Breaking News

နန္ဒလင်းရှိန် - မြန်မာကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်နေတာ ဘယ်သူလဲ

နန္ဒလင်းရှိန် - မြန်မာကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်နေတာ ဘယ်သူလဲ

(မိုးမခ) ဇွန် ၇၊ ၂၀၂၁

လတ်တလော မြန်မာပြည်သူလူထုဟာ လုံခြုံမှုမရှိတဲ့အခြေအနေကို ခံစားရင်း ကျီးလန့်စာစား စိုးရိမ်သောက ရောက်နေ ကြရတယ်။ အဓိက ပြဿနာကတော့ နိုင်ငံအနှံ့မှာ အကြမ်းဖက်မှုတွေ၊ လုယက်မှုတွေ၊ အေးဓါးပြတိုက်မှုတွေ၊ တရား လက်လွတ် ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဗုံးခွဲမှုတွေ၊ အဆိုးဆုံးကတော့ ပြည်သူကို ကာကွယ်ပါ့မယ်လို့ သစ္စာဆိုထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့အဓမ္မလုယက် သတ်ဖြတ်မှု ကျူးလွန်နေကြတဲ့ကိစ္စဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဟာ တရားရေးမဏ္ဍိုင်နဲ့တကွ တရားဥပဒေ စိုးမိုးမှု လုံးဝပျက်စီးကျဆုံးသွားခြင်း ဖြစ်တယ်။

အကြမ်းဖက်မှု အလုံးစုံရဲ့ ဇစ်မြစ်က ဘာလဲလို့ မေးခွန်းထုတ်ကြည့်ရင် ဖေဖေါ်ဝါရီ အာဏာသိမ်းမှုကြောင့်လို့ပြောနိုင် တယ်။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကိုယ်နှိုက်က နိုင်ငံတော်သစ္စာဖေါက်မှုဖြစ်ရုံမက အကြမ်းဖက်မှုခပ်သိမ်းရဲ့ လက်သည် တရားခံလည်းဖြစ်တယ်။ ယခင် အစိုးရနဲ့တကွ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ပါ NCA စာချုပ်မှာ တပ်မတော်လည်း သဘောတူလက်မှတ်ထိုးထားခဲ့တာဖြစ်တယ်။ အရင်းခံအချက်က မြန်မာနိုင်ငံမှာ လက်ငင်းဖြစ်ပေါ်နေ တဲ့ နိုင်ငံရေးပြဿနာမှန်သမျှ နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ သဘောတူခဲ့တာဖြစ်တယ်။

ဒါပေမယ့် လက်ရှိ အခြေအနေမှာ စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းယူတာ ခံလို်က်ရတယ်။ ဒါကို မခံမရပ်နိုင်တဲ့ ပြည်သူ လူထုက ဒီမိုကရေစီနည်းအရ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်။ ဒီမိုကရေစီနည်းကို ဆန့်ကျင်တဲ့ စစ်ကောင်စီ တပ်သားတွေ က ပြည်သူလူထုကို (ကာကွယ်ပါမယ်လို့သစ္စာဆိုထားခဲ့ပေမယ့်) ရက်ရက်စက်စက် ရန်သူသဖွယ် သွေးအေးအေးနဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြတယ်။ ဒီလုပ်ရပ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်တရားခုံရုံးကို မေးမေး၊ အကြမ်းဖက်သမားတွေရဲ့ လူအစုလိုက်သတ်ဖြတ်မှုလို့ ဆုံးဖြတ်ကြမှာ ဖြစ်တယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်တပ်က နိုင်ငံတော် အာဏာကို အတင်းအဓမ္မ သိမ်းယူပြီးနောက် စစ်ကောင်စီတပ် ဖွဲ့ဝင်များဟာ ပြည်သူများစွာအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေညမပြတ် ကျူးလွန်နေကြပြီး ပြည်သူများကို အင်အားသုံး အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ကျူးလွန်နေတဲ့ သတင်းတွေ နေ့စဉ်နဲ့အမျှ ကြား သိနေရပါတယ်။ ၂၀၂၁ ဇွန်လ(၁)ရက်နေ့အထိ စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူ ၈၄၁ ယောက်ရှိခဲ့ပြီး စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရသူပေါင် ၅၅၇၈ ယောက်ရှိ ကြောင်း နိုင်ငံရေး အကျဉ်းသမားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ မှတ်တမ်းအရသ်ရတယ်။

ဖေဖော်ဝါရီလ ၁ ရက် နေ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လက်နက်မဲ့ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု၊ လူသတ်မှုနှင့် လုယက်မှုအများအပြား ကျူးလွန်မှု၊ ပြည်သူ့အိမ်ယာများကို ဥပဒေမဲ့ ချင်းနင်းဝင်ရောက် ဖျက်ဆီးမှု၊ တိုင်းရင်းသားဒေသ များမှာ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် လူစိတ်ကင်းမဲ့စွာ တိုက်ခိုက်သတ်ဖြတ်မှု၊ အစရှိတဲ့ လုပ်ဆောင်ချက်တွေ ကြောင့် စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ပြည်သူက အော့နှလုံးနာတဲ့ အကြမ်းဖက် အုပ်စုများ အဆင့်သို့ ကျဆင်းသွားခဲ့ရပြီ ဖြစ်တယ်။

ဇွန်လ ၁ ရက် ည ၈ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့တွေက မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် မစိုးရိမ်တိုက်သစ်ရှေ့မှာ ပရိတ်ရွတ်နေတဲ့ သံဃာတော်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့ခြင်းဟာ အတော်ဆိုးရွားတဲ့ ဥပမာတခုဖြစ်တယ်။ မစိုးရိမ်တိုက်သစ်ရှေ့မှာ ဆရာတော် သံဃာတော်တွေဟာ နေ့စဉ် မြန်မာပြည်သူပြည်သားများ ကြုံတွေ့နေရတဲ့ ဘေးဒုက္ခအပေါင်းက ကင်းစင်လွတ်မြောက်စေဖို့၊ ဖမ်းဆီးခံထားရတဲ့ သံဃာတော်အရှင်သူမြတ်များ၊ နိုင်ငံခေါင်းဆောင်များ၊ ပြည်သူပြည်သားများ အမြန်ဆုံးလွတ်မြောက်စေဖို့ ပရိတ်ရွတ် မေတ္တာပို့ဆုတောင်းတာတွေ လုပ်လေ့ရှိပါတယ်။ မေတ္တာသုတ် ပရိတ်ရွတ်ပွားတဲ့ သံဃာတော်တွေကိုတောင် ရန်သူလို့ မှတ်ယူနေတဲ့ စစ်ကောင်စီကို အစွန်းရောက် အကြမ်းဖက်အုပ်စုလို့တောင် သတ်မှတ်သင့်တယ်။

မန္တလေးတိုင်း ပုဂံမြို့သစ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၃၀ ရက်နေ့ နံနက်ပိုင်း ရုံးတန်းရပ်ကွက်နှဲ့ မှန်ချို ရပ် ကွက်တို့ကို ဝင်ရောက်စီးနင်းပြီး လူငယ်အချို့ကို အကြမ်းဖက် ဖမ်းဆီးခဲ့တယ်။ ဖမ်းဆီးရာမှာ သေနတ်သုံးစရာ မလိုအပ်ဘဲ ကိုမိုးမြင့်အောင်ဆိုတဲ့ လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်လို့ သေဆုံးသွားခဲ့တယ်။ ကိုမိုးမြင့်အောင် အသက်ဆုံးရှုံးမှု အတွက် မိသားစုအနေနဲ့ အတော်ကို ခံစားရတယ်။ သူ့အမျိုးသမီးက ကိုယ်ဝန်နဲ့ ကျန်ခဲ့ရှာတယ်။ နောက်ပိုင်းမှာ အိမ်မှား ဝင်ရောက်မှုလို့ အကြမ်းဖက်စစ်ကောင်စီဘက်က ပြောဆိုလာကြောင်း ဒေသခံများကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာန က ဖေါ်ပြတယ်။ အိမ်မှားဝင်တဲ့ အခြေအနေမှာတောင် လူတယောက်ကို စာနာထောက်မှုမရှိဘဲ ပစ်ခတ်ခဲ့ တယ်။ သတ်စရာလား။ ကိုမိုးမြင့်အောင် အသက်ဆုံးရှုံးမှု အတွက် စစ်ကောင်စီဘက်က တာဝန်ယူမှု တာဝန်ခံမှု ဘယ်သူမှ မရှိဘူးလို့ ဒေသခံတွေက ဆိုတယ်။ အလားတူ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံနေရမှု အရေအတွက်ဟာ အလွန့် အလွန် များပြားနေပြီး အခုအထိလည်း ဆက်ဖြစ်နေဆဲပါပဲ။ နိုင်ငံကို အုပ်ချုပ် မင်းလုပ်လိုသူဟာ တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ တန်ဖိုးထားရမယ်လို့ ဆိုရိုးရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်သားတွေဟာ ပြည်သူလူထုရဲ့ရိက္ခာ ကို စားပြီး ပြည်သူ့အပေါ်သစ္စာ မရှိရုံမက ပြန်လည် ပစ်ခတ်သတ်ဖြတ် လုယက်ကြသည်အထိ လွန်ကျူခဲ့ကြတာကို ကြည့်ရင် စစ်ကောင်စီဟာ အကြမ်းဖက်မှုအပေါင်းအတွက် တာဝန်ရှိတဲ့ အဖွဲ့ဆိုတာ ထင်ရှားနေပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ အလိုတူ အလိုပါ အဖြစ်မခံနိုင်တဲ့အတွက် စွန့်စား ထွက်ခွာလာကြတဲ့ တပ်မတော်သားအားလုံးကို NUG အစိုးရက ပြည်သူ့ဘက်တော်သား သူရဲကောင်းစစ်သည်များ အဖြစ် မှတ်ယူပြီး နွေးနွေးစွာ လက်ကမ်းကြိုဆိုနေတာလည်း ကြားသိရပါတယ်။ ဒီ့အပြင် အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာ လမ်းခွဲခဲ့ပြီး ပြည်သူလူထုနဲ့ အတူ ဓမ္မဘက်က ရဲရဲရင့်ရင့် ရပ်တည်ကြမယ့် တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ဘဝ အာမခံချက်ပေးနိုင်ဖို့ NUG အစိုးရက စီစဉ်ဆောင်ရွက်နေတဲ့ သတင်းကောင်းလည်း ကြားရပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအာဏာ လောဘဇောကြောင့် အဖက်ဖက်က ယိုယွင်းကျဆင်းပျက်စီးလာနေတဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို အမြန်ဆုံးကယ်ဆယ် စောင့်ရှောက်နိုင်သူတွေဟာ တပ်မတော်သားများ ကိုယ်တိုင်သာဖြစ်ပြီး တပ်မတော်သားတွေအနေနဲ့ အရေးတော်ပုံကြီးမှာ ပြည်သူလူထုနဲ့ အတူရပ်တည် ပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

မကြာသေးမီ မေလ ၂၁ ရက်နေ့က ချင်းပြည်နယ် မင်းတပ်မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အရပ်သားတွေနဲ့ အများပြည်သူပိုင် အဆောက် အအုံတွေကို မထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ တိုက်ခိုက်သူတွေနဲ့ အရပ်သားတွေအကြား ပစ်မှတ်ခွဲခြားဖို့၊ အင်အားအလွန်အကျွံမသုံးဖို့နဲ့ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်တောင်းဆိုခဲ့ကြောင်း RFA သတင်းအရ သိရတယ်။

အန္တရာယ်ရှိတဲ့နေရာတွေကနေ ထွက်ခွာလိုတဲ့ အရပ်သားတွေကို ခွင့်ပြုပေးဖို့နဲ့ ဘေးကင်းအောင် လုံခြုံရေး ယူပေးဖို့၊ ဒဏ်ရာရရှိသူတွေကို ဘေးကင်းလုံခြုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှုရရှိတဲ့နေရာတွေကို လွှဲပြောင်း ပို့ဆောင်ဖို့ တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာပါရှိတယ်။ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးရသူတွေ၊ နေအိမ်တွေထဲ ပိတ်မိနေသူတွေနဲ့ ထိခိုက်သူအားလုံးအတွက် ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုလုပ်ငန်းဆိုင်ရာအဖွဲ့တွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရာမှာ ပါဝင်သူတွေကို အကူအညီပေးဖို့၊ သွားလာခွင့်ပေးဖို့ကိုလည်း တိုက်တွန်း ထားတာ တွေ့ရတယ်။ မင်းတပ်မြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အရပ်သားတွေအပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်နေတာ ကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရသလို ထိခိုက်သေဆုံးတာတွေရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂရုံးက ဆိုပါတယ်။ မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကစလို့ ပစ်ခတ်မှုတွေ အရှိန်မြင့်လာရာကနေ နေရပ် စွန့်ခွာ ထွက်ပြေးရသူ ထောင်ချီရှိမယ်လို့ခန့်မှန်းရပြီး သူတို့ဟာ အနီးအနားမှာရှိတဲ့ တောတောင်တွေမှာ ပုန်းခိုနေကြရတယ် လို့လည်း ကုလသမဂ္ဂရုံးရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အကြမ်းဖက်မှုတွေကြောင့် အပြင်းအထန်ဒဏ်ရာရ၊ အသက်ဆုံးရှုံးသွားရတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး သူငယ်တွေ ရှိကြောင်း၊ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ပစ်ခတ်မှုတွေမှာ အရပ်သားတွေကို လူသားဒိုင်း သဖွယ် အကာအကွယ်ယူတာနဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂက စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေ အခင်းအကျင်းတွေကို လေ့လာသုံးသပ်ကြည့်ရင် မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူတွေကို ရန်သူ သဖွယ်သဘောထား အနိုင်ကျင့် လုယက်သတ်ဖြတ်နေတာ ပေါ်လွင်နေတယ်။ ပြည်သူလူထုက စစ်ကောင်စီ အုပ်ချုပ်ရေး ကို မလိုလားကြောင်း ဒီမိုကရေစီနည်းအရ ပြသနေတာကို အကြမ်းဖက်အုပ်စုက လက်နက်နည်းနဲ့သတ်ဖြတ်ခြိမ်းခြောက် အဓမ္မအုပ်စိုးဖို့အားထုတ်နေတာ ထင်ရှားပါတယ်။

နောက်ထပ် အကြမ်းဖက်တဲ့ ဥပမာတခုကတော့ မေလ ၂၃ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ အာဏာသိမ်းစစ်ကောင်စီ က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့၊ ကယန်းသာယာ(တောင်)ကျေးရွာ ယေဇူး ကက်သလစ်ဘုရားကျောင်း ပျက်ဆီးသွားခဲ့ရတယ်။ ကက်သလစ် ဘုရားကျောင်းအတွင်း ခိုလှုံနေတဲ့ ဒေသခံ ပြည်သူ ၄ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်။ အဲဒီလို စစ်ကောင်စီရဲ့ အကြမ်းဖက်မှုအပေါ် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်သာသနာ ဥက္ကဋ္ဌ ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုက မေ ၂၅ ရက်စွဲဖြင့် မေတ္တာ ရပ် ခံချက် တစောင် ထုတ်ပြန်ခဲ့တာ တွေ့ရတယ်။

“မြန်မာနိုင်ငံရှိ အများပြည်သူ ဝတ်ပြုကိုးကွယ်သည့် ဘုရားကျောင်းကန်များ၊ ဘာသာရေးဆိုင်ရာ ရှိခိုးကိုးကွယ်သော နေရာ များ၌ ခိုလှုံနေကြသည့် ပြည်သူများကို လေးစားတန်ဖိုးထားရန်နှင့် ပစ်မှတ်မထားရန်” ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် သာသနာ ဥက္ကဋ္ဌ ကာဒီနယ်ချားလ်စ်မောင်ဘိုက မေလ ၂၅ ရက်စွဲဖြင့် မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ကြောင်း ဧရာဝတီ သတင်းမှာ ဖေါ်ပြခဲ့တယ်။

ကာဒီနယ်ချားလ်စ်မောင်ဘိုက “ဘာသာရေးဆိုင်ရာ ရှိခိုးကိုးကွယ်သော နေရာများသည် ယဉ်ကျေးမှုထုံးစံအရ အများပြည် သူတို့နှင့် သက်ဆိုင်သော နေရာဖြစ်သလို အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်များဖြင့် အကာအကွယ် ပေးထားပြီး The Hague Conventions အရလည်း ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများသည် အကာအကွယ် ရရှိပြီး လုံခြုံသာနေရာများအဖြစ် သတ်မှတ်ထားသည့် နေရာများ ဖြစ်သည်ကို သတိပြုရန် လိုကြောင်း” သူ့မေတ္တာရပ်ခံ ချက်မှာ ဖေါ်ပြထားတယ်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူများ ခိုလှုံနေတဲ့ ဒီးမော့ဆိုရှိ ဘုရားကျောင်းဝင်းအတွင်း အမြောက်ဆံကျရောက်ခဲ့ကြောင်း ဒေသခံများရဲ့ ပြောကြားမှုကို ကိုးကားပြီး ဧရာဝတီသတင်းက ဖေါ်ပြခဲ့တာ ဖြစ်တယ်။ ကယားပြည်နယ်မှာ မေလ ၂၁ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အတွင်းရှိ ရွာပေါင်း ၁၅၀ ခန့်မှ အရပ်သား ငါးသောင်းကျော် နေအိမ်စွန့်ခွာ ထွက်ပြေးရင်း စစ်ဘေးရှောင်နေကြောင်း သတင်းအရ သိရတယ်။ ရာနှင့်ချီ သေဆုံးပြီး ထောင်သောင်းချီ စစ်ဘေးရှောင်နေရတဲ့အတွက် တာဝန်ရှိ အဖွဲ့အစည်းတွေအနေနဲ့ တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့လည်း ကာဒီနယ်ချားလ်စ်မောင်ဘိုက တိုက်တွန်းထားတာ တွေ့ရတယ်။

ဒီအတောအတွင်း “Myanmar risks state failure without significant increase in international pressure, The Elders warn” ဆိုတဲ့ သတိပေးဆောင်းပါး တစောင် The Elders အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားတာ တွေ့ရတယ်။ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေက ထိရောက်တဲ့ ဖိအားပေးမှူတွေနဲ့ ပါဝင်ပတ်သက်မှုတွေ မလုပ်ကြဘူးဆိုရင် မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ (Fail state) ဖြစ်လာတော့မယ်လို့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့ (The Elders) က ၂၀၂၁ ဇွန်လ ၁ ရက်နေ့ မှာ သတိပေးတာ တွေ့ရတယ်။ တာဝန်အရှိဆုံးဖြစ်တဲ့ အာဆီယံအဖွဲ့ (ASEAN) ဟာ သူတို့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့် အသုံးချဖို့ ပျက်ကွက်နေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဘန်ကီမွန်း (Ban Ki-moon) က ဝေဖန်လိုက်တယ်။ ဘန်ကီမွန်းဟာ The Elders အဖွဲ့ရဲ့ ဒုတိယ-ဥက္ကဋ္ဌ ဖြစ်တယ်။

နိုင်ငံတကာမီဒီယာတွေမှာ စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖေါ်ပြနေပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်တဲ့ ဖြေရှင်းဖို့ ပျက်ကွက်နေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းပြီးကတည်းက လူ (၈၀၀) ကျော် အသတ်ခံရ ပြီးဖြစ်ပြီး အကြမ်းဖက်ဖိနှိပ်မှုတွေက တနိုင်ငံလုံး အရှိန်မြင့်တက်နေတယ်လို့ The Elders အဖွဲ့က ဆိုတယ်။ အာဏာသိမ်း စစ်တပ်က CDM ဝန်ထမ်းတွေကို ဖမ်းဆီးတာ အလုပ်ထုတ်တာတွေဆက်လက်လုပ်နေသလို တိုင်းပြည်ရဲ့ ကျန်းမာရေး ပညာရေး စီးပွားရေး အခြေအနေအားလုံးဟာ ပြိုလဲတော့မယ့် အခြေအနေ ဖြစ်နေပြီလို့လည်း The Elders အဖွဲ့က နှိုးဆော်ထားတယ်။ စစ်အာဏာသိမ်းတာကို နိုင်ငံတကာက တညီတညွတ်တည်း ဆန့်ကျင်ဖို့လိုပြီး၊ စစ်အာဏာသိမ်းမှု မအောင်မြင်အောင် တားဆီးကြဖို့လိုတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာ မင်းကြီးဟောင်း မေရီ ရော်ဘန်ဆန် (Mary Robinson) က ဆိုတယ်။ မေရီ ရော်ဘန်ဆန် ဟာ The Elders အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တယ်။

လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဟာ ကမ္ဘာ့လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ထိရောက်တဲ့ သဘောတူညီချက် ချမှတ်နိုင်ဖို့လည်း မေရီ ရော်ဘန်ဆင်က တိုက်တွန်းထားတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ တရားမဝင် အစိုးရဖြစ်တဲ့ အတွက် စစ်ကောင်စီကဖွဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဟာလည်း တရားမဝင်ဘူးလို့ ကမ္ဘာခေါင်းဆောင်ဟောင်းများက သတိပေးထားတာ ထူးခြားပါတယ်။

ခြုံငုံသုံးသပ်ကြည့်ရင် ဒီကနေ့ အကြမ်းဖက်မှုဖြစ်ရပ်တွေရဲ့ လက်သည်တရားခံဟာ စစ်အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင် နဲ့စစ်ကောင်စီဝင်လူတစုဖြစ်တယ်။ တပ်စည်းမျဉ်းစည်းကမ်းဥပဒေအရ အငြိမ်းစားယူရမယ့် မင်းအောင်လှိုင်ဟာ သူလက်ဝါးကြီးအုပ် မတော်မတရားပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ တပ်ချုပ်အာဏာကို မစွန့်လွှတ်လိုတာကြောင့် အကြောင်းမရှိ အကြောင်းရှာ စစ်အာဏာသိမ်းခဲ့တာဖြစ်တယ်။ ဒါကြောင့် တကယ့်တရားခံအစစ်ဟာ မင်းအောင်လှိုင်သာ ဖြစ်တယ်။ သူ့လုပ်ရပ်ကြောင့် အညွန့်တက်ခါစ နိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံ ပြိုကျပျက်စီးခဲ့ရပြီ ဖြစ်တယ်။ နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ လူငယ်လူရွယ်တွေရဲ့ အိပ်မက်တွေနဲ့အတူ နိုင်ငံရဲ့ပညာရေးအဆောက်အအုံလည်း ယိမ်းယိုင်ပျက်ဆီး ခဲ့ရတယ်။ အဆိုးဆုံးကတော့ တရာဥပဒေစိုးမိုးရေး လုံးဝ ပျက်သုဉ်းခဲ့ရခြင်းဖြစ်တယ်။

တရားဥပဒေရဲ့ အကာအကွယ် မရရှိတော့တဲ့အတွက် နိုင်ငံသူ နိုင်ငံသားတွေဟာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လုယက်သတ်ဖြတ်မှုကို ခံနေကြရတယ်။ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ လုယက်ခွင့်နဲ့အကြမ်းဖက်နှိပ်စက်ခွင့်တို့အပြင် လူသတ်ခွင့် လိုင်စင်တွေပါ ရထားကြတယ်။ သာမန်ပြည်သူတွေအဖို့ သူတို့ခံစားနေရတဲ့ မတရားမှုတွေအတွက် တိုင်စရာနေရာမရှိဘဲ ဥပဒေရဲ့ကာကွယ်စောင့်ရှောက်မှု ဆုံးရှုံးနေကြပြီ ဖြစ်တယ်။

ပြည်သူတွေရဲ့ အိမ်ယာတွေအတွင်း တရားရုံးရဲ့ ခွင့်ပြုချက်မလိုဘဲ စစ်ကောင်စီတပ်သားတွေ ၀င်ခွင့်ရအောင် အမိန့်ပေး တာ ဘယ်သူလဲ။ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်တဲ့ ပြည်သူကို ကျည်အစစ်နဲ့ ပစ်မိန့်ပေးတာဘယ်သူလဲ။ နိုင်ငံသားတွေရဲ့ ငွေကြေးပစ္စည်းဥစ္စာတွေကို အဓမ္မသိမ်းယူခွင့် ပေးတာ ဘယ်သူလဲ။ ဖမ်းဆီးခံရသူတွေကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခွင့် ပေးထားတာ ဘယ်သူလဲ။ တိုင်းရင်းသားဒေသတွေကို လေကြောင်းတိုက်ခိုက်ခွင့် ဗုံးကျဲခွင့် ပေးတာ ဘယ်သူလဲ။ ပြည်သူ လူထုရဲ့ လွတ်လပ်မျှတစွာ ပေးခဲ့တဲ့ ဆန္ဒမဲတွေကို အဓမ္မဖျက်သိမ်းဖို့ လုပ်နေတာ ဘယ်သူလဲ။ တရားဝင်အရပ်သားအစိုးရ ကို သေနတ်မိုး ဖမ်းဆီးပြီး ပြည်သူ့အာဏာကို လုယူဖို့ လုပ်နေတာ ဘယ်သူလဲ။ နိုင်ငံပိုင် မြေယာတွေကို မောင်ပိုင်စီးပြီး ဘီလျံနာဖြစ်နေသူတွေက ဘယ်သူတွေလဲ။ ဗိုလ်ချုပ်တွေပဲ ချမ်းသာပြီး စစ်သားတွေ ပြည်သူတွေ ဆင်းရဲအောင် နှိပ်ကွပ် ထားတာ ဘယ်သူလဲ။ နိုင်ငံပိုင် သယံဇာတတွေကို သူခိုးဈေးနဲ့ တရုတ်နိုင်ငံထံ ရောင်းစားနေတာ ဘယ်သူလဲ။ တရုပ် အားကိုးနဲ့ မကျော်သင့်တဲ့စည်းကို ကျော်ပြီး အာဏာသိမ်းခဲ့တာ ဘယ်သူလဲ။ မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်နေ တာ ဘယ်သူလဲ။

နွေဦးတော်လှန်ရေးကို ပုံဖျက်ဖို့ မီးရှို့ဗုံးခွဲ ပြန်ပေးဆွဲ လူသတ် လုပ်နေတာ ဘယ်သူလဲ။ မေးစရာတွေများလွန်းလို့ မေးခွန်း တွေ အများကြီး ကျန်နေသေးတယ်။ ဒါပေမယ့် ဒီကနေ့ ဂျန်ဇီးမျိုးဆက်နဲ့ နွေဦးတော်လှန်ရေး ဘက်တော်သားများက တော့ အကြမ်းဖက်သမားသမားဟာ ဘယ်သူလဲ၊ မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်နေ တာ ဘယ်သူလဲ ဆိုတာ ကောင်းကောင်းသိနေကြပါတယ်။ အကြမ်းဖက်သမား လူရမ်းကား အုပ်စုကတော့ သူတို့ကိုယ်သူတို့ အစိုးရလို့ ထင်ယောင်ထင်မှာ ဖြစ်နေကြပုံပါပဲ။ မိုးကြိုးပစ်တာကို ထန်းရွက်နဲ့ကာဖို့ လုပ်နေကြဆဲပါပဲ။။။။။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar