Breaking News

ဆာသော်ဒိုး -ခွေးဖြစ်မယ့် နွားတွေ

Art- Than Htay Maung
ခွေးဖြစ်မယ့် နွားတွေ
ဆာသော်ဒိုး
(မိုးမခ) ဇူလိုင် ၂၁၊  ၂၀၂၁ 
     
     NLD က အန်ကယ် ဦးဉာဏ်ဝင်းငါးလကျော်ကြာ အချုပ်အနှောင်ခံထားရရာကနေ ဒီနေ့ Covid-19 နဲ့ ကွယ် လွန်သွားတာကြားရတော့ တကယ့်ကို စိတ်ထဲ ဝမ်းနည်းကြေကွဲရပါတယ်။
    " တိုင်းပြည်နဲ့ လူထုအတွက် သိပ်ကိုတန်ဘိုးရှိတဲ့အဖွဲ့အစည်းရဲ့ ရှေ့ဆောင်တွေထဲကတဦးမို့ တကယ့်ကိုပဲ နှမျောမိပါတယ်" လို့ ကွန့်မင့်ရေးဖြစ်ခဲ့ပါတယ်။
     ပြီးတော့ ဖေ့စ်ဘုတ်ပေါ်မှာ စာကလေးတစ်ကြောင်း ရေးပြီးတင်ဖြစ်ပါတယ်။ "မြန်မာ့ရာဇဝင်ထဲက " လူကို ခွေးသတ်တယ် " ဆိုတဲ့စကား သတိရမိ " လို့။
     တင်လို့ပြီးရုံလေးရှိသေးတယ်၊ ပထမဦးဆုံး Comment တက်လာပါတယ်။ မြန်မာစာဘွဲ့လွန်တက်ဖော် နှမတော်ကြီး "နှင်းနှင်းယု" ပါ ခင်ဗျ။
     " ခွေးထက် ယုတ်ညံ့တာ "
    ဒါနဲ့ကျနော်လည်း ချက်ချင်းပဲ Reply လေး ပြန်ရေးလိုက်ပါတယ်။
     " ရာဇဝင်ထဲက သမိုင်းဝင်စကားမိုလို့သာ သုံးလိုက်မိတာပါ။ သမိုင်းဦးကတည်းက လူ့မိတ်ဆွေ ခွေးတွေကိုတော့ အားနာသား "
     အစဉ်အဆက် ဥပမာအလင်္ကာအနေနဲ့သုံးလာတဲ့ အသုံးအနှုန်းဖြစ်နေတော့လည်း ဒီလိုပဲ မိရိုးဖလာ သုံးလိုက်တာပါ။
ခွေးအစစ်တွေကို နှိမ့်ချလိုစိတ်မရှိပါဘူး။ တကယ့်ခွေးသတ္တဝါတွေကို ချစ်တဲ့သူထဲမှာ ကျနော်လည်း ပါပါတယ်။
     ဒါပေမယ့်လည်း ဒီလိုမျိုး "ခွေး" ဥပမာတွေနဲ့ ဆက်နှိုင်းပြီးသုံးစွဲနေရအုံးမှာတော့ မြင်ယောင်ပါသေးတယ်။ "ခွေးမျိုး" တို့၊ "ခွေးကျင့်ခွေးကြံကြံတဲ့ကောင်" တို့၊ "ခွေးဇာတ်ခင်းတဲ့သူ" တို့ . . . စသဖြင့် သုံးစွဲနေဖြစ်အုံးမှာပါပဲ ခင်ဗျ။
     နှမတော်ကြီးရဲ့ မှတ်ချက်ကနေပြီး အတွေးဆက်သွားတာ "သုမောင်" ဆီကို ရောက်သွားပါတယ်။ "သုမောင်" ဆိုတာ ကျနော်တို့ သိပ်ခိုက်ခဲ့တဲ့ စာရေးဆရာ၊ အဆိုကျော်၊ ရုပ်ရှင်မင်းသား။ ကျနော်ကတော့ " ဦးသု " လို့ပဲ ခေါ်ဖြစ်ပါတယ်။
     ဦးသုရဲ့ ဟိုးနှစ်များစွာက ဆောင်းပါးတစ်ပုဒ်ကို သတိရသွားတာပါ။ အဲသည် ဆောင်းပါးဟာ သူတို့ရဲ့ "ငယ် ဆရာ" တဦးရဲ့ ရိုးပုံရိုးလက်ကို ရေးထားတာပါ။ သူရို့ဆရာက သိပ်ရိုးပါသတဲ့။ အတန်းထဲမှာတပည့်တွေကို ဆုံးမသွန်သင်တဲ့နေရာမှာတောင်မှ ရိုးသားလွန်းတာပါတဲ့။
     တခါတခါ ပြောမရဆိုမရတဲ့ တပည့်ကျော်အချို့ကို ဆူဟယ်ဆဲဟယ် လုပ်ရရင်တောင်မှ "အဆဲစကားလုံး" သုံးတာ သိပ်ကို ရိုးလွန်းပါသတဲ့။ အတန်းထဲက ဆိုဆုံးမလို့ မရတဲ့ကောင်တွေကို " ခွေးဖြစ်မယ့် နွားတွေ " လို့ ဆဲရေးပါသတဲ့ ခင်ဗျာ။
     ကျနော်ကတော့ ဦးသုတို့ဆရာရဲ့ အဲသည် "အသုံး" လေးကို သိပ်ကြိုက်ခဲ့တာခင်ဗျ။ မြန်မာမှာကော ကမ္ဘာမှာပါ အဲသည် "ခွေး" နဲ့ "နွား" ကို ရှေးအစဉ်အဆက် လူမျိုးအလိုက် ဘယ်လိုတွေ ခိုင်းနှိုင်းသုံးစွဲလာသလဲဆိုတာ စိတ်ဝင်စားစရာပါ။
     "နွား" လို့ အပြောခံလိုက်ရရင် ပတ်ဝန်းကျင်က နားလည်ပါတယ်။ ဘာမသိညာမသိထုံပေပေကောင်၊ ပင်ပမ်းကြီးစွာရုန်းကန်ရပြီး မြက်ပဲ အကောင်းဆုံးထား စားရတဲ့ကောင်၊ ခိုင်းဖတ်ကောင်၊ နဖားကြိုးအထိုးခံရပြီး တသက်လုံး တံပိုးအောက်မှာပဲ ကြိမ်တို့ခံပြီးနေရမယ့်ကောင် . . . . . . အစုံပါပဲခင်ဗျာ။
     အဲသည် "နွား" ထက် ထပ်ပြီးနိမ့်ကျတာ ကတော့ "ခွေး" ပေါ့ ခင်ဗျာ။ လူတွေပါတဲ့ချေးကို မြိန်ရေယှက်ရေ စားရတဲ့ကောင်၊ အမျိုးအရင်းချင်း မိတ်လိုက်တတ်တဲ့ကောင်လို့ ဆိုကြပါရဲ့ဗျာ။ ခွေးကျင့်ခွေးကြံ ကြံတဲ့ကောင်တို့ခွေးဇာတ်ခင်းတဲ့ကောင်တို့ ဆိုရင် ဘယ်လာမျက်နှာဖော်ရဲတော့မှာလဲ။
     အခုလည်း ပစ္စုပ္ပန်ဇာတ်ခုံတော်ကြီးမယ်ကပြအသုံးတော်ခံနေကြတဲ့သူတွေထဲမှာ အဲသလိုမျိုး "ခွေးဖြစ်မယ့် နွားတွေ" ပါဝင်နေကြတာသာမက " ခွေးလုံး လုံး " ဖြစ်နေပြီဖြစ်တဲ့ကောင်တွေလည်း အများကြီးကိုပါဝင်နေတယ်ဆိုတာ စာရှုသူမိတ်ဆွေတို့ မျက်ဝါးထင်ထင်မြင်နေကြရရဲ့ မဟုတ်ပါလားခင်ဗျာ။  ။

      ဆာသော်ဒိုး
      20-7-2021(Tue) 3:47 PM

-
                                                  
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar