Breaking News

အောင်ဒင် - အမျိုးသားညီညွတ်ရေးအစိုးရနှင့် ရိုဟင်ဂျာဆိုင်ရာ မူဝါဒ - ၂

အောင်ဒင် - အမျိုးသားညီညွတ်ရေးအစိုးရနှင့် ရိုဟင်ဂျာဆိုင်ရာ မူဝါဒ - ၂

(မိုးမခ) ဇွန် ၃၊ ၂၀၂၁

(၂) နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားအခွင့်အရေး ခံစားခွင့်များကို အာမခံခြင်း။

ရခိုင်တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်အချို့၊ အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်အချို့နဲ့ စကားပြောကြည့်ဖူးပါတယ်။ အဲဒီ ခေါင်းဆောင်များကိုယ်တိုင်က ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လူမျိုးများနဲ့ အစ္စလမ်ဘာသာကိုးကွယ်သူများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထောက်ခံကြပြီး ဘူးသီးတောင်၊ မောင်တောမှာ နေထိုင်ကြတဲ့ အစ္စလမ်ဘာသာကိုးကွယ်သူအများစုဟာ နိုင်ငံသားဖြစ်ခွင့်ရှိတယ်လို့ လက်ခံထားကြတာ တွေ့ရပါတယ်။ သူတို့ စိတ်ပူတာကတော့ ရခိုင်ပြည်နယ်တစ်ခုအတွင်းမှာပဲ အစ္စလမ်ဘာသာဝင်တွေ သန်းနဲ့ချီပြီး စုဝေးရောက်ရှိနေတာ။ မတူညီတဲ့ ဘာသာရေး ယုံကြည်မှုတွေကို အခြေပြုပြီး အသိုင်းအဝိုင်းနှစ်ခုအကြား ပဋိပက္ခတွေ အချိန်မရွေး ဖြစ်ပွားခဲ့၊ ဖြစ်ပွားနေတာတွေကိုပါ။ ဒါကြောင့်မို့ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှုဥပဒေကို နိုင်ငံတကာစံနှုံးများနဲ့အညီ ပြင်ဆင်ရေးဆွဲ (သို့မဟုတ်) အသစ်ရေးဆွဲပြီး ရိုဟင်ဂျာများထဲက နိုင်ငံသားဖြစ်သင့်သူတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့၊ အခုချက်ချင်း နိုင်ငံသားမဖြစ်ထိုက်သေးသူတွေကိုလည်း ကာလအကန့်အသတ်တစ်ခုမှာ သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ ကိုက်ညီရင် နိုင်ငံသားဖြစ်ခွင့်ရှိမယ်ဆိုတဲ့ အာမခံချက်တွေ ပေးနိုင်ဖို့ လိုအပ်ပါတယ်။

နိုင်ငံသားဖြစ်ခွင့်ပေးရုံပေးပြီး သူတို့ကို ရခိုင်ပြည်နယ်ထဲမှာပဲ လှောင်ပိတ်ထားလို့ မရပါဘူး။ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေကို တန်းတူညီမျှ ခံစားခွင့် ပေးရပါမယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို လွတ်လပ်စွာ အခြေချနေထိုင်ခွင့်၊ လွတ်လပ်စွာ ရွှေ့ပြောင်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ပညာသင်ခွင့်၊ စီးပွါးရှာခွင့်၊ ပြောဆိုဆွေးနွေးခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေ ရရှိစေရပါမယ်။ အဲဒီလို နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝခံစားခွင့်ရကြမယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ကန့်သတ်ပိတ်လှောင်ခံနေကြရတဲ့ အစ္စလမ်ဘာသာဝင်များဟာ နိုင်ငံတဝှမ်းကို ပျံ့နှံ့ရောက်ရှိပြီး ရခိုင်ပြည်နယ်မှာ နေထိုင်သူ အရေအတွက် လျော့နည်းသွားနိုင်ပါတယ်။

ဒီနေရာမှာ အရေးအကြီးဆုံးက ရခိုင်ပြည်နယ်မှာတင် မကပဲ မြန်မာနိုင်ငံတဝှမ်းက ဗုဒ္ဓဘာသာဝင် ပြည်သူအချို့မှာ ရှိနေတဲ့ အစ္စလမ်ဘာသာ မုန်းတီးရေးအယူအဆ၊ မွတ်ဆလင်ဆန့်ကျင်ရေးအယူအဆတွေကို အစိုးရက ဦးဆောင်ပြီး ဖျောက်ဖျက်နိုင်အောင် ကြိုးစားဖို့နဲ့ ဘာသာ၊ လူမျိုးမခွဲခြားပဲ နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေး ပညာပေးစည်းရုံးကြဖို့ ဖြစ်ပါတယ်။

ကျနော်တို့ ပြည်သူများမှာလည်း "ငါ" စွဲတွေ ကြီးလှပါတယ်။ "ငါတို့ ကိုးကွယ်တဲ့ ဘာသာက အကောင်းဆုံး"၊ "ငါတို့လူမျိုးက အမြတ်ဆုံး"၊"ငါတို့ နိုင်ငံက အကြီးကျယ်ဆုံး"၊ "ဗမာလူမျိုးဆိုတာ သာကီဝင်တွေ၊ တစ်ချိန်တုံးက ကမ္ဘာကို စိုးမိုးအုပ်ချုပ်ခဲ့တာ"၊ "ဗုဒ္ဓဘာသာမှလွဲ၍ အခြားဘာသာအယူဝါဒ ကိုးကွယ်သူများဟာ မိစ္ဆာဒိဌိ"၊ စတဲ့ ကိုယ့်ကိုယ်ကို အလွန်အကျွံ အထင်ကြီးမှုတွေ၊ အမှားကို အမှန်အဖြစ် တရားသေလက်ခံထားမှုတွေ မဖျောက်နိုင်သ၍ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လူမျိုး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးဆိုတာ မဖြစ်နိုင်ပါ။ ဒီကြားထဲ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့အတွက် ဘာသာခြားတွေကို သတ်တာ အပြစ်မရှိဘူးလို့ ဟောပြောနေတဲ့ ဘာသာရေးခေါင်းဆောင်တွေ ရှိနေပြန်ပါတယ်။

မြန်မာပြည်သူအများစုက "မဘသ" လို ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်တွေက လုပ်ကြံဖန်တီးတည်ဆောက်ထားတဲ့ "အစ္စလမ်ဘာသာ မုန်းတီးရေးအယူအဆ"၊ "မွတ်ဆလင်ဆန့်ကျင်ရေးအတွေးအခေါ်" တွေကို ရဲရဲရင့်ရင့် ပစ်ပယ်ပြီး ဘာသာ၊ လူမျိုးမခွဲခြားပဲ လူသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြမယ်ဆိုရင် ရခိုင်ပြည်နယ်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားများအဖြစ်နဲ့ နိုင်ငံအတွင်း သူတို့ နှစ်သက်ရာ ဒေသမှာ အခြေချနေထိုင်ရဲကြမှာပါ။

(၃) ရိုဟင်ဂျာလူမျိုးစု (Ethnic Group) အဖြစ် အသိအမှတ်ပြုခြင်း။

ဘင်္ဂလားနယ်က လာလို့၊ စစ်တကောင်းက လာလို့ သူတို့ကို "ဘင်္ဂါလီ" လို့ ခေါ်ခဲ့ကြတာ နှစ်ပေါင်း ၂၀၀ ပြည့်ပါတော့မယ်။ ဒီအသုံးအနှုံးကို တချို့က ရိုးရိုးသားသား သူတို့ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုပြီး ခေါ်တာဖြစ်ပေမယ့် တချို့ကတော့ ဒီအစ္စလမ်ဘာသာဝင်တွေကို နှိမ့်ချစော်ကားချင်တဲ့ စိတ်နဲ့ ခေါ်ဆိုကြတာပါ။ လူဝင်မှုကြီးကြပ်ရေးဋ္ဌာနရဲ့ အမျိုးသားမှတ်ပုံတင်နံပါတ် ထုတ်ဝေရာမှာလည်း "ဘင်္ဂါလီ" ဆိုတာကို လူမျိုးစုတစ်စုအဖြစ် အသိအမှတ်ပြုထားပါတယ်။ လူမျိုးစုဆိုတာ တိုင်းရင်းသား (Indigenous/Native of the Country) မဟုတ်ပါ။

အခုအချိန်မှာ အဲဒီ "ဘင်္ဂါလီ" တွေက သူတို့ကို "ရိုဟင်ဂျာ" လို့ ခေါ်ကြပါဆိုပြီး တောင်းဆိုနေကြပါပြီ။ ကျနော်တို့ လက်ခံသင့်ပါတယ်။ အသိအမှတ်ပြုသင့်ပါတယ်။ မူရင်းအဓိပ္ပာယ်က ဘယ်လောက်ပဲ ရိုးသားခဲ့၊ ရိုးသားခဲ့၊ အခုအချိန်မှာ "ဘင်္ဂါလီ" ဆိုတဲ့ အသုံးအနှုံးဟာ အများအမြင်မှာ နှိမ့်ချစော်ကားတဲ့ စကားလုံး ဖြစ်နေပါပြီ။ ပြီးတော့ လူမျိုးစုတစ်စုမှာ သူတို့ နှစ်သက်ရာ နံမည်ကို ခေါ်ဖို့ တောင်းဆိုခွင့်ရှိပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားအချို့မှာလည်း နံမည်အမှန်နဲ့ အသိအမှတ်ပြုခံရဖို့ ကြိုးစားနေကြတာ ရှိပါတယ်။ "အခါ" မဟုတ်ဘူး၊ "အာခါ"။ "ပလောင်" မဟုတ်ဘူး၊ "တအန်း"၊ စသည်ဖြင့်။ ဒါကြောင့် "ရိုဟင်ဂျာ လူမျိုးစု" ဆိုတာကို အသိအမှတ်ပြုသင့်ပါတယ်။

(၄) တိုင်းရင်းသား (Indigenous/Native of the Country) ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့်ပါတ်သက်၍ နောင်ကာလတစ်ခုတွင် ဆက်လက်ဆွေးနိုင်ရန် တံခါးဖွင့်ထားခြင်း။

ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ခြင်း၊ မသတ်မှတ်ခြင်းနဲ့ ပါတ်သက်ပြီး အနာဂတ် လွတ်လပ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဘဝမှာ ဆက်လက် ဆွေးနွေးကြဖို့ တံခါးဖွင့်ထားသင့်ပါတယ်။ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေအရ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၄) မတိုင်ခင် မြန်မာနိုင်ငံတွင်းမှာ တည်ရှိနေခဲ့တဲ့ လူမျိုးစုတွေကိုပဲ "တိုင်းရင်းသား" အဖြစ် အသိအမှတ်ပြုပါတယ်။ အဲဒီ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီး ၁၈၂၅ ခုနှစ်ကစလို့ ဗြိတိသျှတွေက ရခိုင်နဲ့ တနင်္သာရီကို သိမ်းပိုက်နိုင်ခဲ့ပြီး ဘင်္ဂလားနယ်နဲ့ ပူးတွဲလို့ ဘုရင်ခံတစ်ယောက်ထားပြီး အုပ်ချုပ်ခဲ့တာပါ။ အဲဒီလို ရခိုင်နဲ့ ဘင်္ဂလားနယ်တွေဟာ ဗြိတိသျှလက်အောက်ခံ ဒေသတစ်ခုထဲအဖြစ် ရောက်ရှိခဲ့ချိန်ကစလို့ ရခိုင်နဲ့ ဘင်္ဂလားအကြား နယ်နမိတ်မခြားတော့ပဲ "ဘင်္ဂါလီ" တွေ ရခိုင်ပြည်နယ်ထဲကို အစုလိုက်အပြုံလိုက် စတင်ရောက်ရှိလာကြတယ်ဆိုတဲ့ မှတ်တမ်းတွေအရ "ဘင်္ဂါလီ" တွေဟာ ၁၈၂၄ ခုနှစ် နောက်ပိုင်းမှ ရောက်ရှိလာသူတွေဖြစ်တယ်။ "တိုင်းရင်းသား" မဟုတ်ဘူးလို့ အခိုင်အမာ ငြင်းဆိုသူတွေ ရှိကြပါတယ်။

တစ်ဘက်မှာလည်း ရိုဟင်ဂျာတွေဟာ ရခိုင်နိုင်ငံတော်ကြီး ကိုယ့်ထီးကိုယ့်နန်းနဲ့ လွတ်လပ်စွာ တည်ရှိစဉ်ကာလကထဲက ရခိုင်လူမျိုးတွေနဲ့ အတူတကွ နေထိုင်လာခဲ့ကြတာလို့ ပြောဆိုကြသူတွေလည်း ရှိကြပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက် ၁၉၄၈ ကနေ ၁၉၆၂ အထိ ကြာခဲ့တဲ့ ပါလီမန်ဒီမိုကရေစီခေတ်အတွင်းမှာ "ရိုဟင်ဂျာ" ကို တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုခဲ့တဲ့ အထောက်အထားတွေလည်း အမှန်တကယ်ရှိခဲ့ပါတယ်။

ဒီပြဿနာကိုတော့ အခုအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ဖြေရှင်းပေးဖို့ မဖြစ်နိုင်ပါ။ ဒါပေမယ့် နောင်တချိန်မှာ ဆက်လက်ဆွေးနွေးနိုင်မယ့် အခွင့်အရေးတစ်ခုအဖြစ် ဖန်တီးပေးခဲ့သင့်ပါတယ်။ အဲဒီလို နောင်တချိန်မှာ ဆက်လက်ဆွေးနွေးကြမယ်ဆိုရင်လည်း ရခိုင်တိုင်းရင်းသားများရဲ့ အသံကို အလေးအနက် နားထောင်ကြရမှာ ဖြစ်ပါတယ်။

(၅) ရခိုင်တိုင်းရင်းသားခေါင်းဆောင်များ၏ အပြုသဘောဆောင်သော တုန့်ပြန်မှု။

CRPH နဲ့ NUG အနေနဲ့ ရိုဟင်ဂျာဆိုင်ရာမူဝါဒကို မူကြမ်းပြုစုပြီးချိန်မှာ ရခိုင်တိုင်းရင်းသား နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များကို ချပြဆွေးနွေးသင့်ပါတယ်။ ရခိုင်ဟာ ၁၇၈၅ ခုနှစ်မှာ မြန်မာမင်းလက်အောက်မကျရောက်မီ နှစ်ပေါင်း ရာပေါင်းများစွာ လွတ်လပ်သောဘုရင့် နိုင်ငံတော် ဖြစ်ခဲ့ပါတယ်။ မြန်မာတွေရဲ့ အုပ်ချုပ်မှုအောက်ကို နှစ်ပေါင်းများစွာ ကျရောက်ခဲ့ရပြီး စစ်အုပ်စုအပါအဝင် မြန်မာအုပ်ချုပ်သူအဆက်ဆက်ရဲ့ ရခိုင်တိုင်းရင်းသားများအပေါ်အဓမ္မအနိုင်ကျင့် ရက်စက်မှုတွေကြောင့် မြန်မာတွေရဲ့ အုပ်ချုပ်မှုအောက်က ထွက်ခွာပြီး ကိုယ်ပိုင်နိုင်ငံတော်ကြီး ပြန်လည်ထူထောင်ချင်တဲ့ ရခိုင်မျိုးချစ်တွေ အများကြီး ရှိကြပါတယ်။ ဒါကြောင့်လည်း အခုအချိန်အထိ ရခိုင် နိုင်ငံရေး၊ စစ်ရေးအင်အားစုတွေဟာ CRPH နဲ့ NUG မှာ မပါဝင်ကြသေးတာလို့ ကျနော် ယူဆပါတယ်။ ပြီးတော့ ကျနော် တစ်ဦးထဲအနေနဲ့ သူတို့ရဲ့ လွတ်မြောက်လိုစိတ်ကို လက်ခံပါတယ်။ နားလည်ပါတယ်။ ကျနော်တို့တောင်မှ ဖက်ဆစ်တပ်တွေရဲ့ အကြမ်းဖက် အုပ်ချုပ်မှုကို ၄ လလောက် ခံနေရချိန်မှာ ဖက်ဆစ်စစ်တပ်ကြီးရဲ့လက်အောက်ကနေ အမြန်ဆုံး လွတ်မြောက်ချင်နေကြတာမဟုတ်လား။ ဒါကြောင့်မို့ ရခိုင်တိုင်းရင်းသားတွေရဲ့ မြန်မာအုပ်စိုးမှုအောက်ကနေ လွတ်မြောက်ချင်စိတ်ကို နားလည်ပါတယ်။ ထောက်ခံပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာအရေးကိစ္စဟာ ရခိုင်တိုင်းရင်းသားတွေကပဲ ရခိုင်ပြည်နယ်အတွင်းမှာ သီးခြား ဖြေရှင်းရမယ့် အရေးကိစ္စမဟုက်ပါ။ ရခိုင်ပြည်နယ်မှာ အခြေပြုဖြစ်ပွားခဲ့ပေမယ့် ရခိုင်တိုင်းရင်းသားတွေရဲ့ အမှားအယွင်းကြောင့်မဟုတ်ပဲ ဗြိတိသျှကိုလိုနီအစိုးရအပါအဝင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ခဲ့တဲ့၊ အုပ်ချုပ်နေတဲ့ မြန်မာအုပ်ချုပ်သူအဆက်ဆက်ရဲ့ မှားယွင်းလွဲချော်မှုတွေကြောင့်သာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ မှားယွင်းမှုတွေရဲ့ ဒဏ်ကို မြေပြင်မှာ အဓိက ခံစားကြရတာက ရခိုင်တိုင်းရင်းသားများနဲ့ ရိုဟင်ဂျာများသာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီပြဿနာကို မြန်မာနိုင်ငံဆိုတဲ့ နယ်နမိတ်စည်းဝိုင်းထဲကနေ ပူးပေါင်းဖြေရှင်းတာက ပိုပြီး သင့်တော်မှာပါ။ ဒါကိုလည်း ရခိုင်ခေါင်းဆောင်တွေ နားလည်ကြမှာပါ။

ဒါကြောင့်မို့ ရိုဟင်ဂျာဆိုင်ရာ မူဝါဒကို CRPH နဲ့ NUG က ရေးဆွဲပြီး ပြည်သူလူထုနဲ့ နိုင်ငံတကာကို တရားဝင် ချမပြခင်မှာ ရခိုင်ခေါင်းဆောင်များကို တင်ပြဆွေးနွေးပြီး သူတို့ရဲ့ အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေရအောင် အရင်ကြိုးစားသင့်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာကို ရခိုင်ခေါင်းဆောင်တွေ၊ ရခိုင်ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမပါပဲ ဖြေရှင်းလို့ မရနိုင်ပါ။

# ကျနော်တို့ရဲ့ အတွေးအခေါ်ပြောင်းလဲမှုများ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဗိုလ်ချုပ် မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်လိုက်တဲ့ အချိန်ကစပြီး မြန်မာပြည်သူတွေ၊ အထူးသဖြင့် ပြည်မက မြန်မာနိုင်ငံသားတွေရဲ့ အတွေးအခေါ်တွေ ပြောင်းလဲလာခဲ့ကြပါတယ်။ အရင်တုန်းက ဒီစစ်တပ်ကြီးက တိုင်းရင်းသားလူမျိုးတွေရဲ့ ဒေသတွေမှာ နှစ်ပေါင်းများစွာ အကြမ်းဖက်ရက်စက်ခဲ့တာတွေကို မကြားဖူးခဲ့ကြ၊ ကြားဖူးသူတွေကလည်း အပြည့်အဝ မယုံကြည်ခဲ့ကြပါ။ ဖက်ဆစ်တပ်ကြီးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မြို့တော်ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေမှာ ကိုယ်တိုင် ကြုံတွေ့ရတော့မှပဲ ဒီစစ်တပ်ကြီးရဲ့ တိုင်းရင်းသားတွေအပေါ်၊ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ရက်စက်ခဲ့တာတွေဟာ အမှန်တရားဖြစ်တယ်လို့ နားလည်လက်ခံလာကြပါတယ်။ ဖက်ဆစ်တပ်ကြီးရဲ့ အင်တာနက်ဖြတ်တောက်မှုဒဏ်ကို ကိုယ်တိုင် ခံစားရတော့မှ တချိန်က ရခိုင်ပြည်နဲ့ ချင်းပြည်နယ်မှာ NLD အစိုးရက နှစ်နှစ်လောက် အင်တာနက်ဖြတ်တောက်ခဲ့တာဟာ မတရားမှုကြီး ဖြစ်တယ်လို့ နားလည်လာကြပါပြီ။

အရင်တုန်းက ပြည်မက မြန်မာတွေရဲ့ တိုင်းရင်းသားချစ်ကြည်ရေးဆိုတာ တိုင်းရင်းသားပြည်နယ်တွေကို အလည်အပတ်သွား၊ တိုင်းရင်းသားအစားအစာတွေကို မြိန်ရည်ရှက်ရည်စား၊ တိုင်းရင်းသားဝတ်စုံတွေဝတ်ပြီး ဓာတ်ပုံရိုက်ကြတာလောက်ပါ။ အခုတော့ ဒီထက်ပိုပြီး တိုင်းရင်းသားတွေအပေါ် စာနာချစ်ခင်လာကြပါပြီ။ တစ်ချိန်တုန်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို အထင်သေးခဲ့၊ မယုံကြည်ခဲ့ကြသူတွေတောင် အဲဒီ တိုင်းရင်းသားတပ်တွေကို နွေဦးတော်လှန်ရေးရဲ့ အမာခံအင်အားစုများအဖြစ် အားကိုးယုံကြည်နေကြပါပြီ။ ဒေသအလိုက် ဖွဲ့စည်းပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကနေ ကူညီတိုက်ခိုက်ပေးတဲ့၊ ဂျင်ဇီကလေးတွေကို စစ်ပညာလေ့ကျင့် သင်ကြားပေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကို ပြည်သူတွေက ကျေးဇူးတင် မဆုံး ဖြစ်နေကြပါပြီ။

အဲဒီလို အတွေးအခေါ် ပြောင်းလဲမှုတွေထဲမှာ ရိုဟင်ဂျာတွေအပေါ် သဘောထားလဲ ပါဝင်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ လူသားမျိုးနွယ်စုတစ်စုကို ပစ်မှတ်ထားပြီး ကျူးလွန်တဲ့ ရာဇဝတ်မှုကြီး (Crime Against Humanity) ဖြစ်တယ်လို့ လက်ခံလာကြပါပြီ။ တစ်ချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နဲ့ မင်းအောင်လှိုင် (တပ်မတော်) တို့ ဆွေးနွေးညှိနှိုင်း နားလည်မှုတည်ဆောက်ပြီး တိုင်းပြည်ရဲ့ ပြဿနာတွေကို ညီညီညွတ်ညွတ် ပူးပေါင်းဖြေရှင်းသင့်တယ်လို့ မြင်ခဲ့ကြသူတွေ ရှိခဲ့ပေမယ့့် အခုအချိန်မှာတော့ ဒီဖက်ဆစ်တပ်ကြီးကို အပြီးတိုင် ဖျက်ဆီးပစ်ရုံမှတပါး အခြားမရှိလို့ ယုံကြည်လာကြပါပြီ။

ကျနော်ကိုယ်တိုင်လည်း ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ပြစ်တင်ရှုံ့ချပြီး ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ထောက်ခံပေမယ့် လွန်ခဲ့တဲ့ ၃ နှစ်လောက်အထိ သူတို့ကို "ရိုဟင်ဂျာ" လို့ အသိအမှတ်ပြုဖို့ကို တွန့်ဆုတ်ခဲ့ပါတယ်။ အဲဒီလို အသိအမှတ်ပြုလိုက်ရင် ကျနော့်ရဲ့ ရခိုင်မိတ်ဆွေတွေက ကျနော့်ကို ငြိုငြင်ကြမှာကို စိတ်ပူမိခဲ့ပါတယ်။ အခုတော့ သူတို့ကို ကျနော် "ရိုဟင်ဂျာ" လို့ အသိအမှတ်ပြုပါပြီ။ သူတို့ရဲ့ ဆုံးရှုံးခဲ့ရမှုတွေ၊ ဆက်လက်ဆုံးရှုံးနေရမှုတွေက သူတို့ဟာ ဒီ နံမည်နဲ့ ထိုက်တန်ကြောင်း သက်သေပြနေပါတယ်။ ဒီလို ရိုဟင်ဂျာတွေကို အသိအမှတ်ပြုလိုက်တဲ့အတွက် ကျနော့်ရဲ့ ရခိုင်တိုင်းရင်းသားများအပေါ်၊ ရခိုင်မိတ်ဆွေများ၊ ညီအစ်ကို မောင်နှမများအပေါ် ချစ်ခင်လေးစားစိတ်တွေ နည်းနည်းလေးမှ လျော့မသွားဘူးဆိုတာလည်း အသေအချာပါ။




(ဇွန် ၁၊ ၂၀၂၁)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar