Breaking News

အန်ကယ် တူမီး - ပြည်သူ့ပြောက်ကျား နဲ့ တိုက်ပွဲ



အန်ကယ် တူမီး - ပြည်သူ့ပြောက်ကျား နဲ့ တိုက်ပွဲ

(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၁

ပြည်သူ့ပြောက်ကျားတွေဟာ အဓိပ္ပါယ်မဲ့တိုက်တိုက်ပွဲတွေကိုတိုက်လေ့မရှိပါဘူး။ ခံစားချက်ကို ဦးစားပေးတဲ့ တိုက်ပွဲတွေကို တိုက်လေ့မရှိပါဘူး။ အကန့်အသတ်မဲ့တဲ့ တိုက်ပွဲတွေကိုတိုက်လေ့မရှိပါဘူး။ ကြိုတင်ပြင်ဆင်မှု့မရှိတဲ့တိုက်ပွဲတွေကို တိုက်လေ့မရှိပါဘူး။ ဦးတည်ချက်မရှိတဲ့တိုက်ပွဲတွေကို တိုက်လေ့မရှိပါဘူး။ ရလဒ်ကောင်းမရတဲ့ တိုက်ပွဲတွေကို တိုက်လေ့မရှိပါဘူး။ ပြည်သူကို နစ်နာထိခိုက်စေမယ့် တိုက်ပွဲတွေကို တိုက်လေ့မရှိပါဘူး။ စစ်နိုင်ဖို့သက်သက် ရည်ရွယ်တဲ့တိုက်ပွဲတွေကို တိုက်လေ့မရှိပါဘူ။ အရင်းအနှီးများတဲ့ တိုက်ပွဲတွေကို တိုက်လေ့မရှိပါဘူး။

ပြည်သူ့ပြောက်ကျားတွေဟာ အလကားနေရင်း အပျင်းပြေ တိုက်ပွဲမျိုး၊ ကျဉ်ဆံကုန်၊ လူပမ်း၊ ရလဒ်ကောင်းမရှိတဲ့ တိုက်ပွဲတွေကို တိုက်လေ့မရှိပါ။ အကြောင်းကတော့ သူတို့ဟာ အချိန်အကန့်အသတ်၊ လူအကန့်အသတ်၊ အင်အားအကန့်အသတ်၊ ငွေအကန့်အသတ် စတဲ့ အကန့်အသတ်တွေကို ကောင်းကောင်းနားလည်နေကြလို့ပါပဲ။ ဒါအပြင် ရန်သူက ပစ်မှတ်ရှာတဲ့ အနေနဲ့ အင်အားနည်းတဲ့ တပ်စိပ် တခုကို ရှေ့ပြေးလွှတ်လိုက်ပြီး အဲဒီတပ်စိပ်အတိုက်ခံရတဲ့ နေရာဟာ ပြောက်ကျားတွေခိုအောင်းတဲ့နေရာဆိုတာ သိပြီး ဝိုင်းပတ်ခြေမှုန်းတတ်လို့ပါပဲ။ တနည်းပြောရရင် ရန်သူက ငါးစာချ လိုက်တဲ့ တိုက်ပွဲမျိုးဖြစ်တတ်လို့ပါပဲ။

ဦးတည်ချက်မရှိတဲ့ တိုက်ပွဲတွေကို ပြည်သူ့ပြောက်ကျားတွေက မတိုက်ရတဲ့ နောက်အကြောင်းတခုက တော့ ပြောက်ကျားတွေမှာ ဖြုန်းတည်းပစ်ဖို့ အချိန်၊ငွေ၊ ကျဉ်ဆံ၊ လူအင်အား အလွန်နည်းပါးကြလို့ဖြစ်ပါတယ်။ ပစ်အားနဲ့ စစ်ကစား တာမျိုး လုပ်လေ့မရှိပါဘူး။ ကျဉ်ဆံတစ်ထောင့်တိုင်းဟာ ပစ်မှတ်ကို တည့်တည့်ထိမှ သူတို့ အတွက် ရေရှည် အောင်ပွဲရမယ်ဆိုတာ ကောင်းကောင်းနားလည်နေလို့ပါ။ အချိန်ဟာ သူတို့ အသက်ပဲ ဆိုတာ ကောင်းကောင်းနားလည်နေကြပါတယ်။ မိမိက အင်အားနည်းတဲ့ အတွက် တိုက်ပွဲကို အချိန်တိုတိုအတွင်းမှာပဲ အနိုင်တိုက်လေ့ရှိပါတယ်။ ချုံခိုတိုက်တဲ့ တိုက်ပွဲတွေ ဆိုရင် အချိန် ၂ မိနစ် ၃ မိနစ် အတွင်းတိုက်ပွဲကို အဆုံးသတ် အနိုင်ယူလေ့ရှိပါတယ်။ ဒါမှ ရန်သူရဲ့လေတပ်၊ အမြောက်တပ်နဲ့ ကြည်းတပ် တပ်ကူတွေ မလာခင် ရန်သူ့လက်နက်နဲ့ ရိက္ခာတွေ အရသယ်ပြီး ဆုတ်ခွာဖို့ အချိန်ရမှာဖြစ်ပါတယ်။

နောက်တချက်က ပြင်ဆင်မှုမရှိမရှိတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ပြည်သူ့ပြောက်ကျားတွေဟာ တိုက်ပွဲအတွက် အချိန်တိုင်းမှာ ပြင်ဆင်ထားရပါတယ်။ နားနေရင်တောင် တိုက်ပွဲအတွက်ပြင်ဆင်ပြီးမှ နားလေ့ရှိပါတယ်။ ရန်သူ အလစ်အငိုက် မတိုက်နိုင်အောင် အဓိကထားပြင်ဆင်ထားလေ့ရှိပါတယ်။ အလားတူပါပဲ မိမိက ဖေါ်ဆောင်တဲ့ တိုက်ပွဲဆိုရင်လည်း သေသေချာချာ ပိုင်ပိုင်နိုင်နိုင်ပြင်ဆင်ပြီးမှ တိုက်လေ့ရှိပါတယ်။ ပြောက်ကျားခေါင်းဆောင်တစ်ယောက်က သူ့အတွေ့အကြုံကိုပြောပြထားတာ စိတ်ဝင်စားစရာပါ။

သူတို့ပြောက်ကျားတပ်ဖွဲ့ဟာ ရန်သူ့စခန်းအတခုကို တိုက်ဖို့ပြင်ကြတယ်။ တိုက်မယ့်အချိန်က ရန်သူရဲ့ လေတပ် စစ်ကူမလာနိုင်တဲ့ ရာသီဥတုကိုရွေးတယ်။ ရန်သူ့ကြည်းတပ် ရုတ်တရက်မလာနိုင်တဲ့ ရန်သူ့စခန်းကိုရွေးတယ်။ (ဆိုလိုချင်တာက ကားလမ်းနဲ့ ဝေးတဲ့နေရာ၊ လမ်းပမ်းဆက်သွယ်ရေးခက်ခဲ့တဲ့နေရာကိုရွေးတယ်။) လာနိုင်မယ့်လမ်းတွေမှာလည်း ချုံခိုတိုက်ခိုက်ဖို့ ပြင်ထားတယ်။ တိုက်ပွဲပြီးတာနဲ့ လက်နက်နဲ့ ရိက္ခာတွေကို အရယူပြီး ဆုတ်ခွာဖို့လမ်းကြောင်းတွေကိုရှင်းထားတယ်။ စစ်မြေပြင်ကို ရွာနဲ့ဝေးတဲ့နေရာမှာ ရွေးတယ်။ (ရွာသားတွေ အထိအခိုက်မရှိအောင်ဖြစ်ပါတယ်)။ ရန်သူ့စခန်းပုံစံ အတုတခုကို ပြုလုပ်ပြီး လေ့ကျင့်တယ်။ ရန်သူ့ ဆက်သွယ်ရေး တွေကိုကြားဖြတ်နားထောင်တယ်။ ရန်သူ့အင်အားနဲ့ စွမ်းရည်ကို အသေးစိတ်လေ့လာတယ်။ ရန်သူ့လက်နက်နဲ့ ရိက္ခာအခြေအနေကို လေ့လာထားတယ်။ မိမိပြောက်ကျားတပ်က ရန်သူစခန်းနဲ့ဝေးနေရင် နီးနေသယောင် သတင်းဖြန့်တယ်။ နီးနေရင် ဝေးနေသယောင်သတင်းဖြန့်တယ်။ ရန်သူ့ဆီကို ရန်သူရဲ့ ဒလန်တွေကတဆင့် သတင်းမှားတွေဖြန့်တယ်။ တိုက်ပွဲ စ မယ့်ရက်နဲ့ အချိန်ကို ပြောက်ကျား ခေါင်းဆောင်တစ်ယောက်တည်း ကပဲ သိတယ်။ သူအချက်ပေးမှ တိုက်တယ်။

တိုက်ပွဲဟာ အခြားတိုက်ပွဲတွေနဲ့ ချိတ်ဆက်ထားတယ်။ နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေး မီဒီယာ၊ သံတမန် စတဲ့ စစ်မျက်တွေနဲ့ ချိတ်ဆက်ထားတယ်။ အဲဒါကြောင့် သူတို့ပြောက်ကျားတပ်ကို ရန်သူတပ်မှူးတွေက ကြောက်ကြတယ်။

ဒီလိုဆို ခင်ဗျားတို့ ပြောက်ကျားတပ်တွေ ဘာကြောင့် စစ်ရှုံးသွားရသလဲ ဆိုတဲ့မေးခွန်းကိုတော့ သူကခုလိုဖြေတယ်။

ရန်သူတပ်ကျွန်တော်တို့ကို နိုင်အောင်မတိုက်နိုင်တော့ ရွာတွေကို မီးရှို့တယ်။ အပြစ်မရှိတဲ့ ရွာသားတွေကို ဖမ်းပြီး သတ်ပြတယ်။ နောက်ဆုံး ကျွန်တော်တို့ကို ထောက်ကူတဲ့ ရွာတွေမှာ လူသူကင်းမဲ့သွားတယ်။ ကျွန်တော်တို့က ပြည်သူတွေကို ကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ ပြောက်ကျားတပ်ဖွဲ့တွေဖွဲ့ပြီး အစိုးရတပ်တွေကို တိုက်နေတာဖြစ်တယ်။ ပြည်သူမရှိရင် ကျွန်တော်တို့လည်းမရှိနိုင်တော့ဘူး။ ရေမရှိရင် ငါးတွေ မကူးခတ်နိုင်သလိုပါပဲ။ အဲဒီတော့ ကျွန်တော်တို့ နေရာရွေ့ရတယ်။

ဒီခေတ်မှာတော့ အပြစ်မရှိတဲ့ ရွာသားကိုသတ်ရင်၊ ရွာလုံးကျွတ်မီးရှို့ရင်၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ဖျက်ဆီးရင် မီဒီယာတွေမှာ ဖေါ်ပြနိုင်လာပြီ၊ နိုင်ငံတကာ စစ်ခုံရုံးမှာ တရားစွဲနိုင်လာပြီ။ အထူးသဖြင့် အကြမ်း ဖက်စစ်ခေါင်းဆောင်ပိုင်းကို တိုက်ရိုက်ထိခိုက်အောင်လုပ်နိုင်လာပြီ၊ ပြည်သူ့ပြောက်ကျားတွေဟာ ပြည်သူကို အကာအကွယ်ပေးနိုင်ဖို့ သံတမန် စစ်မျက်နှာကိုဖွင့်နိုင်လာပြီ။ ဒါကြောင့်ပြည်သူ့ပြောက်ကျားတွေရဲ့ စွန့်လွှတ်ကြိုးပမ်းမှုတွေဟာ ကမ္ဘာနိုင်ငံရေးဇာတ်ခုံပေါ်မှာ မီးမောင်းထိုး အသိအမှတ်ပြုခံနေရပြီ။ ကျွန်တော်တို့ ပြည်သူ့ပြောက်ကျားတွေဟာ တောပုန်းဘဝနဲ့ ပျောက်ကွယ်သွားမှာမဟုတ်တော့ပါဘူး တဲ့။

တကယ်တော့ လက်နက်ကိုင်တော်လှန်ရေးဟာ နိုင်ငံရေးရဲ့ လက်အောက်ခံပြသနာဖြစ်လေ့ရှိသလို တခါတရံ အလွန်နီးကပ်တဲ့ ဆက်သွယ်မှုတွေ လည်း ရှိနေတတ်ပါတယ်။ ဥပမာ မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲကို လက် နက်ကိုင်နည်းနဲ့ အရယူခဲ့တယ်လို့ ယူဆနိုင်ပေမယ့် အင်္ဂလိပ်အစိုးရအားနည်းနေချိန်မှာ ပုလိပ်အပါအဝင် အမှုထမ်းပေါင်းစုံ သပိတ်ကြီးပြင်ဆင်မှုကလည်း အရေးပါ လှပါတယ်။

အလားတူပါပဲ အိန္ဒိယလွတ်လပ်ရေးအတွက် အကြမ်းမဖက်နည်းနဲ့ အောင်ပွဲခံနိုင်ခဲ့တာဟာ အင်္ဂလိပ်စစ်တပ်အတွင်းမှာရှိတဲ့ အန္ဒိယ တပ်သားတွေ ပုန်ကန် ဖို့ ပြင်ဆင်နေမှုကလည်း အရေးပါတဲ့ အချက်တခုဖြစ်ပါတယ်။

အဲဒီလိုအလားတူ အချက်တွေကို လေ့လာမိတဲ့ ပြောက်ကျား ခေါင်းဆောင်တွေဟာ ပြောက်ကျားစစ်တိုက်ပွဲတွေကို ဖေါ်ဆောင်တိုင်း အထောက်အပံ့ဖြစ်စေတဲ့ အခြားအကြောင်းအရာတွေကိုပါ ထည့်သွင်း စဉ်စားလေ့ရှိပါတယ်။

ဒါကြောင့် ဒီကနေ့ ပြည်သူ့ပြောက်ကျားတွေ ဟာ လက်နက်ကိုင်စစ်မျက်နှာ တခုတည်းမဟုတ်ပဲ စည်းရုံးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊သံတမန်ရေး စတဲ့ စစ်မျက်နှာတွေကိုပါ ဖွင့်ထားလေ့ရှိတာကိုတွေ့ရပါတယ်။ ဒီထက် အမျှော်အမြင်ကြီးတဲ့ ပြည်သူ့ပြောက်ကျား စစ်ဗျူဟာ ရေးဆွဲသူတွေဟာ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေး၊ လွတ်လပ်ရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ အချက်တွေကို ထည့်သွင်းစဉ်စားလာတာကိုတွေ့ရပါတယ်။

အားလုံးခြုံပြောရရင်တော့ ဒီကနေ့ ပြည်သူပျောက်ကျားတွေဟာ ရေတို၊ ရေရှည် မျှော်မှန်းချက်တွေ ထားပြီး တိုက်ပွဲတွေကို ဖေါ်ဆောင်နေတာတွေ့ရပါတယ်။ ဒါကြောင့်လည်း သူတို့အောင်ပွဲရမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေကြတာဖြစ်ပါတယ်။

ဒါကတော့ ကျွန်တော်လေ့လာမိတဲ့ ပြည်သူ့ပျောက်ကျားအကြောင်း တစေ့တစောင်းပါ။

အန်ကယ် တူမီး


၇/၇/၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar