ဆားပုလင်းသာပိန် - သာဝ ဆန္ဒထွက်ပြခြင်း

ဆားပုလင်းသာပိန် - သာဝ ဆန္ဒထွက်ပြခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁လှလှနဲ့ ဒုက္ခတော့ တွေ့ချေပြီဟု မဒမ်သာဝ ရေရွတ်မိ၏။ ဘာစိတ်ကူးပေါက်သည် မသိ။ သာဝတယောက် ဆန္ဒထုတ်ဖော်ပွဲ သွားချင်သည်ဆိုပဲ။ မြဝတီတီဗွီပဲ ကြည့်နေကျဆိုတော့ သူ့ကို တနိုင်ငံလုံးက ဝိုင်းဆန့်ကျင်နေကြတာ မသိလို့များလား၊ မေးမြန်းကြည့်တော့ သူ သိပါတယ်။ ဒါပေမဲ့ အားလုံးက ဆန့်ကျင်သူတေွချည်း မဟုတ်ပါဘူး။ ကိုသန်းဌေးနဲ့ ကိုခင်ရီ အပြောအရ ထောက်ခံသူတွေကတောင် ပိုများနိုင်ကြောင်း ပြန်ပြောတယ်။ အချင်းချင်းတောင် မျက်နှာပြောင်နဲ့ လိမ်ချင်တဲ့ သင်းတို့နှစ်ယောက်ကို စိတ်ထဲက ကျိန်ဆဲနေမိရဲ့။ ပြီးတော့မှ အင်းလေ ကိုသာဝလည်း တနိုင်ငံလုံး လိမ်နေတာပဲ။ ဦးရာလူ လိမ်ကြစတမ်း ဆိုပြီး စိတ်ဖြေလိုက်ရတယ်။ တားမရတဲ့နောက် မတော်တဆ ရှင့်ကို ဆန့်ကျင်သူ တယောက်စ နှစ်ယောက်စ မြင်သွားရင် ဒုက္ခဖြစ်ရချည်ရဲ့ ဆိုပြီး ခြောက်လိုက်ရတယ်။
ကြောက်တတ်တဲ့နေရာ နှစ်ယောက်မရှိသူ ဆိုတော့ နှစ်ခါ မပြောလိုက်ရဘူး။ ရုပ်ဖျက်ပြီး သွားမယ်ဆိုပဲ။ အင်း… ရုပ်ကတော့ ဟုတ်ပြီ။ အရပ်ကရော ဆိုတော့ မင်း ဒေါက်ဖိနပ် ငှားလိုက်တဲ့။ ဒေါက်ဖိနပ် လျှောက်သံ သီချင်း နာမည်ကြီးကတည်းက မိန်းမဖိနပ်ကို မျက်စောင်းထိုးနေတာ သိပြီးသား။ ကျိတ်ပြီးအားကျနေတာလေ။ အပေါ်ကတော့ ဟိုတနေ့က ဟော့ဖြစ်သွားတဲ့ အဖွဲ့လိုက် မင်္ဂလာဆောင်ဂါဝန် ဝတ်သွားမယ်တဲ့။ ဘာပဲဖြစ်ဖြစ် တနိုင်ငံလုံး ဝိုင်းမေတ္တာပို့နေတဲ့ အရပ်နဲ့ ရုပ်ကိုတော့ ဖုံးကွယ်ပြီးသား ဖြစ်သွားတာပေါ့။
သာဝ ဂါဝန်ကောက်စွပ်လိုက်တော့ အနီးကပ် လုံခြုံရေး လိုက်ရမယ့်သူတွေလည်း စိတ်မသက်မသာနဲ့။ (အင်း… တချို့ကျတော့လည်း ဝမ်းသာအားရ ဘယ်လို နားလည်ရမလဲ မသိပါဘူး) ဂါဝန်ကိုယ်စီ လိုက်ဝတ်ကြရတာပေါ့။ ဒီလိုနဲ့ သာဝတို့အဖွဲ့ ဆန္ဒပြလူအုပ်ကြီးနား ရောက်လာတယ်။ လမ်းတလျှောက်လုံး သာဝက သူ့ကို ထောက်ခံသူ အဖွဲ့တွေများ တွေ့လေမလား ဆိုပြီး တောင်ကြည့် မြောက်ကြည့်နဲ့ ရှာနေသေးတယ်။ ဒါပေမဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး။ သူတို့ ဂါဝန်အုပ်စုကြီးလည်း မြင်ရော… ဆန္ဒပြလူအုပ်ကြီး လက်ခုပ်လက်ဝါး တီးပြီး ကြိုဆိုလိုက်ကြလေရဲ့။ သာဝတို့အဖွဲ့လို့ ဘယ်သူကမှ မသိဘူးလေ။ သူလို ကိုယ်လို ပြည်သူထဲက ပြည်သူလို့ပဲ ထင်မှတ်ကြတာပေါ့။ တသက်လုံး နေ့စားခပေးပြီး ငှားထားရတဲ့ ပြည်သူအတုတွေဆီကပဲ လက်ခုပ်သံအတု ကြားခဲ့ရတဲ့ သာဝဟာ တကယ့် ပြည်သူစစ်စစ်တွေဆီက လက်ခုပ်သံတွေ ကြားလိုက်ရတော့ သာဝမှန်း မသိလို့ တီးကြတာဆိုတာတောင် မေ့သွားပြီး ဂါဝန်ကြီးတကားကားနဲ့ ဆန္ဒပြ ကြွေးကြော်သံတွေ လိုက်ဆိုနေလေရဲ့။ တချက် တချက်တော့ ယောင်ယမ်းပြီး ‘ဘယ်ပါတီကို မဲပေးခဲ့လဲ’ ‘ကိုသန်းဌေးကို မဲပေးခဲ့တယ်’ ဆိုပြီး လိုက်အော်မိလို့ ဘေးက ဂါဝန်ခြုံ လုံခြုံရေးတွေက အလျင်အမြန် သတိပေးလိုက်ကြရတယ်။ ဟုတ်တော့ ဟုတ်သား။ နေပြည်တော်မှာ သူ တကယ် ကိုသန်းဌေးကို မဲပေးခဲ့တာပဲလေ။
သူ့အရပ်အမောင်းကို ပြောတာ ဆိုတာ လုံးဝ မကြိုက်တဲ့ သာဝဟာ “မဆိုးပါနဲ့ ဂျပုရာ၊ အမေစုကို ပြန်လွှတ်ပေးပါ” ဆိုပြီး တိုင်ပေးတာကိုတောင် ပြုံးပြုံးကြီးနဲ့ လိုက်ဆိုရင်း ဒီကလေးတွေ ဟာသဉာဏ် တော်တော်ရှိတယ်လို့ ကောက်ချက်ချလိုက်သေးတယ်။
“ကျွန်တော်တို့ဟာ လူငယ်ပါ၊ ကျွန်တော်တို့မှာ အနာဂတ်ရှိတယ်” ဆိုတော့လည်း အေး၊ ဒါလည်း ဟုတ်တာပဲ ဆိုပြီး လက်ခုပ်လက်ဝါးတီး သဘောကျနေရဲ့။ ဒါပေမဲ့ သူ့ရဲ့အပျော်စိတ်ဟာ ကြာကြာမခံရှာပါဘူး။ သာဝတို့အဖွဲ့ဘေးနား အနောက်အရွှတ် ပိုသန်ပုံရတဲ့ ကလေးတယောက် စပီကာကိုင်ပြီး ရောက်လာတယ်။
“ကျွန်တော်တို့ဟာ လူငယ်ပါ၊ ကျွန်တော်တို့မှာ အနာဂတ်ရှိတယ်” တိုင်ပြီးရင် သူက “အဘတို့ဟာ လူလိမ်ပါ၊ ICJ ဟာ အဘတို့ အနာဂတ်” ဆိုပြီး ဆက်တိုင်ပေးတယ်။ သာဝဟာ ICJ ဆိုတာ ကြားရင် ရင်တုန်ပန်းတုန် ဖြစ်ပြီး သွေးပျက်ချင်လွန်းလို့ အိမ်မှာ IC တီးဝိုင်းအခွေတွေ မဖွင့်ရ၊ Jဒိုးနပ် မစားရ ဆိုပြီး အမိန့်ထုတ်ထားဖူးတယ်။ အဲဒါနဲ့ ဘုကြည့် လှမ်းကြည့်လိုက်တော့ မြင်လိုက်ရတာက ပိုတောင်ဆိုးသွားလေရဲ့။ စပီကာ ကောင်လေးဘေးက ကလေး ကိုင်ထားတဲ့ ပိုစတာကြောင့်ပေါ့။ ရေးထားတာက “ဂျပုသွေးနဲ့ လ(-)ဆေးမယ်” တဲ့။ အဲဒီဆောင်ပုဒ်ကို စပီကာ ကောင်လေးက အသံပြဲနဲ့ တချက် တချက် ထအော်တဲ့နောက် သာဝ ဆက်ပြီး လိုက်ချင်စိတ်ကုန်သွားလို့ လမ်းခုလတ်မှာ ချန်နေရစ်ပြီး အိမ်ပြန်လာခဲ့ကြတယ်။
အိမ်လည်း ပြန်ရောက်လို့ ဂါဝန်ချွတ်လဲတော့မှ ဂါဝန်ကြား ညှပ်ထားတဲ့ သာဝရဲ့ ဒိုင်ယာရီစာအုပ်သေးလေး ဘယ်ကျကျန်နေခဲ့မှန်း မသိတာ သိလိုက်ရတယ်။ ငယ်ငယ်ကတည်းက ကျောင်းစာမှာ ချာတူးလန်ပြီး လက်ရေးလက်သား ညံ့လွန်းတဲ့ သာဝ လက်ရေးကို ဘယ်သူကမှ ဖတ်နိုင်မှာမဟုတ်ဘူးဆိုပြီး စိတ်တော့ သိပ်မပူမိပါဘူး။
ဒါပေမဲ့ စိတ်ဓာတ်အကြီးအကျယ် ကျသွားမိတာက ဘယ်နေရာမှ ယှဉ်လို့မရတဲ့ သာဝဟာ ဒေါက်ဖိနပ်စီးတဲ့နေရာမှာတောင် ပုံပန်းတကျ ယှဉ်မစီးနိုင်ဘူးဆိုတာကို သိလိုက်ရလို့ပါပဲ။ အဲဒီညမှာတော့ သာဝတယောက် မောမောနဲ့ အိပ်ရာစောစောဝင်သွားခဲ့တယ်။ ဒါပေမဲ့ နေ့လယ်က “ဂျပုသွေးနဲ့ လ(-)ဆေးမယ်” ဆိုတာကြီးက သာဝကို အိပ်မက်ထဲအထိ လိုက်ပြီး နှောင့်ယှက်နေလေရဲ့။
“မဆေးဘူး၊ မဆေးဘူး” ဆိုတဲ့ သာဝရဲ့ ကယောင်ကတမ်းသံ ကြားလိုက်ရတဲ့ မဒမ်သာဝဟာ အိပ်ချင်မူးတူးနဲ့ “မပြေးဘူး၊ မပြေးဘူး” ဆိုပြီး သာဝကို ပြန်ချော့သိပ်လိုက်တယ်။ သူမ ထင်လိုက်တာက တနေ့က သာဝကို အခြေအနေမကောင်းရင် ပြေးကြရအောင်လို့ ပြောမိတာနဲ့ ဆက်စပ်နေတယ်ထင်ပြီး “မပြေးဘူး၊ မပြေးဘူး” လို့ နှစ်သိမ့်လိုက်တာ ဖြစ်တယ်။ အင်းလေ၊ ခိုးလို့ရသလောက်တော့ ဆက်ခိုးကြ၊ အဲ… မှားလို့။ နေလို့ရသလောက်တော့ ဆက်နေကြတာပေါ့။ ဒီလိုနဲ့ပဲ “မဆေးဘူး၊ မဆေးဘူး”၊ “မပြေးဘူး၊ မပြေးဘူး” ဆိုတဲ့ အသံတွေဟာ သာဝတို့ အိပ်ခန်းဆီ တညလုံးပေါက် ကြားနေရပါတော့သတဲ့။
(စကားချပ်။ ။ ပျောက်ဆုံးသွားသော သာဝရဲ့ ဒိုင်ယာရီစာအုပ်သည် ယခု ဆားပုလင်းသာပိန်၏ လက်ဝယ် ရောက်ရှိနေပြီး အလွန်တရာ ညံ့ဖျင်းလှသော လက်ရေးလက်သားများကို အချိန်ယူ၍ မြန်မာဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပြီးလျှင် စာဖတ်သူများ ဖတ်ရှုနိုင်ရန် တင်ဆက်ပေးမည် ဖြစ်ပါကြောင်း။)