှိလျှင် သူ၏ကလေးများသည်လည်း ငိုကြွေးကြမည်။ ထိုမှတဆင့် သူ၏မိဘညီအကိုမောင်နှမများ သည်လည်း ပူဆွေးဝမ်းနည်းကြမည် ဖြစ်သည်။ ပြီးသည့်အခါ သူ့တွင် အိမ်ထောင်မရှိလျှင် ရည်းစားတော့ ရှိလိမ့်မည်။ သူ၏ရည်းစားသည် သူ့အလောင်းကိုကြည့်ပြီး ပူ လောင်သည့်ခံစားမှု များကို ခံစားနေရမည် ဖြစ်သည်။ ​မိစ္ဆာအိုကြီး၏ ရက်စက်မှုများစွာထဲက ရက်စက်မှုတစ်ခုပင် ဖြစ်သည်။

(၇)

လမ်းများပေါ်တွင် မီးများဟုန်းဟုန်းတောက်နေ သည်။ မီးခိုးများသည် ကောင်ကင်ထက်သို့ အ လုံးလိုက်တက်၍ နေသည်။ မိစ္ဆာအိုကြီး၏ သတ္တ ဝါများသည် လမ်းများပေါ်တွင် ဟိုကြည့် ဒီကြည့် ကြည့်၍နေသည်။ ဟိုချောင်း ဒီချောင်း ချောင်း၍ နေသည်။ နေ့စဥ်နေ့တိုင်း သူတို့ကိုတော်လှန်နေသည့်လူများကို ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်ကြသည်။ အလောင်းပြန်ရသည့်အခါလည်းရှိသလို အလောင်းပြန်မရသည့်အခါလည်း ရှိသည်။ ပြန်ရသည့်အလောင်းများသည် အများအားဖြင့် ဒဏ် ရာအများအပြားနှင့် ဖြစ်သည်။

လမ်းများပေါ်တွင် သတ္တဝါများရှိနေသောကြောင့် လမ်းပေါ်သို့ လူများမတက်ကြတော့ပေ။ လမ်းပေါ် မတက်ရသည့် အချိန်ကြာလာသည်နှင့်အမျှ လူများသည် လမ်းများကို မြင်လျှင်ကြောက်ရွံ့နေ ကြပြီဖြစ်သည်။ တစ်ချိန်က လူသားများနှင့် စည် ကားနေသည့် လမ်းများကို ယခုအခါတွင် မိစ္ဆာအိုကြီး၏ သတ္တဝါများက သိမ်းပိုက်ထားလိုက်ကြပြီ ဖြစ်သည်။ ထို့အပြင် လမ်းများပေါ်တွင်လည်း သတ္တဝါများပင်ကြီးစိုး၍ နေ သည်။ ထို့ကြောင့် သတ္တဝါများကို ကျွန်တော်တို့လူများ လမ်းများပေါ်မှ မောင်းထုတ်ကြရမည် ဖြစ်သည်။ သတ္တဝါများကို မမောင်းထုတ်လျှင် (သတ္တဝါများ၏ အချိန်သတ်မှတ်ချက်သည် တစ်နှစ် = နှစ် နှစ်ဆယ်) ဖြစ်သောကြောင့် ကျွန်တော်တို့လူများ သည် သတ္တဝါများ၏အုပ်ချုပ်မှုအောက်တွင် နှစ် နှစ်ဆယ်နေထိုင်ရမှာ ဧကန်မလွဲပင် ဖြစ်သည်။ အရေးတော်ပုံ အောင်ရမည်။

ဦးနွေ


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar