Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၃ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၃၊ ၂၀၂၁

စစ်ရေးနဲ့ နိုင်ငံရေး မျှခြေရှိနေဖို့ ...

စစ်ကောင်စီ အာဏာသိမ်းပြီး ၄ လကျော်ကာလ ရောက်လာတဲ့အချိန် တိုင်းပြည်ရဲ့ ပဋိပက္ခက ပိုမိုနက်ရှိုင်းလာနေတာကို တွေ့မြင်နေရပါတယ်။ စစ်ကောင်စီက ဆက်ပြီးမိုက်မိုက်မဲမဲ ဖြိုခွဲမှု ဖမ်းဆီးမှု၊ သတ်ဖြတ်မှု ၊ ရရာလက်နက် နဲ့ ခုခံစစ်တိုက်ခိုက်သူတွေကို စစ်ပွဲကြီးသဖွယ် အင်အား အဆမတန်သုံး တိုက်ခိုက်နေတာတွေက နေ့စဥ် အဖြစ်အပျက်တွေ ဖြစ်လာနေကြပါပြီ။

စစ်ကောင်စီ အာဏာသိမ်းမှု ဖြိုခွဲမှု၊ ရက်စက်မှုတွေကို မခံမရပ်နိုင်တဲ့ လူငယ်တွေက တိုင်းရင်းသား လက်နက်ကိုင် ဧရိယာတွေဆီ သွားရောက်ပြီး တပ်ဖွဲ့ဖွဲ့ဖို့ လုပ်သူတွေက လုပ်ကြသလို တိုက်ခိုက်ရေး ဖောက်ခွဲရေး၊ ပျောက်ကြားတိုက်ခိုက်မှု သင်တန်းတိုတွေတက်ကြပြီး ပြန်ဝင်လာသူတွေ ပြန်ဝင်လာကြပါတယ်။ အဲဒီလို လက်နက်ကို လက်နက်နဲ့တပ်ဖွဲ့တိုက်မယ် သို့မဟုတ်၊ လက်နက်ကို ပျောက်ကြားစနစ်နဲ့ တိုက်ခိုက်မယ်ဆိုတဲ့သူတွေ ရှိသလိုပဲ အကြမ်းမဖက်တဲ့ နည်းနဲ့ ဆန္ဒပြမယ့် နည်းလမ်းနဲ့ ဆန္ဒပြသူတွေလည်း ရှိနေဆဲပါ။

အဲဒီနည်းလမ်းတွေထဲ မပါဝင်သော်လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတချို့က စီဒီအမ် နည်းလမ်း စစ်တပ်အကျိုးစီးပွားတွေအားလုံး သပိတ်မှောက်မယ်ဆိုတဲ့ နည်းလမ်းနဲ့ ဆန့်ကျင်သူတွေလည်း ရှိပါတယ်။

လက်နက်ကိုင် နညး်လမ်း၊ လက်နက်မဲ့နည်းလမ်း၊ စီးပွားရေး လူမှုရေး ပိတ်ဆို့ သပိတ်မှောက်တဲ့ နည်းလမ်း အသွယ်သွယ်နဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်သူတွေ တိုက်ပွဲဝင်နေကြတာလည်း ဖြစ်ပါတယ်။

နေ့စဥ်သတင်းတွေထဲမှာ ဖမ်းဆီးမှု၊ အသက်သေသည်အထိ ရိုက်နှက်မှု၊ ပြစ်ဒဏ်ချမှတ်မှု၊ အကြပ်ကိုင် ဖိအားပေးမှု၊ ဗုံးကွဲမှု၊ လုပ်ကြံမှု၊ တိုက်ခိုက်မှုတွေ က အလျှံပယ် ဖတ်နေရ ကြားနေရတာလည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို ကြားသိရတဲ့အခါ အသက်ရှူခဏ ရပ်ထားမိတဲ့အထိ စိတ်ထဲထိခိုက်တဲ့ ခံစားမှု၊ ဒေါသထွက်တဲ့ ခံစားမှုတွေ မခံမရပ်နိုင်တဲ့ ခံစားမှုတွေ ရှိကြမှာ အမှန်ပါ။

သို့သော်လည်း ခံစားမှုက နိုင်ငံရေး ရည်ရွယ်ချက် ပန်းတိုင်ကို ဦးတည်ပြီး လုပ်ဆောင်ကြဖို့ တွန်းအားအဖြစ် ပြောင်းလဲသင့်ပြီး အဲလို တော်လှန်ရေး၊ ခုခံမှု၊ တန်ပြန်တိုက်ခိုက်မှု တွေလုပ်ဆောင်ကြတဲ့အခါ လက်စားချေလိုတဲ့ ရည်ရွယ်ချက်ထက် လူ့အဖွဲ့အစည်းကို စနစ်အသစ်နဲ့ ပြန်တည်ဆောက်ဖို့ ကို ဦးတည်ထားသင့်တယ်လို့ ဆိုချင်ပါတယ်။ အဲလို တော်လှန်ရေး ကို လုပ်ဆောင်ကြရာမှာ အများအကျိုးစီးပွားကို ဦးတည်ချက်ထားပြီး မိမိအဖွဲ့အစည်း လူပုဂ္ဂိုလ်တဦးချင်းရဲ့ သြဇာ အာဏာ ကို ဦးထိပ်မထားဖို့လည်း လိုပါတယ်။ စစ်တိုက်တဲ့အခါ မှာ နိုင်ငံရေး ပန်းတိုင်အတွက် တိုက်တယ်လို့ မှတ်ယူပြီး သတ်ခြင်း လက်စားချေခြင်း ဆိုတာမျိုးကို တွေးတောပြီး မလုပ်ကိုင်ကြဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။

ရက်စက်တဲ့ ဖြိုခွဲမှုကြောင့် လူအများရဲ့ ခံစားချက် ၊ စိတ်နာကျည်းမှုတွေ ရှိနေမယ်ဆိုတာ သဘာဝမို့ ဒီလိုခံစားချက်တွေကို မှားတယ် မရှိရဘူးလို့ မဆိုလိုပေမယ့် ပုဂ္ဂိုလ်ရေး အာဃာတ၊ အညှိုးအတေးနဲ့ လက်စားချေ လုပ်ဆောင်တာမျိုးတော့ အရေးတော်ပုံဘက်တော်သားတွေ အနေနဲ့ မလုပ်စေချင်ပါဘူး။

အရေးတော်ပုံ ဘက်တော်သားတွေကိုသာ ဘာမလုပ်စေချင်ဘူး ညာမလုပ်စေချင်ဘူးလို့ ပြောပြီး တဖက်က စစ်ကောင်စီဘက်က လက်မရွံ့တွေ ရက်စက်တဲ့ လုပ်ရပ်တွေကို မလုပ်ဖို့ မပြောဘူးလားလို့ ေမးစရာ ရှိပါလိမ့်မယ်။ ကျနော်တုိ့ အနေနဲ့ ဒီလို မှားယွင်းတဲ့ အယူအဆ၊ မှားယွင်းတဲ့ ရပ်တည်ချက်၊ ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ကို စတေးပြီး လုပ်နေတာတွေကို တွန်းလှန် တိုက်ပွဲဝင် တော်လှန်နေကြရာမှာ ကိုယ်ချမှတ်ထားတဲ့ စံနှုန်း တန်ဖိုးတွေက တရားမှု မျှတမှု၊ လူပုဂ္ဂိုလ်ဆိုတာထက် လုပ်ရပ်နဲ့ စနစ် ကို ပြောင်းလဲဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ လုပ်ရပ်နဲ့ မှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်။ နည်းလမ်း အရေးမကြီးဘူး ပန်းတိုင်ပဲ အရေးကြီးတယ်လို့ မှတ်ယူမှု မလွဲမှားစေလိုတာလည်း ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပန်းတိုင်ကို ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ချီတက်တာက အမှန်ဆုံးနိုင်ငံရေးလမ်းစဥ် ဖြစ်တယ်လို့သာ ဆိုချင်ပါတယ်။

အခုလို အကြောင်းအရာတွေ ဘာကြောင့် ရေးသားနေသလဲမေးရင် မြန်မာနုိင်ငံတော်သစ်ကို တည်ဆောက်ကြတဲ့ အခါမှာ အစကောင်း စေချင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ခုချိန်မှာ တော်လှန်ရေး လို့ဆိုတဲ့ အဓိပ္ပါယ်ကို အသစ်သော လုပ်နည်းလုပ်ဟန်၊ စံနှုန်းဟောင်းတွေ ၊ လုပ်နည်းဟောင်းတွေ စွန့်ပယ်ပြီး တရားမျှတမှုရှိသော၊ လူသားချင်းတန်းတူမှု ရှိေသာ၊ တပါးသူ အခွင့်အရေး လေးစားသော စံနှုန်းတွေကို ကိုင်စွဲပြီး အဟောင်းဖျက် အသစ်ဆောက်တဲ့ တော်လှန်ရေးမျိုး ဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ လက်တွေ့ ကျင့်သုံးမှုလုပ်ဆောင်ဖို့ လိုအပ်တယ် လို့မြင်ပါတယ်။

တိုင်းရင်းသားတွေနဲ့ အရေးကိစ္စတွေမှာလည်း တန်းတူရေး၊ တပါးသူ အခွင့်အရေးကို လေးစားရေးနဲ့ တန်းတူရည်တူ တိုက်ပွဲတိုက်ကြတာမျိုး ဖြစ်ရပါလိမ့်မယ်၊ ဗမာလူမျိုးတွေရဲ့ အရေးကို တိုင်းရင်းသားတွေက ကူညီရမယ်ဆိုတဲ့ အတွေးမျိုး လုံးလုံးမတွေးမိကြဖို့ လိုပါတယ်။ တန်းတူ ရည်တူ ဆန္ဒအမှန်နဲ့ ရိုးသားတဲ့ သဘောထားနဲ့ ပူးေပါင်း ဆောင်ရွက်ကြတာမျိုး တိုက်ပွဲဝင်ကြတာမျိုး ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒီလို အခြေခံ စိတ်ထားမျိုး နိုင်ငံရေး ရပ်တည်ချက် ခံယူချက်မျိုးရှိမှသာ ပြည်ထောင်စု ဆိုတဲ့ အနှစ်သာရနဲ့ ပြည့်စုံမှာ ဖြစ်ပါတယ်။ လူမျိုးကြီး ဝါဒ ၊ မဟာလူမျိုးကြီး ဝါဒ ကိုင်စွဲမိရင် အဆိုးသံသရာမှာ လည်ဖို့အကြောင်းဖြစ်လာပါလိမ့်မယ်။

အတိတ်သမိုင်းမှာ တိုင်းရင်းသားတွေနဲ့ ဗမာလူမျိုးတွေ အတူတကွ နေထိုင်ခဲ့ကြတဲ့ အချို့သောကာလတွေကို နမူနာ ယူကြဖို့ လိုသလို ခါးသည်းခဲ့တဲ့ အတိတ်သမိုငး်ကာလ တချို့ကိုလည်း သင်ခန်းစာ ယူနိုင်ကြဖို့ လိုအပ်ပါတယ်။ မြန်မာပြည်နိုင်ငံရေး ရှုပ်ထွေးခက်ခဲတဲ့ လမ်းကို နှစ်ပေါင်း ၇၀ ကျော်လျောက်လှမ်းလာခဲ့ရတဲ့ အကြောင်းတချက်မှာ တိုင်းရင်းသားတွေနဲ့ ပြည်မရဲ့ ဆက်ဆံရေး နိုင်ငံရေးဆိုင်ရာ ပဋိဉာဏ်က အဓိကကျတဲ့ အကြောင်းတချက် ဖြစ်နေလို့ဆိုတာကိုလည်း အစဥ် အမြဲ သတိပြု စဥ်းစားဆင်ခြင်ကြ စေချင်ပါတယ်။

လက်ရှိမျက်မှောက်မှာလည်း စောင့်ကြည့်ပြင်ဆင်နေရမယ့် အရေးကိစ္စတွေလည်း ရှိနေပါတယ်။ ရိုဟင်ဂျာလူမျိုးတွေနဲ့ အတူယှဉ်တွဲနေထိုင်ရေးကို NUG အစိုးရက သဘောထားထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတကာက ကြိုဆိုကြပေမယ့် အချို့သော ဘာသာရေးလူမျိုးရေး ထက်သန်သူများအတွက်တော့ ဝေဖန်ဆွေးနွေး အချိန်ယူကြရမှာ ဖြစ်ပါတယ်။ ချင်းပြည်နယ်ထဲက CNF အဖွဲ့နဲ့ လက်တွဲကြောင်း NUG က ကြေညာလိုက်ပါတယ်။ ချင်းအမျိုးသားလူမျိုးတွေ ခွဲဖြာရှိနေကြပြီး ပထဝီဒေသချင်း မတူကြတဲ့ ချင်းပြည်နယ်ထဲမှာ အခြားသော ချင်းလူမျိုးစုတွေကြားမှာကော ဘယ်လို တုန့်ပြန်ကြသလဲ။ ထိတွေ့ကြမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ KPICT ကချင်အဖွဲ့နဲ့ NUG တို့ကြား သဘောတူချက်ရပြီလို့ ကြေညာထားပါတယ်။ အချို့သော ကချင်အဖွဲ့အစည်းတွေက သဘောထားမတိုက်ဆိုင်ကြောင်း ထုတ်ပြန်တာကို တွေ့ရပါတယ်။ စစ်ရေးအရ စစ်ကောင်စီကို ဖြုတ်ချဖို့ အတူပူးပေါင်းဆောင်ရွက်ကြပြီး ဘုံရန်သူကို တိုက်ထုတ်နေချိန်တပြိုင်နက်တည်းမှာပဲ နိုင်ငံရေး လူမျိုးရေး ဖယ်ဒရယ်ရေးပေါ် အခြေခံတဲ့ သဘောတူညီမှု သဘောတရားချင်း မျှဝေဆွေးနွေးမှု လူထုကို စည်းရုံးအသိပေးနေမှုတွေလည်း တပြေးညီ လုပ်ဆောင်နေကြရမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar