Breaking News

အိုက်နီ(ဖြူး) - အာဇာနည်ခေါင်းဆောင်ကြီးများပေးအပ်ခဲ့တဲ့ သမိုင်းလက်ဆင့်ကမ်းအမွေ

Image- Crd

အာဇာနည်ခေါင်းဆောင်ကြီးများပေးအပ်ခဲ့တဲ့ 
သမိုင်းလက်ဆင့်ကမ်းအမွေ
အိုက်နီ(ဖြူး)
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၂၁

        ဘဝဆိုတာ တိုက်ပွဲဆင်ရင်းရှင်သန်ရတဲ့တရားဟာ ကမ္ဘာတည်သရွေ့မှန်ကန်နေမဲ့တရားပါ။ ရှင်သန်ဖို့ ရုန်းကန်ရင်း ၊ ရုန်းကန်ရင်း ရှင်သန်နေရတာ လူ့သဘာဝပါ။ တိုင်းပြည်မှာလည်း အမျိုးသားလွတ်မြောက်ရေး၊ အဖိနှိပ်ခံလူတန်းစားဘဝလွတ်မြောက်ရေးလှုပ်ရှားမှုအတွက် အချိန်စက္ကန့်နဲ့အမျှ ရုန်းကန်နေရဆဲပါ။ 

နယ်ချဲ့အရင်းရှင်ဗြိတိသျှအစိုးရရဲ့ ကျူးကျော်စစ် ၃ ကြိမ် ကျူးကျော်မှုက  ၁၈၈၅ ခုနစ်မှာ စုန်းစုန်းမြှပ်ပြီး နယ်ချဲ့လက်ထဲရောက်သွားခဲ့ပါတယ်။ ၁၉၀၃  ရှိခိုးသပိတ်၊ ၁၉၂ဝ ကျောင်းသားသပိတ်၊ YMBAအမျိုးသားရေးလှုပ် ရှားမှုကအစပြုပြီး ၁၉၃ဝ ဆရာစံပုန်ကန်မှု၊ ၁၉၃၆၊ ၁၉၃၈ ကျောင်းသားတိုက်ပွဲတွေကနေ လက်နက်စွဲကိုင်တော်လှန် ရေးကသာ ဗမာပြည်လွတ်လပ်ရေးကို အဆုံးအဖြတ်ပေးလိုက်ပါတယ်။ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲမှာ ကွန်မြူနစ်၊ ဆိုရှယ် လစ်၊ မျိုးချစ်ဗမာ့တပ်မတော် နဲ့ လူမျိုးပေါင်းစုံပြည်သူလူထု၏ခုခံတော်လှန်ရေးစစ်ပွဲတွေကြောင့် နယ်ချဲ့ဗြိတိသျှရော ဖက်ဆစ်ဂျပန်ကိုပါ အောင်ပွဲရရှိခဲ့တာ ဖဆပလဆိုတဲ့ အမျိုးသားညီ ညွတ်ရေး တပ်ပေါင်းစုကြောင့်ပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးတိုက်ပွဲကို တဦးကောင်း တယောက်ကောင်း တိုက်ပွဲကြောင့်မဟုတ်ဘဲ စုပေါင်းစုဖွဲ့မှု၊ စုပေါင်းခေါင်းဆောင်မှု ကြောင့်ပဲဖြစ်ပါတယ်။ ဗိုလ်အောင်ဆန်းနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရဲ့ အားထုတ်မှုကြောင့် တပ်ပေါင်းစုကပဲ အောင်ပွဲခံခဲ့တာပါ။ 

ဒီနေရာမှာ တော်လှန်ရေးဖြစ်စဉ်တိုင်းမှာ အချောင်သမား ကိုယ်ကျိုးရှာသမား လက်ယာစွန်းလူတစုက လွတ် လပ်ရေးရပြီး အမျိုးသားညီညွတ်ရေးအစိုးရမျိုး မလိုလားခဲ့လို့ နယ်ချဲ့နဲ့ပူပေါင်းကာ အမျိုးသားခေါင်းဆောင် ၉ ဦးကို လုပ်ကြံသတ်ဖြတ်လိုက်တာပဲဖြစ်ပါတယ်။ အားလုံးနားလည်နေတဲ့ ဂဠုန်ဦးစော သတ်ဖြတ်တယ်ဆိုတာ ပြည်စုံတဲ့ သမိုင်းတစ်ခုတော့မဟုတ်ပါဘူး။ အာဏာနေရာလိုလားပြီး နိုင်ငံခြားပြန် အင်္ဂလိပ်အလိုတော်ရိ ဂဠုန်ဦးစောကို အသုံးချပြီး လက်ယာအချောင်သမားတစ်စုက အကွက်ကျကျ ကြံစည်တဲ့သမိုင်းပါ။ ဗမာပြည်နိုင်ငံ ရေးအာဏာကို နှစ်ကာလရှည်ကြာစွာ ထိန်းသိမ်းဖို့အားထုတ်မှုက ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ကို မွေးထုတ်ပေးတဲ့ လက်သည်တရားခံလည်းဖြစ်ပါတယ်။ လက်ယာအချောင်သမားလူတစ်စုက ဖဆပလထဲက ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်ခြင်း၊ ပြည်ထောင်စုစနစ်တည်ထောင်လိုသူ တိုင်းပြည်ကို ဆိုရှယ်လစ်နိုင်ငံထူ ထောင်လိုသူ ဗိုလ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မှု၊ တပြည်ထောင်စနစ်မူတွေကြောင့် ဗကပနဲ့ ကရင်၊ မွန်၊ ရက္ခိုင်၊ ရှမ်းစတဲ့ လူမျိုးပေါင်းစုံတွေက လက်နက်ကိုင်စွဲခဲ့ရပါတယ်။

အချောင်သမားလူတစုရဲ့ ယုတ်မာတဲ့အကြံအစည်ကြောင့်ပဲ စစ်အာဏာရှင်စနစ်ကို မွေးထုတ်ပေးလိုက်ပြီး ယနေ့အချိန်ထိ တော်လှန်တိုက်ပွဲဝင်နေရတာပဲဖြစ်ပါတယ်။ ၁၉၅၈ ခုနစ်မှာ ပါလီမန်က တရားဝင်ဥပဒေနဲ့ စစ်တပ်ကို နိုင်ငံရေးအာဏာကိုရယူခွင့်ပေးပြီး စစ်အာဏာရှင်စနစ်ကို သန္ဓေတည်ပေးလိုက်တာပဲဖြစ်ပါတယ်။ သမိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အဖွဲ့တွေ ပါတီတွေ လူပုဂ္ဂိုလ်တွေ အများစုက ကျဆုံးသေဆုံးကုန်ပါပြီ။ စစ်အာဏာရှင်စနစ်ကတော့ ရှိနေဆဲပါ။ ရှေးမျိုးဆက်က မပြီးပြတ်တဲ့ တော်လှန်ရေးတာဝန်ကို ယခုမျိုးဆက်က ဆက်လက်ပြီး တာဝန်ယူရမှာပဲဖြစ်ပါတယ်။ အာဇာနည်ခေါင်းဆောင်တွေက အသက်နဲ့ရင်းပြီး လွတ်လပ် ရေးအမွေကို ပေးအပ်နိုင်ပေမယ့် တန်းတူရေး အမျိုးသားပြဋ္ဌာန်းခွင့် အမျိုးသားလွတ်လပ်ရေးကိုတော့ ကိုယ် တိုင်ဖန်တီးရယူကြရမှာပါ။ 

သမိုင်းမှာ အာဇာနည်ခေါင်းဆောင်တွေ စံနမူနာပြပြီး ရယူပေးအပ်တဲ့ စုပေါင်းခေါင်းဆောင်မှု စုပေါင်းစုဖွဲ့မှုမျိုးနဲ့သာ ဒီကနေ့ နွေဦးတော်လှန်ရေးကြီးက တိုက်ပွဲဝင်ကြရန်မှာ အာဇာနည်ခေါင်းဆောင်တွေပေးအပ်ခဲ့တဲ့ကျန် ရစ်သူအတွက် သမိုင်းလက်ဆင့်ကမ်းတော်လှန်ရေးအမွေသာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

အိုက်နီ(ဖြူး)
 -

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar