Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၇ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၇၊ ၂၀၂၁

သမိုင်းအကြွေး မကြေသေးတဲ့ ဆဲဗင်းဇူလိုင်


၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ဆိုတာဟာ အဲဒီနှစ် ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုဖြစ်တဲ့ မတ်လ ၂ ရက်နေ့အပြီး နောက် ၅ လအကြာမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ထောက်ခံသူကျောင်းသားတွေကိုအာဏာသိမ်း နေဝင်းစစ်အစိုးရက ပွဲဦးထွက် လက်နက်နဲ့ နှိပ်ကွပ်ခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပါတယ်။

ကျောင်းသားအနည်းဆုံး တရာကျော်သေဆုံးခဲ့တဲ့ အဖြစ်အပျက်လို့ သိရှိကြပေမယ့် သေဆုံးမှု အရေအတွက် အတိအကျကို မှတ်တမ်း မတင်နိုင်ခဲ့ပါဘူး။ ဇူလိုင် ၇ ရက်နေ့နေ့လည်ပိုင်းမှာ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဝင်ပစ်ခဲ့သလို နောက်တရက်နံနက်မိုးမလင်းခင်မှာ ကျောင်းသားတွေ အထဲမှာ ရှိနေတဲ့ သမဂ္ဂအဆောက်အဦကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်က မြန်မာနိုင်ငံသမိုင်းမှာ ရုပ်အဆိုးဆုံး အဖြစ်အပျက်တခု အဖြစ်မှတ်တမ်းတင်ရမယ့် ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကို ပထမဆုံး ကန့်ကွက်ခဲ့တာတက္ကသိုလ် ကျောင်းသားအဖွဲ့အစည်းတွေ ဖြစ်ပြီး အဲဒီလိုကန့်ကွက်ခဲ့တာကြောင့် စစ်အာဏာသိမ်း ဗိုလ်နေဝင်းအစိုးရက ကျောင်းသားတွေကို ဖိနှိပ်ဖို့ ဦးကျိုးအောင်လုပ်ဖို့ ကျောင်းရဲ့ အုပ်ချုပ်ရေးစည်းမျဥ်းစည်းကမ်းတွေ ပြင်ဆင်တာ ကန့်သတ်တာတွေ ၊ ကျောင်းအုပ်ချုပ်မှုအဖွဲ့အစည်း ကို အာဏာသိမ်းစစ်တပ်ဘက်က သူတွေပါဝင်ဖွဲ့စည်းပြီး ကန့်သတ်ချုပ်ချယ်လာခြင်းကစလို့ ဇူလိုင်လမှာ ဒီလို သမိုင်းမှာ အကျည်းတန်တဲ့ ဖြစ်ရပ်ဆိုး အာဏာရှင်တွေ သေဆုံးသွားသည့်တိုင် သူတို့ရဲ့ နာမည်နောက်မှာ ကျောင်းသားတွေကို သတ်ခဲ့တဲ့ သမိုင်းက တွဲလျက်ပါနေမယ့် အဖြစ်အပျက်ဆိုး ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီအချိန်က ဆဲဗင်းဇူလိုင် ပစ်ခတ်ဖြိုခွဲမှု၊ သမဂ္ဂအဆောက်အဦ ဗုံးခွဲဖျက်ဆီးမှု အတွက် အဓိကတာဝန်ရှိခဲ့သူတွေအဖြစ် သမိုင်းမှာ ဗိုလ်ချုပ်ေနဝင်း ၊ ဗိုလ်ချုပ်အောင်ကြီးတို့က အမိန့်ပေးညွှန်ကြားခဲ့သူတွေ ဖြစ်ပြီး တာဝန်ခံ ဗိုလ်မှူးကြီး ကျော်စိုး၊ လက်တွေ့ ပစ်ခတ်မှု ဖြိုခွဲမှုတွေမှာ မြေပြင်ညွန်ကြားသူ ဒုဗိုလ်မှူးကြီး လှမြင့်နဲ့ ၈လေးလုံးအရေးတော်ပုံမှာ သားသတ်သမားလို့ ကျော်ကြားခဲ့တဲ့ ထိုစဥ်က ဒုဗိုလ်မှူးကြီး စိန်လွင်တို့ရဲ့ အမည်တွေက ဆဲဗင်းဇူလိုင် ကေျာင်းသားသတ်ပွဲနဲ့ သမဂ္ဂအဆောက်အဦ ဗုံးခွဲမှုတို့ရဲ့ သမိုင်းစာမျက်နှာတွေမှာ နောင် နှစ်ရာနဲ့ချီသည့်တိုင် တွဲလျက်ရှိနေမှာလည်း ဖြစ်ပါတယ်။

ယခုလည်း ဖေဖေါ်ဝါရီလ တရက်နေ့က စတင်လိုက်တဲ့ စစ်အာဏာသိမ်းမှုနောက် ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုတွေ၊ ရက်စက်တဲ့ ဖြိုခွဲမှုတွေ အတွက် မင်းအောင်လှိုင်၊ စိုးဝင်း၊ စိုးထွဋ် စတဲ့ နာမည်တွေက သမိုင်းမှာ နာမည်ဆိုးနဲ့ တွဲလျက် ပါရှိနေတော့မှာဖြစ်ပါတယ်။

ဆဲဗင်းဇူလိုင် အဖြစ်အပျက်ရဲ့ သမိုင်းအကြွေးတွေက ယနေ့အထိ မကျေနိုင်သေးပါဘူး။ ဘာကြောင့်ဆို နှစ်ပေါင်း ၆၀နီးနီး ကြာမြင့်ခဲ့ပေမယ့် ကျူးလွန်သူတွေ ပါဝင်ခဲ့တဲ့ စစ်တပ်က အဲဒီအဖြစ်အပျက်အတွက် သင်ခန်းစာမယူနိုင် နောင်တလည်းမရနိုင် သေးလို့ ခေတ်အဆက်ဆက် အကြွေးသဖွယ် တောင်းဆိုနေခဲ့ကြရတာလည်း ဖြစ်ပါတယ်။

အဲဒီအချိန်က အမိန့်ပေးခဲ့သူတွေ သေဆုံးသွားကြပေမယ့် သူတို့ရဲ့ နာမည်ဆိုးကျော်ကြားမှု သမိုင်းက ခုချိန်ထိ သမိုင်းမှတ်တမ်းနဲ့ သမိုင်းကြွေးကို တောင်းဆိုနေကြရဆဲပဲ ဖြစ်ပါတယ်။ သူတုိ့ရဲ့ သားသမီး မြေးမြစ်တွေထိတိုင် အတိတ်ရဲ့ နာမည်ဆိုးအရိပ်က လိုက်နေဦးမှာ ဖြစ်ပါတယ်။ အတိတ်က အဖြစ်အပျက်ရဲ့ တရားမှျတမှု ၊ သက်ဆိုင်တဲ့ အဖွဲ့အစည်းက တာဝန်ခံမှု နောင်တရစွာ တောင်းပန်မှု မပြုသေးသရွေ့ နှစ်စဥ် ဇူလိုင် ၇ ရက်နေ့မှာ သမိုင်းအကြွေးက တောင်းဆိုနေကြရဦးမယ့် သဘောလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုက နှစ် ၃၀ နီးပါးမှာ တကြိမ်ကျစီ ဖြစ်ပျက်နေတဲ့ မြန်မာ့သမိုင်းဟာ သမိုင်းဆိုးတကျော့ပြန်လည်တာကို ဖြတ်ရမယ့် အခါကျပြီလို့ ဆိုရမှာပါ။ ၆၂ ခုနှစ်ကနေ တကယ့်အာဏာသိမ်းမှု စစ်စစ်မဟုတ်ပေမယ့် ၈၈ခုနှစ်မှာ လူလဲပြီး အုပ်ချုပ်ပုံ အနည်းငယ်ပြောင်းကာ စစ်အာဏာရှင်စနစ်နဲ့ နောက် နှစ် ၃၀ နီးပါးသွားပြီးနောက်မှာ တပိုင်းတစ အရပ်သားနဲ့ အုပ်ချုပ်တဲ့ စနစ်ကိုပြောင်းပြီး ဆယ်နှစ်အကြာမှာ တတိယအကြိမ် စစ်အာဏာသိမး်မှု ဖြစ်ပွားလာခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ ခေတ်သစ် သမိုင်းအဖြစ်အပျက်တွေမှာ စစ်အာဏာသိမး်မှုက နှစ်ကာလအပိုင်းအခြား တခုတိုင်း ပြန်ပြန်လည်လာနေတာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ၊ စီးပွားရေး လူမှုရေး တို့တိုးတက်မှု မရနိုင်အောင် နိုင်ငံရေး အကြပ်အတည်း ဝဲဂယက် မထွက်နိုင်တဲ့ သဘောလည်း ဖြစ်နေတာပါ။

ဒီဝဲဂယက်ထဲက ရုန်းထွက်နိုင်ဖို့က ပြည်တွင်းစစ်ရဲ့ အရင်းခံအကြောင်းရင်း ဖြစ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖေါ်နိုင်ဖို့ က ရေရှည်အတွက် အရေးကြီးတယ်လို့ မြင်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကနိင်ငံရေးထဲ ဝင်ပါလာတာ ကြိုးကိုင်လာတာ၊ အာဏာကို ချုပ်ကိုင်လာတာ လွတ်လပ်ရေးရပြီး ဆယ်နှစ်အကြာကတည်းက ခုချိန်ထိ ဖြစ်ပါတယ်။

ဒီတကြိမ်မှာ တိုင်းရင်းသားတွေ ပြည်သူတွေအားလုံးနဲ့ ဦးဆောင်မှုပေးနေတဲ့ သပိတ်ခေါင်းဆောင်၊ CDM ခေါင်းဆောင်၊ တော်လှန်သော အစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်တွေ တခဲနက်တည်း တညီတညွတ်တည်း သန္နိဌာန်ချ ပြောဆိုနေတာကတော့ သည်တပွဲက အောင်ကို အောင်ရမယ်၊ မနိုင်လို့ မဖြစ်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ အခု တော်လှန်ရေးကာလ ၅ လတာတွင်းမှာလည်း စိတ်ဓာတ်ခွန်အားတခုတည်းနဲ့ ကြံ့ကြံ့ခံ ခိုင်မာစွာ တောင့်ခံနေတာ တနိုင်ငံလုံးဖြစ်ပါတယ်။ အဲသည်တော်လှန်ရေးကာလထဲမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကို ပြောက်ကျားရဲဘော်တွေက ရှိစုမဲ့စုလက်နက်ခဲယမ်းတွေနဲ့ ခုခံကာကွယ်ပေးနေကြတာ အလွန်ကို လေးစားဂုဏ်ယူဖွယ် ဖြစ်ပါတယ်။ ပြီးတော့ လူထုကို သွေးကွဲတွေဝေပြိုကွဲစေတဲ့ ချော့တာ ခြောက်တာ မြှောက်ပင့်ပေးတာ လုပ်ကြံသွေးထိုးတာတွေ ဂျင်းတွေထည့်တာတွေ မှန်သမျှကိုလည်း ပြည်သူတွေက ပြတ်ပြတ်သားသား တွန်းလှန်နေကြတာကလည်း အားရစရာ ကောင်းပါတယ်။ အမေရိကန်မှာ ကိုဗစ်ဆေးထိုးတဲ့အမေရိကန်နဲ့ ဆေးမထိုးတဲ့အမေရိကန်ဆိုပြီး နိုင်ငံဟာ နှစ်ခြမ်းကွဲတယ်လို့ ဆိုကြသော်လည်း မြန်မာပြည်မှာကတော့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မဲ့ပြည်သူလူထု အများစုကြီးနဲ့ အာဏာရှင်စနစ်ကို ဖက်တွယ်ထားတဲ့ လက်နက်အားကိုး လက်တဆုပ်စာ လူတစုပဲ ရှိပါတယ်။ ပြည်သူလူထုက အောင်ပွဲဆင်နိုင်ဖို့ သမိုင်းကြွေးတွေ ရှင်းနိုင်ဖို့က သည်အရှိန်အဟုန် အသိ သတိတွေနဲ့ဆိုရင် သိပ်ဝေးတော့မှာ မဟုတ်ပါ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar