မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၃ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၃ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၁လူမုန်းများဆုံးသူတယောက်အတွက် မွေးနေ့ဆုတောင်း
ချစ်သူခင်သူ တန်ဖိုးထားသူတွေအတွက်ပဲ မွေးနေ့ဆုတောင်း လုပ်ကြတာ လောကရဲ့ သဘာဝဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ လူအများမုန်းသူတယောက်ရဲ့ မွေးနေ့မှာ မြန်မြန် သေဆုံးပါစေ ဆိုတဲ့သဘောမျိုး ဆန္ဒပြုတဲ့ သပိတ်တွေ နိုင်ငံရေးကမ်ပိန်းတွေ လုပ်ခဲ့ကြတာ ဇူလိုင်လ ၃ ရက် စစ်ကောင်စီရဲ့ ခေါင်းဆောင်၊ အာဏာသိမ်းမှုကို ခေါင်းဆောင်ခဲ့တဲ့ မင်းအောင်လိှိုင်ရဲ့ မေွးနေ့ပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆန္ဒပြသူတချို့က “မွေးနေ့မှစ၍ န်မြန်သေပါစေကြောင်း ဆုတောင်းပါသည်” ဆိုတဲ့ စာသားပါတဲ့ ဆောင်ပုဒ်ဗီနိုင်းတွေ ပိတ်စတွေကို ကိုင်ပြီး ဆန္ဒပြကြသလို အချို့မြို့/ ရွာမှာတော့ ကျိန်စာတိုက်တယ်ဆိုတာမျိုးလည်း သတင်းတွေထဲ တွေ့ရပါတယ်။ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပျက်တဲ့ ဆိုးရွားလွန်းတဲ့ အဖြစ်အပျက်တွေ အတွက် တာဝန်အရှိဆုံးက စစ်ကောင်စီ ဥက္ကဌ ဖြစ်သူ စစ်တပ်တွေရဲ့ အာဏာအရှိဆုံး ဖြစ်သူ ဖြစ်နေတာမို့ အဲဒီနေ့မှာ ဆန္ဒပြတဲ့ ပုံစံကို သူ့အပေါ် ဘယ်လောက် သေစေချင်ကြသလဲ၊ ဒီဖြစ်ရပ်ဆိုးတေွ ဆိုးရွားတဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင် သူသေမှ ဆိုတာမျိုး စဥ်းစားကြ ခံစားကြပြီး လုပ်ဆောင်တဲ့ သဘောလည်း ဖြစ်ပါတယ်။
အရင့်အရင် စစ်အာဏာရှင် ၂ ဆက်ဖြစ်တဲ့ နေဝင်းနဲ့ သန်းရွှေ တုန်းကလည်း လူထုအနေနဲ့ အခုလို ခံစားချက် ရှိခဲ့ကြတာဖြစ်ပါတယ်။ မဆလ ခေတ်တခေတ်လုံး နိုင်ငံေရးအရ ဖိနှိပ် စီးပွားရေးအရ ဆင်းရဲ နိုင်ငံတကာမှာ အောက်ကျ နောက်ကျဖြစ်လောက်အောင် ကမ္ဘာ့ဖံွ့ဖြိုးမှု အနည်းဆုံး အယ်လ်ဒီစီ နိုင်ငံဖြစ်အောင် လုပ်ခဲ့တဲ့ မဆလ လမ်းစဥ်ပါတီရဲ့ ခေါင်းဆောင် ဦးနေဝင်းကို အဲဒီခေတ်က နိုင်ငံအကျိုး တကယ်လိုလားသူတိုင်း အမြန်ဆုံးသေဆုံးသွားေစချင်ခဲ့ကြတာပါ။ ကိုယ်တွေရဲ့ အဖေတွေ ဦးလေးတွေ ဘကြီးတွေ အမြဲပြောတဲ့စကားက နေဝင်းသေမှ တိုင်းပြည်ပြောင်းလဲမယ်ဆိုတဲ့ စကားကို ခုတိုင် အမှတ်ရနေဆဲ ဖြစ်ပါတယ်။
အလားတူပဲ ၈၈ အာဏာသိမ်းပြီးနောက် နှစ်အနည်းငယ် အကြာ အာဏာအရှိဆုံးသူဖြစ်လာတဲ့ သန်းရွှေ လက်ထက်မှာလည်း အထက်က ခံစားချက်မျိုး ရှိခဲ့ကြတာ ကြားခဲ့ ရသိခဲ့ရပါတယ်။ နေဝင်းသေတဲ့ သတင်း ကြားချင်ခဲ့ကြတဲ့ သူတွေ၊ သန်းရွှေ သေတဲ့ သတင်းကြားချင်ကြတဲ့သူတွေ အဲဒီနှစ်ခေတ်စလုံး အမြောက်အမြားရိှိခ့ဲပါတယ်။ သို့ပေမယ့် ဆုတောင်းက ပြည့်ပြည့်ဝဝ မပြည့်ခဲ့ပဲ စစ်အာဏာရှင် တယောက်နေရာမှာ နောက်တယောက်က ဆက်လက်အစားထိုး နေရာဝင်ယူကြတာမျိုးကိုသာ မြန်မာ့သမိုင်းမှာကြုံခဲ့ရတာပါ။
၂၀၁၀ကတော့ စစ်အာဏာရှင်က စစ်တပ်လည်း အာဏာဆက်ရှိနေပြီး နိုင်ငံတကာလည်း ဖိအားလျော့ပါးစေမယ့် ရွေးကောက်ပွဲကို ကျင်းပပေးပြီး အရပ်သားအစိုးရ လို့ အပြင်ပန်းမြင်ရတဲ့ အစိုးရတက်လာပြီးနောက် ရွေးေကာက်ပွဲ တဆက်အပြီးမှာ မြန်မာနိုင်ငံဟာ အခုလို စစ်အာဏာသိမ်းတာ စစ်အာဏာရှင် နောက်တယောက်နဲ့ ထပ်ကြုံရတာလည်း ဖြစ်ပါတယ်။
လူပုဂ္ဂိုလ် အရရှုမြင်ခြင်းနဲ့ စနစ်အနေနဲ့ ရှုမြင်ခြင်း
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို လူပုဂ္ဂိုလ် အရရှုမြင်တာဟာ လူအများအဖို့ လွယ်ကူသလို စိတ်ခံစားမှုအရလည်း ဆိုးတဲ့သူ ကောင်းတဲ့သူ ရက်စက်သူ ယုတ်မာသူ ကိုယ်ကျိုးရှာသူ စသဖြင့် လွယ်လွယ်ကူကူ အဓိပ္ပါဖွင့် နားလည်တိုက်ပွဲဝင်ကြတာမျိုးဖြစ်ပါတယ်။
မဆလ လမ်းစဥ် အမည်ခံထားတဲ့ စစ်တပ်အာဏာရှင် တပါတီေခတ်ကလည်း စစ်အာဏာရှင် ဖြစ်တဲ့ နေဝင်းက ဦးဆောင်တဲ့ မဆလ ပါတီ ၊ ကောင်စီစနစ်နဲ့ အုပ်ချုပ်တယ်ဆိုပေမယ့် တကယ်တန်းတော့ အုပ်ချုပ်ရေးမှာ အဓိက နေရာတွေကို ယူထားတဲ့သူတွေက စစ်တပ်ကလာတဲ့သူတွေ သာဖြစ်ပါတယ်။
ဖိနှိပ်မှု ကျောင်းသားလှုပ်ရှားမှုတွေ အပေါ် ရက်စက်တဲ့ နှိပ်ကွပ်သတ်ဖြတ်မှုတွေက စစ်အာဏာရှင် စပြီး အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်ကတည်းက စတင်ခဲ့တာ တရုတ်မြန်မာအရေးအခင်း ကျွန်းဆွယ်အရေးအခင်း အလုပ်သမားအရေးအခင်း ဦးသန့်အရေးအခင်း ရွှေတိဂုံအရေးအခင်း မှိုင်းရာပြည့်နဲ့ နောက်ဆုံး ရှစ်လေးလုံးထိ သေနတ်နဲ့ပစ်သတ် ဖြိုခွဲခဲ့တာချည်းဖြစ်ပါတယ်။
ဒါကို နေဝင်းလုပ်တာလို့ မြင်ခဲ့ကြပြီး နေဝင်းသေသွားခဲ့ရင် မြန်မာပြည် စစ်ဖိနပ်အောက်က စစ်အာဏာရှင်လက်အောက်က လွတ်ပြီလို့ မြင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ၈လေးလုံးအတွင်းစစ်အာဏာရှင်ဟာ မြင်ကွင်းက ထွက်သွားခဲ့ပြီးနောက်ကွယ်က ကြိုးကိုင်ကာ စစ်အာဏာသိမ်းမှုကို ထပ်မံစီစဥ်ညွှန်ကြားခဲ့ပြန်ပါတယ်။ သို့ပေမယ့် ဆယ်စုနှစ် တခုမပြည့်မှီမှာတင် မြင်ကွင်းက ဆုတ်သွားတဲ့ စစ်အာဏာရှင်နေရာကို နောက်တက် စစ်အာဏာရှင်ဖြစ်တဲ့စောမောင်နဲ့ သူ့ကာလနောက် သန်းရွှေက အစားထိုးနေရာဝင်ယူခဲ့ပြီး နောက် အနှစ် ၂၀၊ ၃၀ နီးနီး စီမံခန့်ခွဲခဲ့ပြန်ပါတယ်။
စောမောင် သေမှ သို့မဟုတ် သန်းရွှေ သေမှ စစ်အာဏာရှင်စနစ် ပြောင်းလဲမယ်လို့ အများထင်မြင်ယူဆချက်က ဒုတိယ စစ်အစိုးရလက်ထက်ဖြစ်တဲ့ ရှစ်လေးလုံးနောက်ပိုင်း အနှစ် ၃၀ ကာလမှာ ထပ်ပြီး ပေါ်ထွက်လာတဲ့ စစ်အာဏာရှင် ကျဆုံးရေး မျှော်မှန်းချက် တခုဖြစ်ခဲ့ပြန်ပါတယ်။ သန်းရွှေက ဘယ်လို ၊ ဘယ်ညာ ခြစားတယ် ဘယ်လိုဘယ်ညာ ရက်စက်တယ် ဘယ်လိုဘယ်ညာ အာဏာရှင်ဆန်တယ်ဆိုတာတွေဟာ ဒုတိယ စစ်အာဏာရှင် ခေတ်တခေတ်လုံးရဲ့ တိုးတိုးပုံပြင် သဖွယ် ဖြစ်ခဲ့ပါတယ်။
ခုတော့အများမျှော်လင့်တဲ့ သန်းရွှေ လူ့လောကက မထွက်ခွာသေးပေမယ့် နိုင်ငံရေးနယ်ပယ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့တာ ဆယ်စုနှစ်တခု နီးနီးရှိပါတော့မယ်။ အဲဒီနေရာကို နောက်ဝင်ယူလာတာက သန်းရွှေက ရွေးချယ်ခန့်ထားခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။ သူ ပြီးခဲ့တဲ့ ၂၀၁၁ကနေ ၂၀၂၀ အကုန်ထိမှာတော့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲက စည်းနားကပ်၍ တဖုံ စည်းကျော်၍ တနည်း နိုင်ငံရေးအာဏာကို အမျိုးမျိုးကစားခဲ့ရာက ၂၀၂၁ အစမှာပဲ ကစားပွဲကို ဖျက်ပစ်လိုက်ပြီး ဘာကစားပွဲမှ မရှိတော့ပဲ ကွင်းတခုလုံး သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေကို ပြန်သုံးသပ်ကြည့် တဲ့အခါ စစ်အာဏာရှင်တွေကို တိုက်တာထက် စစ်အာဏာရှင်စနစ်ကို ဦးတည်ပြီး တိုက်တာ ပြောင်းလဲအောင် ရေရှည်ခံတဲ့ အပြောင်းအလဲ ဖြစ်အောင် ဦးတည်တာက မှန်ကန်တဲ့ နိုင်ငံရေး တိုက်ပွဲ နိုင်ငံရေးလမ်းစဥ် ဖြစ်လိမ့်မယ်လို့ ထင်မြင်ပါတယ်။
မိမိတို့တိုက်ရမယ့်ဘက်ကိုလည်း လူပုဂ္ဂိုလ် ဗဟိုပြုမြင်တာမျိုးမဟုတ်ပဲ စနစ်ကို ဗဟိုပြုမြင်ခြင်းက နိုင်ငံရေးအရ ရင့်ကျက်ခြင်း ခိုင်မာခြင်း လက်တွေ့ကျခြင်း ဖြစ်မယ်လို့ ယူဆသလို မိိမိတို့ဘက်ကလည်း နိုင်ငံရေး တည်ဆောက်ကြရာမှာ လူပုဂ္ဂိုလ် ဗဟိုပြု တည်ဆောက်ကြတာမဟုတ်ပဲ နိုင်ငံရေး အဖွဲ့အစည်း လူထုပါဝင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းဟာ နိုင်ငံရေးစနစ်ကို အခြေပြုသော နိုင်ငံရေးအယူအဆကို အခြေပြုသော အဖွဲ့အစည်းအဖြစ် တည်ဆောက်ကြမှသာ ခိုင်မာလိမ့်မှာ ဖြစ်ပါတယ်။ မိမိတို့ဘက်ကလည်း နိုင်ငံရေးအယူဝါဒ လမ်းစဥ်ထက် လူပုဂ္ဂိုလ် တဦးတယောက်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ၊ နှုတ်ထွက်စကားကိုသာ လိုက်လံ အကောင်အထည်ဖေါ်မှုတွေ မရှိသင့်ပဲ အဖွဲ့အစည်း ရဲ့ ခိုင်မာမှု လူတဦးတယောက် အပေါ် အခေြမခံတဲ့ နိုင်ငံရေးအဖွဲ့အစည်းမျိုး တည်ဆောက်သင့်ကြပြီဖြစ်တယ်လို့ ထင်မြင်ပါတယ်။
အသစ်သော နိုင်ငံရေးအခင်းအကျင်း နိုင်ငံရေးမျှော်မှန်းချက်ပန်းတိုင်ကို အသစ်သော နည်းနာတွေ လုပ်ဆောင်မှုတွေနဲ့ ချဥ်းကပ် လျှောက်လှမ်းကြဖို့က အရေးတကြီးလိုအပ်နေပြီလို့ မြင်ပါတယ်။Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar