Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၆ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၆၊ ၂၀၂၁

ဒီနေ့သတင်းတွေမှာလည်း အရင်ရက်တွေက နေ့စဥ် အဖြစ်အပျက်တွေနဲ့ သိပ်များများစားစား မကွာခြားလှပါဘူး။ စာသင်ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံးအနီးအနား နဲ့အချို့သော နေရာတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားတာ၊ အကြောင်းရင်းခိုင်ခိုင်လုံလုံမရှိပဲ စစ်ကောင်စီရဲ့ ဝင်ဖမ်းဆီးမှုတွေ၊ စစ်ဆေးတားဆီးတာ ရပ်မပေးလို့ သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးရတဲ့ အရပ်သားတွေ၊ မင်းတပ်နဲ့ ကယားပြည်နယ်တို့မှာ လတ်တလော တိုးတက်များပြားလာတဲ့ စစ်ဘေးရှောင်တွေ အခက်အခဲဖြစ်နေတဲ့ အကြောင်းတွေ၊ ကယားပြည်နယ်မှာ တချို့သော ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ မြို့နေအိမ်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံထားရပြီး ပျက်စီးတဲ့ သတင်းတွေ၊ အဲဒီဒေသတွေမှာပဲ ရိက္ခာလမ်းကြောင်းတွေကိုပါ စစ်ကောင်စီက ပိတ်ဆို့ တားဆီးထားတာတွေကြောင့် ကုန်စျေးနှုန်းတွေ မြင့်တက်နေတဲ့အကြောင်းသတင်းတွေ ဖြစ်ပါတယ်။ စစ်၏ ပြယုဒ်တွေထဲက စစ်တပ်၏ ဖြတ်လေးဖြတ်တွေ ရင်ဆိုင်နေရတာတွေ ဖြစ်ပါတယ်။

အာဆီယံနဲ့ စစ်ကောင်စီဆွေးနွေးပွဲ အပြီး တရုတ်နိုင်ငံက အာဆီယံနဲ့ နောက်ဆွေးနွေးပွဲတခုကို တရုတ်နိုင်ငံမှာ လုပ်ဖို့စီစဥ်နေပြီး မလုပ်ခင် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့တယ်ဆိုတဲ့ သတင်းတွေ၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ သတင်းတွေမှာတော့ နိုင်ငံခြားငွေ သက်သာအောင် ရည်ရွယ်တာလား ဒါမှမဟုတ် ပြည်တွင်းက ကုန်ထုတ်လုပ်သူတချို့ကို စျေးကွက် အကာအကွယ် လုပ်ပေးတာလား မသဲကွဲတဲ့ ဆပ်ပြာနဲ့ သွားတိုက်ဆေး နယ်စပ်က မတင်သွင်းဖို့ ညွှန်ကြားချက် ထုတ်တဲ့သတင်းတွေ ၊ နောက်ဆုံးညဘက်မှာတော့ ကရင်ပြည်နယ်အချုိ့ မြို့တွေမှာ အာဇာနည် အထိမ်းအမှတ်ကျောက်တိုင် အမှတ်အသားတွေ မှာ ပါတီနဲ့ဆက်နွယ်တယ်လို့ သူတို့ယူဆတဲ့ အနီရောင်တံတိုင်းလိုမျိုးတွေကို ညဘက်မှာ ဖျက်ဆီးဖယ်ရှားတာတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။

ကယားနဲ့ ချင်းပြည်နယ် မင်းတပ်တို့ရဲ့ တိုက်ပွဲခေါ်သံ၊ ရပ်ရွာလူထုရဲ့ ဒုက္ခ ၊ အသက်အန္တရာယ်ရှိတာကြောင့် မြို့တွေ နေအိမ်တွေ ကို စွန့်ခွါပြီး ပြေးတဲ့နောက် ထားရစ်ခဲ့တဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေက တံခါးတွေ ဖျက်ဆီးကာ ဝင်ရောက်မွှေနှောက်ရှာဖွေပြီး အဖိုးတန် ပစ္စည်း၊ ရိက္ခာပစ္စည်းဖြစ်တဲ့ ဆန်၊ ဆီ၊ အခြားစားသောက်ကုန်လို အရာတွေကို တပိုင်တနိုင်တောင်မဟုတ် ကားနဲ့တင် ယူဆောင်သွားတာတွေဟာ အလွန်ကို အကျည်းတန်တဲ့ လုပ်ရပ်တွေ ဖြစ်ပျက်နေပြီး စစ်ကောင်စီက စစ်တိုက်နေချိန်မှာ ဓါးပြလည်းတိုက်နေတဲ့ သဘောလို့ မှတ်ယူရမယ့် အဓိပ္ပါယ်လည်း ဖြစ်နေပါတယ်။

အဲဒီမြို့နေသူအားလုံးကို ရန်သူလို့သတ်မှတ်သည့်တိုင် အခုလို တိုက်ပွဲနဲ့ မဆိုင်တဲ့ ကြားက အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေကို ယူဆောင်တာ၊ ဖျက်ဆီးတာတွေဟာ မြန်မာစစ်တပ်လို့ တိုင်းရင်းသားတွေခေါ်တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က လူသတ်၊ ဓါးပြ စစ်တပ်ဆိုတဲ့ ပုံရိပ်ကို ယူလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။

ပဒေသရာဇ်ခေတ်က မြန်မာဘုရင်တွေ ယိုးဒယားကို သိမ်းခဲ့စဥ်က စစ်နိုင်တဲ့အခါ လူသတ်၊ ပစ္စည်းတွေ ဖျက်ဆီး၊ စေတီဘုရားတွေက ဌာပနာလည်း ဖောက်တယ်ဆိုတဲ့ သမိုင်းမျိုး အစဥ်အလာမျိုးကို ယနေ့လို မှတ်တမ်းမှတ်ရာတွေ လွယ်လွယ်ကူကူတင်လို့ ရတဲ့ ခေတ်သစ်ကာလ ၊ လူ့အခွင့်အရေး၊ ဂျီနီဗာကွန်ဗန်းရှင်း နိုင်ငံတကာက လက်ခံကျင့်သုံးကြရတဲ့ ထိတွေ့ တိုက်ပွဲစည်းမျဥ်းတွေ ရှိတဲ့ ခေတ်မှာ ပြုမူကျင့်ကြံကြတာဟာ မြန်မာနိုင်ငံသမိုင်းမှာ အရုပ်ဆိုးဆုံး အောက်တန်းအကျဆုံး အဖြစ်အပျက်တွေ သာဓကတွေ သက်သေတွေ ကျန်ရစ်စေမှာ ဖြစ်ပါတယ်။

ဒီလို လုပ်ရပ်တွေဟာ တိုင်းရင်းသားဒေသတွေမှာပဲ လုပ်လုပ် မြန်မာလူမျိုးတွေနေတဲ့ ဒေသတွေမှာပဲ လုပ်လုပ် စစ်ရာဇဝတ်မှုမြောက်တာတော့ အသေအချာပါ။ ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့ တပ်က နိုင်ငံရေးထဲ ဝင်စွက်ဖက်ဖို့ ဆယ်စုနှစ်များစွာ အကြောင်းရှာတဲ့ ဆင်ခြေပေးခဲ့ပြီး အမြဲတမ်း တိုင်းရင်းသားဒေသတွေမှာ ဖြစ်တဲ့ စစ်ပွဲတွေမှာ စစ်တပ်က တိုင်းရင်းသားအရပ်သားတွေ အပေါ် ပြုမူကျင့်ကျံပုံဟာ ပြည်ထောင်စု စိတ်ဓါတ်ပျက်ပြားအောင် လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကို ပြည်မက မြန်မာနိုင်ငံရေးသမားတွေက ခေတ်အဆက်ဆက် အလေးမထားနိုင်ခဲ့ကြပါဘူး။ ဗဟိုအစိုးရရဲ့ စစ်အင်အားကို နိုင်ငံရေးအရ မရှိမဖြစ် အင်အားစု တရပ်အဖြစ် လက်တွေ့ နိုင်ငံရေးရှုထောင့်က တွေးပြီး တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေးချိုးဖေ ာက်မှု၊ စစ်ရာဇဝတ်မှုတွေကို အလေး မထားခဲ့ကြတာ အခုနေ သမိုင်းကို ပြန်သုံးသပ်ရင် အထင်အရှား တွေ့နုိင်ပါတယ်။

ခုတကြိမ် အန်အယ်လ်ဒီဦးဆောင်တဲ့ NUG ဦးဆောင်တဲ့ အစိုးရ အနေနဲ့ မဝေးတဲ့ သမိုင်း၊ အလယ်အလတ် ကာလက သမိုင်း၊ ခေတ်သစ် အတိတ်သမိုင်းတွေမှာ စစ်တပ်ရဲ့ ပြုကျင့်မှုတွေနဲ့ပတ်သက်လို့ မှန်မှန်ကန်ကန် သုံးသပ်ချည်းကပ်နိုင်မှ အနာဂတ်ကို အတိတ်က အညှိုးကင်းကင်းနဲ့ တည်ဆောက်နိုင်မယ်လို့ မြင်ပါတယ်။

ခုလိုရှုထောင့်က တင်ပြတာဟာ လူမျိုးတမျိုးက လူမျိုးတမျိုးကို လုပ်တယ်ဆိုတာမျိုး ပုံသွင်းပြောချင်တာမဟုတ်ဘဲ ပြည်ထောင်စု မပြိုကွဲရေးဆိုပြီး ဝါဒဖြန့်စကားလုံးနဲ့ သမိုင်းအဆက်ဆက် လူနည်းစု ၊ သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသင့်တဲ့ တိုင်းရင်းသားလူမျိုးစုတွေကို အနိုင်ကျင့် ချုပ်ချယ် ကျင့်ကြံခဲ့တာတွေ အပေါ် ယနေ့ခေတ်မှာ ရှင်းရှင်းလင်းလင်း ပြန်သုံးသပ် ဝန်ခံ ကြဖို့ လိုအပ်တာကို ထောက်ပြချင်တာ ြဖစ်ပါတယ်။

ပြည်ထောင်စုဆိုတာ အများလက်ခံနိုင်တဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်လာဖို့အရေး အငြင်းပွားနေကြသော်လည်း၊ ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့အသုံးကိုကြတော့ စစ်တပ်နဲ့ စစ်အုပ်စုတွေက အစဉ်အဆက်သုံးစွဲပြီး အနိုင်ကျင့်နေကြတာကြောင့် အဓိပ္ပါယ် မရှိပဲ ဝါဒဖြန့် စကားလုံးသက်သက်သဖွယ် ဖြစ်နေတယ်ဆိုတာကို ထောက်ပြချင်တာလည်း ဖြစ်ပါတယ်။ ထို့အတူ နိုင်ငံတော်ဆိုတဲ့ အသုံးကလည်း ပြည်သူလူထုတဝှမ်းလုံးကို ကိုယ်စားမပြုသ၍ စစ်ကောင်စီနဲ့ စစ်ကောင်စီကဲ့သို့ လက်နက်အားကိုး အနိုင်ကျင့်သူများအားလုံး မသုံးနှုန်းသင့် အမြတ်မထုတ်သင့်တဲ့ အသုံးအနှုန်းအဖြစ် သတိပြုကြစေချင်ပါတယ်။

(Photo - Chin World - ဇွန်လ ၅ရက်နေ့ (စနေနေ့) က ဟားခါးမြို့မြို့သစ်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် လူငယ် သုံး ဦးသေဆုံးခဲ့ပြီး ယနေ့ညနေပိုင်းတွင် ဟားခါးမြို့ဒေသခံပြည်သူများအားလုံးမှ သဂြိုလ်ပေးခဲ့ကြသည်။)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar