Breaking News

အန်ကယ် တူမီး - ပြည်သူ့ပြောက်ကျား၊ ပြည်သူ့အား



အန်ကယ် တူမီး - ပြည်သူ့ပြောက်ကျား၊ ပြည်သူ့အား

(မိုးမခ) ဇွန် ၇၊ ၂၀၂၁

ပြည်သူ့ပြောက်ကျားတွေဟာ လူအင်အား၊ လက်နက်အင်အား၊ ငွေအင်အား နည်းပါးကြပါတယ်။ ဒါကြောင့်ထင်ပါရဲ့ သူတို့ အင်အားနဲ့လိုက်ဖက်တဲ့ အကန့်အသတ်တိုက်ပွဲငယ်တွေကိုသာ တိုက်ခိုက်အောင်ပွဲခံလေ့ရှိတာ တွေ့ရပါတယ်။ သူတို့ဟာ ရန်သူ တပ်ကြီးတခုလုံးကို ချေမှုန်းဖို့ လက်နက်ချဖို့ ရည်ရွယ်တိုက်ခိုက်တာထက် ရန်သူတွေ တပ်မစွဲထားနိုင်အောင်၊ တပ်ရုပ်သိမ်းသွားအောင် ရည်ရွယ်တိုက်ခိုက်လေ့ရှိပါတယ်။

ပြောက်ကျားတွေရဲ့ အလစ်အငိုက် ကိုမကြာခဏ အတိုက်ခံရတဲ့ တပ်မကြီးထဲက တပ်သားတွေဟာ စိတ်ဓါတ် အလိုလိုကျလာတတ်ပါတယ်။ ကြောက်စိတ်တွေ အလိုလို ဝင်လာတတ်ပါတယ်။ အထူးသဖြင့် လူမြင်ရင် ကြောက်နေတတ်တဲ့ စိတ်ရောဂါ စွဲကပ်သွားလေ့ရှိပါတယ်။ တခါတရံ အကြောက်လွန်ပြီး ကိုယ့်ကိုကိုယ်သတ်သေတာ၊ အချင်းချင်းရန်သူလို့ ထင်ပြီး ပစ်ခတ်မိတာတွေ မကြာခဏဖြစ်တတ်ပါတယ်။ ဒါကြောင့် ပြောက်ကျားစစ်ကို စိတ်ဓါတ်စစ်ဆင်ရေးအနေနဲ့လည်း အသုံးချတာမျိုး တွေတွေ့ရပါတယ်။

ဒါအပြင်ပြောက်ကျားတွေဟာ ချီတက်လာတဲ့ ရန်သူတပ်မကြီး ကိုချေမှုန်းဖို့ထက် ရန်သူတပ်မကြီးရှေ့ဆက် မချီတက်နိုင်အောင် ကန်သတ်ရည်ရွယ်ပြီး တိုက်ခိုက်လေ့ ရှိတာတွေ့ရပါသေးတယ်။ သူတို့ဟာ စစ်တပ်ကြီးချီလာမယ့် လမ်းတွေ၊တံထားတွေကို ဖျက်စီးတာ၊ မမျှော်လင့်တဲ့နေရာ မမျှော်လင့်တဲ့ အချိန်မှာ ကြားဖြတ်တိုက်ခိုက်ပြီး ရန်သူလှုပ်ရှားမှုကိုနှေးသွားအောင်လုပ်တတ်ပါသေးတယ်။

ဥပမာ - ရန်သူလေယဉ်တွေကို တိုက်ခိုက်ဖို့ လက်နက်မရှိပေမယ့် ရန်သူလေယဉ် အတွက် လိုအပ်တဲ့ လေယဉ်ဆီ ပို့ဆောင်ရေးလမ်းကြောင်းတွေကို ဖြတ်တောက် တတ်ပါတယ်။ ဆိုလိုချင်တာက အင်အားကြီးတဲ့ ရန်သူကို ချေမှုန်းတိုက်ခိုက်ဖို့ထက် အင်အားကြီးရန်သူကို မလှုပ်နိုင်အောင် ချုပ်ကိုင်ဖို့ ရည်ရွယ်တဲ့ တိုက်ပွဲငယ်မျိုးကို တိုက်ခိုက်လေ့ရှိပါတယ်။ တနည်းပြောရရင် အင်အားနည်းနည်းနဲ့ ရန်သူ့ချက်ကောင်းကို ထိအောင်တိုက်နိုင်တဲ့ နည်းဗျူးဟာတွေကိုသုံးလေ့ရှိပါတယ်။

နောက်တခုက ပြောက်ကျားတွေဟာ တူညီ ဝတ်စုံမရှိကြပါဘူး။ ဝယ်စရာငွေကြေးလည်းမရှိကြပါဘူး။ သူတို့ဟာ သာမန်အရပ်ဝတ်တွေကိုသာ ဝတ်ဆင်နိုင်ကြပါတယ်။ အဲဒီလို တူညီဝတ်စုံမဝတ်ဆင်နိုင်တာဟာလည်း အလစ်အငိုက်တိုက်တဲ့ အခါ သူတို့ကို အထောက်အကူရစေပါတယ်။

၂၀ ရာစု ပြောက်ကျားဗျူဟာတွေထဲမှာ နာမည်ကြီးတဲ့ မောစီတုန်းရဲ့ ရန်တက် ငါဆုတ်၊ ရန်ဆုတ်ငါတက်၊ ရန်နားငါရှုပ် ဆိုတဲ့ ပြောက်ကျာဗျူဟာကလည်း စိတ်ဝင်စားစရာပါ။

ပြည်သူ့ပြောက်ကျားတွေရဲ့ အောင်ပွဲဟာ လက်နက်ကိုင်တိုက်ပွဲတခုထည်းနဲ့ အောင်ပွဲခံတာ အလွန်ရှားပါတယ်။ လူမှုရေး၊ စီးပွားရေး၊ သံတမန်ရေး၊ လွှတ်တော်(ဥပဒေပြုရေး)၊ မီဒီယာ၊ အနုပညာယဉ်ကျေးမှု စတဲ့ စစ်မျက်နှာတွေကို တပြိုင်ထဲ ဖွင့်တိုက်ပြီး အောင်ပွဲခံလေ့ ရှိပါတယ်။

၂၀ ရာစုမှာ ထင်ရှားတဲ့ ဥပမာပြရရင် အမေရိကန်- ဗီယက်နမ်စစ်ပွဲဖြစ်ပါတယ်။ အမေရိကန် ဟာ ကမ္ဘာ့ စစ်အင်အားအကြီးဆုံးနိုင်ငံတခုပါ။ ဗီယက်နမ်နိုင်ငံကတော့ နှစ်ပိုင်းအခွဲခံထားရတဲ့ နိုင်ငံငယ်ကလေးပါ။ ဒါပေမဲ နောက်ဆုံး ဗီယက်နမ်ပြောက်ကျားစစ်က အနိုင်ရသွားပါတယ်။ ဘာကြောင့်ပါလဲ။ ဗီယက်နမ် သမ္မတ ဟိုချီမင်းဟာ ဗီယက်နမ်- အမေရိကန် စစ်ပွဲဟာ အမေရိကန်ပြည်သူတွေနဲ့ ဗီယက်နမ်ပြည်သူတွေ တိုက်တဲ့စစ်ပွဲမဟုတ်ဘူး၊ အမေရိကန် စစ်လိုလားသူတွေနဲ့ တိုက်တဲ့တိုက်ပွဲသာဖြစ်တယ်။ ဒီစစ်ပွဲဟာ အမေရိကန်ပြည်သူတွေအတွက် အကျိုးမဲ့တယ်။ ဒီစစ်ပွဲအတွက် အမေရိကန်ပြည်သူတွေ အခွန်မဆောင်သင့်ဘူး။ လွှတ်တော်ကလည်း ဘတ်ဂျက်ချမပေးသင့်ဘူး။ အမေရိကန်ပြည်သူတွေ ပေးဆောင်နေရတဲ့ အခွန်နဲ့ ဗီယက်နမ်ပြည်သူတွေကို ရက်စက်စက်သတ်နေတယ် လို့ အမေရိကန် အနုပညာသည်တွေနဲ့ မီဒီယာတွေကတဆင့် အမေရိကန် ပြည်သူတွေနဲ့ ကမ္ဘာကို အသိပေးခဲ့တယ်။ မကြာပါဘူး။ အမေရိကန်တပြည်လုံး ဗီယက်စစ်ဆန့်ကျင်ရေး တွေပေါ်ပေါက်လာပြီး လွှတ်တော်က ဗီယက်နမ်စစ်အတွက် ဘတ်ဂျက် ချမပေးလို့ ဗီယက်နမ်ပြောက်ကျားတွေ အောင်ပွဲခံခဲ့ရပါတယ်။

တကယ်တော့ ဒါဟာ ဗီယက်နမ်ပြည်သူ့ပြောက်ကျားတွေရဲ့အောင်ပွဲသာ မဟုတ်ပါဘူး တကမ္ဘာလုံးက ပြည်သူတွေအောင်ပွဲပါ။ ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန်ကစလို့ အမေရိကန်စစ်တပ်ဟာ စစ်ဖက်အရပ်ဖက် ဆက်ဆံရေးကို အသေအချာ လေ့လာစမ်းစစ်၊ သင်္ခဏ်းစာယူလိုက်တာကြောင့် အမေရိကန်စစ်တပ်ဟာ ခုချိန်မှာ ပြည်သူချစ်တဲ့ အမေရိကန်တပ်မတော်ကြီးအဖြစ် ကမ္ဘာ့အလည်မှာ ထည်ထည်ဝါဝါရပ်တည်နေပါပြီ။ ဒါဟာ တကမ္ဘာလုံးရဲ့အောင်ပွဲပါ။

ဒါကြောင့် ပြည်သူ့ပြောက်ကျားစစ်ဟာ လက်နက်ကိုင်စစ်ပွဲ သက်သက်မဟုတ်ပါဘူး။ စီးပွားရေး၊ သံတမန်ရေး၊ လူအခွင့်ရေး၊ လွှတ်တော်(ဥပဒေပြုရေး)၊ လူမှုတော်လှန်ရေး၊ စတဲ့ စစ်မျက်နှာတွေမှာပါ အရေးပါတဲ့ ဓမ္မစစ်ပွဲ ဖြစ်ပါတယ်။

ပြည်သူ့ပြောက်ကျား ဟာ ပြည်သူ့ရဲ့ အားဖြစ်ပါတယ်။

အန်ကယ် တူမီး

၇/၆/၂၀၂၁Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar