မြန်မာနွေဦးတော်လှန်ရေးကဗျာ - နေစိမ့်
Art - Than Htay Maung
ရန်ကုန်
နေစိမ့်
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၁
မလုံလောက်သေးဘူးလား
ရန်တွေမကုန်နိုင်သေးတာ ရန်ကုန်ပဲ
စက္ကရင်မှာ လူရာဝင်သွားပုံက
ဂျန်ဇီတွေထောင်ပြလိုက်တဲ့လက်သုံးချောင်း
ဂြိုဟ်တုပတ်လမ်းကြောင်းမှာ
မြေပြင်သုံး စကားဝှက်ဖြစ်လာတယ်
အာရှတိုက်မြေပုံကတုတ်ကျင်းထဲ
မကျော်ကြားသေးတဲ့ မြို့တော်ပါ
နိုင်ငံတကာအရက်တံဆိပ်တွေအလွတ်ရတယ်
မိုးအလင်းဥရောပညကို
တန်ရာတန်ကြေးပေးပြီးဝယ်လို့ရတယ်
လတ်ဗီးဂတ်စ်နဲ့အပြိုင်စစ်တုရင်ထိုးလို့ရတယ်
ဗီလိန်အသာစီးရသွားတဲ့ ရုပ်ရှင်ကို
အခမဲ့မကြည့်တတ်တဲ့ မြို့တော်မှာဂျန်ဇီတွေ
ကျောပိုးအိပ်တစ်လုံးရေသန့်တစ်ဘူးနဲ့
ကိုယ်အမှိုက်ကိုယ်ရှင်းလို့
ရုတ်တရက်မုန်တိုင်းက
အရွယ်အစားကြီးလွန်းနေတော့
ဖုန်းထဲမဆန့်တာနဲ့
ဂျန်ဇီတွေ ဂိမ်းပရိုဂရမ်ထဲကခုန်ထွက်လာတယ်
၈၈ အရေးတော်ပုံရဲ့မနူးသေးတဲ့
ပေါင်းအိုးကိုပြန်နွှေးဖို့
ခဲနေတဲ့ရေခဲမှာတော်လှန်ရေးကို
သဘာဝအတိုင်း ဖျော်ထည့်လိုက်ကြတယ်
နှင်းခဲတွေခဲချင်ခဲနေလိမ့်မယ်
သွေးမခဲသေးတာ ရန်ကုန်ပဲ
ရန်ကုန်ဟာ သွေးကြီးသလိုသွေးနီးကြတယ်
အမှောင့်ပယောဂ မကျူးကျော်ပဲ
ဘယ်တော့မှ
သွေးလေမချောက်ချားတဲ့ မြို့တော်
တော်လှန်ရေးကိုပေါင်းသင်
ပင်လယ်ကို မြို့လယ်ကောင်မောင်းသွင်း
ဘုရင့်နောင်ခေတ် သူရဲကောင်းရွေးခဲ့သလို
လက်မထိပ်သံချောင်းရိုက်သွင်းရဲသူတွေ
မုဆိုးဖိုရွာက ဦးအောင်ဇေယျရဲ့သွေးတွေ
ရန်ကုန်မြစ်ထဲထည့်ခတ်ခဲ့လေလား
ရန်ကုန်ဟာ
ငရဲနှုတ်ခမ်းဝမှာ သတ္ထုရောင်တောက်
နှစ်ရှည်စာချုပ်တွေနဲ့
ကြိုးစင်ကသတိရတိုင်း မျက်စပစ်
အလံမချိုး မီးခိုးမတိတ်တဲ့မြို့တော်
ရန်ကုန်ဟာ
သွေးအဓိဋ္ဌာန်နဲ့
ဂဠုန်တောင်ပံ ဒေါင်းအလံနဲ့
အော်အော်ပြီးပြေး ပြေးပြေးပြီးအော်အသံမစဲ အလံမလှဲ
လေဆန်ရေဆန် ဆန်တက်နေတဲ့သွေးတွေနဲ့
သပိတ်စုံ သူပုန်ထခဲ့တဲ့ မြို့တော်
ရန်ကုန်ဟာ
ဘုံရန်သူကိုအမြစ်က ဆွဲလှန်ဖို့
နယူတန်ရဲ့နိယာမကို ကိုးကားတယ်
ချေဂွေဗားရားပြောခဲ့သလို
မတရားမှုတွေ တရားဝင်ဖြစ်လာပြီးတဲ့နောက်
တော်လှန်ရေးဟာ ဝတ္တရားဖြစ်လာတယ်
ကိုလိုနီလက်ထဲက လွတ်ကျခဲ့တဲ့
လွတ်လပ်ရေးအတုကို
ပီဇာနဲ့ရေခဲမုန့်လိုအရသာခံ
ရောမအင်ပါယာကို ဓားနဲ့ထိုးခွဲခဲ့တဲ့
ဘရူးတပ်စ်တွေ ဘေထုတ်အထည်လိုဈေးပေါတယ်
နှစ်ချို့နိုင်ငံရေးအထည်ကြီးပျက်တွေက
သိုးနံ့ဟောင်ဟောင်တက်လို့
ရန်သူမျိုးငါးပါးထဲက
တစ်ပါးပါးနဲ့ ပေါင်းသင်းနေရတဲ့မြို့တော်
နွေဦးသတို့သမီးလည်းမုဒိမ်းကျင့်ခံလိုက်ရ
အလောင်းတွေထပ်တယ်
အနံ့တွေပျောက်တယ်
အောက်စီဂျင်ကို ခွဲတမ်းနဲ့ရတယ်
အကြောင်းမသင့်ရင်
ကိုယ့်အလောင်းကိုယ်ပြန်ကောက်လို့မရ
လျင်သူစားစတမ်း
ရန်သူနဲ့အလောင်း လုကောက်နေရ
အိပ်ရာပေါ်ကြောင်တောင်ကန်း
တစ်ထောင့်တစ်ညအာရေဗျပုံပြင်တွေ
နားရည်ဝနေတဲ့ ရန်ကုန်
ရန်ကုန်မှာ
တူနာငါးနဲ့ ကကတစ်မခွဲနိုင်ရင်တော့
စန်တီရာဂိုနောက် အဖော်လိုက်လို့မရသေးဘူး
ပင်လယ်စာအစုံ အရသာခံချင်ရင်တော့
ကမ်းခြေကိုဆင်းစရာမလို
တရုတ်တန်းမှာ ရေဘဝဲအရှင်လတ်လတ်ရွေးယူ
တော်လှန်ရေးကြီး ပြီးသွားရင်
လျှာပေါ်တင်ရမယ့် အရသာ
မီနူးကြိုရေးထားတဲ့ ရန်ကုန်
လုပ်လက်စအလုပ်တွေ
သံလမ်းနဲ့ဇလီဖားတုံးချိတ်ဆက်ထားသလိုဂဟေဆော်ထားတဲ့ရန်ကုန်
သွေးခဲတွေနဲ့သုံးလွန်းတင်ကျစ်ထားတဲ့ကြိုး
လွှင့်တင်ထားတဲ့ အလံနက်ဟာတလူလူ
နန်းသိမ်းနိမိတ် ပန်းသပိတ်
သမိုင်းပုံရိပ်မှာ
မိစ္ဆာတံခါး အပြီးပိတ်ဖို့ ။။ ။။
၁၃ ဇူလိုင် ၂၀၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar