ဆာသော်ဒိုး - ဖက်ဆစ်တော်လှန်ရေး (အပိုင်း ၂)
Art - Than Htay Maung
ဖက်ဆစ်တော်လှန်ရေး (အပိုင်း ၂)
ဆာသော်ဒိုး
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၁
" ဟေး TV က ကာတွန်းဆရာကြီး ' Mask ' ကြီးနဲ့ပါလား။ ဘယ်တုန်း "
" ကလေးတွေအတွက် ဟင်းချက်မလို့၊ ဟင်းသီးဟင်းရွက် ထွက်ခူးတာအမိုးရေ့။ ဒီနေ့တော့ ကြောင်လျှာရွက်အနုလေးတွေ ရေနွေးဖျောပြီး သုတ်
ကျွေးမလားလို့ "
" ကောင်းတယ် ကောင်းတယ် TV က ကာတွန်းဆရာကြီးရေ့။ ဒါပေမယ့် Mask ကြီးတပ်ထားတော့ အသက်ရှူရော ဝရဲ့လား "
" မြို့တွေပေါ်မှာ Covid တတိယလှိုင်းက ကူးစက်မှု အတော်ဆိုးနေဆိုပဲ အမိုးရေ့။ ဒါကြောင့် လူတဦးချင်းကိုယ်စီ စည်းကမ်းလိုက်နာမှလေ "
" ကောင်းပါတယ် ကောင်းပါတယ်ကာတွန်းဆရာကြီးရေ့။ အိမ်မှာတောင်ပိတ်စလေးတွေနဲ့ Mask လေးတွေချုပ်ထားတယ်။ ရွာထဲလည်း ဝေမလို့ "
ထိုင်ပါအုံး ဆိုတာနဲ့ ဝင်ထိုင်ပြီး ရေနွေးကြမ်းသောက်ဖြစ်ပါတယ်။ ပြီးတော့ ဟိုဘက်ရက်က ကျနော်ပြောပြတဲ့ "ဖက်ဆစ်တော်လှန်ရေးကာလ" က စားဖိုမှူးအန်ကယ်ကြီး ဦးခင်မောင့်အကြောင်းကို ဆက်ပြောပါအုံး ဆိုတာနဲ့ အန်ကယ်ကြီး တခါက "ကြက်သားဟင်း" ချက်တဲ့အကြောင်းကို ဆက်ပြောပြဖြစ်သွားတယ်။
အန်ကယ်ကြီးဦးခင်မောင်က "ဖက်ဆစ်တော်လှန်ရေးကာလ" တုန်းက တပ်သားတွေစားဖို့သောက်ဖို့ စားဖိုမှူးတာဝန်ကျလို့ "သေနတ်" ထက် "ယောင်းမ" ကိုင်ချိန် ပိုများခဲ့သူကြီးပေါ့။
အန်ကယ်ကြီးအကြောင်း ပြန်ပြောင်းပြောရင်း "ဗိုလ်ချုပ်" ကိုလည်း သိပ်ကိုပဲလွမ်းသွားပါတယ်။ ဗမာပြည်မှာ "ဗိုလ်ချု ပ်" လို့ ပြောလိုက်ရင် "ဗိုလ်ချုပ်အောင်ဆန်း" လို့ လူတိုင်းရင်မှာ အသိပါပဲ။
ငယ်သားတွေအပေါ် တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် စေတနာအား ကြီးမားသူ၊ ကိုယ့်အရေးထက် ကိုယ့်မိသားစုအရေးထက် နိုင်ငံ့အရေးကိုသာ ဦးစားပေးသူ၊ လူထုအချစ်တော် ဗိုလ်ချု ပ်အောင်ဆန်းဆိုတာ ကမ္ဘာ့သမိုင်းမှာ "နာမည်ကောင်း" နဲ့ မှတ်တမ်းတင်ခံရသူ၊ မြန်မာ့ထာဝရအာဇာနည် မြင့်မြတ်တဲ့သူရဲ ကောင်းကြီးပေါ့။
ဖက်ဆစ်တော်လှန်ရေးကာလအတွင်းတစ်ရက် ရွာတရွာမှာ တပ်ဖွဲ့နားနေတုန်းအန်ကယ်ကြီးလည်း ထမင်းဟင်းတွေ စီမံချက်ပြုတ်နေခိုက်ပေါ့။ ထင်းမီးဖိုတွေနဲ့ ချွေးသံတလုံးလုံးနဲ့ပေါ့။ အဲသလို ချက်နေခိုက်လူရိပ်တစ်ခုပေါ်လာလို့ မော့ကြည့်လိုက်တော့ "ဗိုလ်ချု ပ်" ဖြစ်နေတယ်တဲ့။
"ဟေ့ကောင် ခင်မောင်၊ ဘာဟင်းတွေများ ချက်နေတာတုန်းဟ"
"ရွာထဲက ကြက်သားလေးရလာလို့ အခု ချက်နေတာပါ။ ကြက်ခါနီးပါပြီ ဗိုလ်ချုပ်"
"ဒါနဲ့ နေပါအုံးကွ ဟိုဘူးသီးတွေက"
"အဲဒါ ကြက်ရိုးတွေနဲ့ ရဲဘော်တွေစားဖို့ ရောမလို့"
"ဒီဘေးက အိုးသေးသေးလေးက"
"အဲဒါ ဗိုလ်ချုပ်အတွက် သပ်သပ်ဖယ်ပြီး ဆီပြန်ချက်ထားတာပါ"
ဗိုလ်ချုပ်နဲ့ အန်ကယ်ကြီး အချီအချပြောနေဆိုနေပုံကို ကျနော့်စိတ်မျက်စိထဲမှာ ပေါ်ကိုပေါ်လာပါတယ်။
"ဟေ့ကောင် ခင်မောင်၊ ဒီအိုးသေးလေးထဲက ဆီပြန်ချက်ထားတဲ့ ကြက်သားတွေကို ဟိုဘက်က ဘူးသီးနဲ့ရောမယ့် ဟင်းအိုးထဲကိုထည့်ပြီး ဘူးသီးနဲ့ အကုန်လုံးရောမွှေလိုက်"
" ဗျာ . . . ဗိုလ်ချုပ် "
"အေး . . . ပြီးရင် အဲသည်အထဲကတစ်ခွက်ခပ်ပြီး ငါ့ကိုပေး"
အမိုးလည်း ငေးကာနားထောင်နေရာက ဆွေးရိပ်ပါ သမ်းလာတာ မြင်နေရပါတယ်။
"လူထုခေါင်းဆောင်" ဆိုတာ ဒီလိုမျိုးပါလားဆိုတဲ့အသိကို ငယ်ငယ်ကတည်းက စွဲသိခဲ့ရတာ။ ။
ဆာသော်ဒိုး
12-7-2021(Mon) 5:43 PM
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar