Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၀ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၁
သေဆုံးသူတွေကို ရေတွက်နေရတဲ့ရက်တွေ


တရက်တရက် မနက်လင်းတာနဲ့ သိရတဲ့ သတင်းတွေက ဘယ်သူ ဘယ်ဝါက တော့ဖြင့် ကိုဗစ်နဲ့ ကွယ်လွန်သွားပြီ ၊ ငယ်စဥ်က ကိုယ့်ကျောင်းက အငြိမ်းစားဆရာ၊ ဆရာမကြီးတွေ၊ သုတေသနပညာရှင်၊ စာပေနဲ့ အနုပညာနယ်ပယ်က ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီက ခေါင်းဆောင်၊ မိမိရဲ့ မိတ်ဆွေသူငယ်ချင်း ရဲ့ မိဘတွေ၊ အဖိုးအဖွားတွေ၊ မောင်နှမတွေအထိ သေဆုံးသွားတဲ့ သတင်းကို ဆိုရှယ်မီဒီယာမှာ ဖြစ်စေ၊ ရင်းနှီးသူတွေတော့ ဖုန်းနဲ့ မက်ဆေ့ချ်နဲ့ ဖြစ်စေ သိလိုက်ရတဲ့ အခါ အစပထမတုန်လှုပ်မိပါတယ်။ မှင်တက်မိကြပါတယ်။ တနေ့နဲ့ တနေ့ ဆက်လာတဲ့အခါ ခံစားချက်က ဝမ်းနည်းတဲ့ဆီကနေ ကြေကွဲစရာ အဖြစ်အပျက်ကြီးပါလား ဆိုတဲ့ အထိ အားလုံးအတွက် ကြေကွဲတဲ့ခံစားချက် ဒီအခြေအနေမှာ ကိုယ့်အနေနဲ့ ဘာမှ မတတ်နိုင် မလုပ်ပေးနိုင် လူမှုရေးအရ မျက်နှာပြ အားပေးစကားမပြောနိုင်ကြပဲ ၊ ဆိုရှယ်မီဒီယာပေါ်မှာ “ကောင်းရာ သုဂတိရောက်ရှိပါစေ” “ မိသားစုနဲ့ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်” ဆိုတဲ့ ဖြေသိမ့် အားပေးစကားပြောပြီး သံဝေဂ၊ ဝမ်းနည်းမှု၊ ကြေကွဲမှုတွေနဲ့ ဖြတ်သန်းရတဲ့နေ့ရက်တွေက တနေ့လည်း မကတော့ပါဘူး။

ခုရက်မတိုင်ခင် သတင်းတွေထဲမှာ ရန်ကုန်မြို့ရဲ့ သုဿန်တွေမှာ တနေ့ကို သေဆုံးသူဘယ်လောက် ရှိတယ် ဘယ်မျှရှိတယ်ဆိုတဲ့ သတင်းတွေ ကိန်းဂဏန်းတွေ ဖတ်နေကြရပြီးဖြစ်ပါလိမ့်မယ်။ ကိန်းဂဏန်းတွေက အံ့အားသင့်စရာ မယုံနိုင်စရာ တသက်မှာ တခါမျှ မကြုံဖူးသေးတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေက သစ်တောကို အဝေးကကြည့်တာနဲ့ အလားသဏ္ဍာန်တူပြီး ခု မနက်တိုင်းမနက်တိုင်း မြင်ရတဲ့ ကြားရတဲ့ သတင်းတွေက သစ်တပင်ချင်း အနီးကပ် မြင်ကွင်းနဲ့တူပါတယ်။ ကိုယ့်နဲ့ ရင်းနှီးသူ၊ ဆွေမျိုးသားချင်း၊ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ၊ ပညာရှင်တွေ စတဲ့သူတွေ တဖြုတ်ဖြုတ်ကြွေလွင့်နေကြတာက သစ်တပင်ချင်း မြင်ကွင်းတွေလိုပါဘဲ။

ကျနော်တို့ ဘဝမှာ ခုတကြိမ်လောက် တန်ဖိုးထားသူတွေ ချစ်ခင်မြတ်နိုးသူတွေ ၊ ခင်မင်ရင်းနှီးရသူတွေ တရက်ပြီးတရက် ဆုံးရှုံးသွားနေရတာကို ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့် မထားခဲ့ကြပါဘူး။ ခုအဖြစ်ဆိုးက ကျနော်တို့ အနားကို ရောက်လာတာ နေ့ရက်အားဖြင့် သီတင်းပတ် ၂ပတ် ၃ ပတ်အတွင်းဖြစ်ပါတယ်။ ဒိလောက် ဆိုးရွားလှတဲ့ ဘဝတွေကို ဇောက်ထိုးမိုးမျှော်ဖြစ်စေတဲ့ တိုက်ခတ်မှုမျိုး လာလိမ့်မယ်လို့ ဘယ်သူမှ မတွေးမိခဲ့ကြပါဘူး။ ရန်ကုန်နဲ့အခြားမြို့တွေ အခုလို အဖြစ်ဆိုးမကြုံရခင် ပထမဆုံး ကလေးမြို့က ကြုံတွေ့ခဲ့ကြတာပါ။ ပထမဦးဆုံး ကလေးမြို့ကြုံတွေ့အပြီးနောက် အခု အခြားသောမြို့တွေ ကလေးမြို့လို အလားတူ ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ငါးလတာမှာ နွေဦးတော်လှန်ရေးကာလတလျှောက် ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲရာမှာ သေဆုံးသွားရသူတွေ ၊ ဖမ်းဆီးခံရသူတွေ နှိပ်စက်လို့ သေဆုံးသွားရသူတွေ အရေအတွက်ကို နေ့စဥ်နေ့တိုင်း စိတ်မကောင်းစွာ ခံပြင်းစွာ ၊ နာကျည်းစွာ ရေတွက်ခဲ့ရပြီး ခုတဖန် ကိုဗစ် ကြောင့် အသက်ဆုံးရှုံးသွားရသူတွေကို ရေတွက်နေရပြန်ပါတယ်။ မြန်မာနိုင်ငံက လူထုအဖို့ အိမ်မက်ဆိုးက ခုချိန်ထိ မလွတ်မြောက်နိုင်သေးတာ စိတ်မကောင်းစရာပါ။

ခု ရက်ပိုင်းအတွင်းမှာ ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် ဆုံးရှုံးလိုက်ရတဲ့ သူအချို့ကတော့ နိုင်ငံရေးနယ်ပယ်က ၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ NLD ဦးဥာဏ်ဝင်း၊ စာပေ အနုပညာနယ်ပယ်က ဦးဆန်နီညိမ်း၊ ဦးချစ်မောင် (အဝကျွန်း)၊ ဦးသန့် (လာဘ်မိုးစွေ)၊ ဦးမျိုးဝင်း (မဟာနန္ဒာ) ၊ ကိုလွင့်ခိုင်၊ ကာတွန်းမောင်မောင်ညှက်၊ ပညာရှင်တွေထဲက စောမြင့်မောင် တို့ဖြစ်ပါတယ်။ ကျောင်းဆရာ ဆရာမတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ လူမှုအကျိုးပြု လူငယ်တွေ၊ လူကြီးတွေ အမြောက်အများလည်း ပါဝင်နေပါတယ်။

ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် တဒေါင့်တနေရာက အကျိုးပြုလျှက်ရှိတဲ့ ဒီလို နယ်ပယ် အသီးသီးက ဆုံးရှုံးမှုအတွက် ကျနော်တို့ ရင်ထဲ နှလုံးသားထဲက ဝမ်းနည်းမှု သူတို့ရဲ့ လုပ်ဆောင်မှုတွေအတွက် အသိအမှတ်ပြုမှု နဲ့အတူ ဒီလိုကံကြမ္မာမျိုး နောက်တကြိမ် မကြုံရအောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ပဲ သန္နိဌါန်ချကြရပါမယ်။

ဒီလို မြန်မာပြည်တပြည်လုံးအတွက် သွေးပျက်ဖွယ်အချိန်ကာလ အခြေအနေမှာ မြန်မာပြည်သူတွေဟာ စစ်ကောင်စီနဲ့ စစ်ကောင်စီနောက်လိုက် မြန်မာစစ်တပ်၊ မြန်မာစစ်အုပ်စုကို ထောက်ခံတဲ့ ပါတီ၊ အဖွဲ့အစည်း၊ အင်အားစု၊ တသီးပုဂ္ဂလမည်သူမဆို၊ အားပေးကူညီတဲ့ ပြည်ပနိုင်ငံတွေ၊ စီးပွားရေး၊ လူမှုရေး အဖွဲ့အစည်းတွေအားလုံးကို ကျောခိုင်း ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက်ကတော့ စစ်အာဏာရှင်စနစ်၊ စစ်အုပ်စုနဲ့ အပေါင်းအပါတွေ မြေပေါ်မှာ အမြစ်ပြတ် ချေမှုန်းနိုင်တော့မှသာလျင် တိုင်းပြည်နဲ့ ပြည်သူတွေအတွက်သာမက ကမ္ဘာကြီးအတွက်ပါ အကောင်းဆုံးဖြစ်မယ်ဆိုတာ သိရှိဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ တိုင်းပြည်အနာဂတ်မှာ စစ်အာဏာရှင်တွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ဆိုတာ သူတို့အောက်က သူတို့နင်းပြားတွေအဖြစ် နေထိုင်မှသာလျင် ဖြစ်နိုင်မယ်ဆိုတာ သိလိုက်ပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်ဖယ်ရှားနိုင်မှသာလျင် ပြည်သူတွေ တိုင်းရင်းသားတွေ တန်းတူညီမျှ သာယယ၀ပြော ကြောက်ရွှံ့ထိတ်လန့်ခြင်း ကင်းစွား နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

သည်နေရာမှာ ကဗျာဆရာအောင်ဝေး ရေးခဲ့တဲ့ မီရှီဂန်မှ ငမိုးရိပ်သို့ စာများထဲက ညီညွတ်ရေး ဝေဖန်ရေး ညီညွတ်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ စာပိုဒ်လေးကို ကောက်နုတ်ပြချင်ပါတယ်။

မ ဆ လ ခေတ် ကျောင်းသားတိုက်ပွဲတွေမှာ ကျင့်သုံးခဲ့ကြတဲ့ ညီညွတ်ရေးမူ (၄) ချက် -

(၁) စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး နိုင်ငံရေးလမ်းကြောင်းကို မဆန့်ကျင်ဖို့။

(၂) စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဒီမိုကရေစီအင်အားစုများကြား သပ်မလျိုဖို့၊ သွေးမခွဲဖို့။

(၃) ဒီမိုကရေစီအင်အားစုအချင်းချင်း ဗြောင်ဝေဖန်တိုက်ခိုက်တာမျိုး မလုပ်ဖို့။

(၄) ပုဂ္ဂလိကအကျိုးစီးပွားအတွက် (ဒါမှမဟုတ်) အဖွဲ့အစည်းအကျိုးစီးပွားအတွက် စစ်အာဏာရှင် ဘယ်သူနဲ့မဆို ဘယ်လိုအပေးအယူမျိုးမှ မလုပ်ဖို့။ (အောင်ဝေး- မစ်ရှီဂန်မှ ငမိုးရိပ်သို့၊ ပထမအကြိမ်၊ အားမာန်သစ်စာပေ၊ ၂၀၁၅၊ စာ- ၅၀၊ ၅၁)

လို့ သူရေးထားပါတယ်။ အခုလို စစ်ဘေး၊ ကပ်ဘေး၊ အငတ်ဘေး အစွန်းကုန်အထိ ရင်ဆိုင်တွန်းလှန်နေရချိန်မှာ အညံ့ခံခြင်း၊ တွေဝေခြင်း၊ ပျော့ညံ့ခြင်း၊ လဲပြိုခြင်း မဖြစ်စေဖို့ ယူထားသင့်တဲ့ သဘောထားဖြစ်ပါတယ်။

သည်နေရာမှာ ဒီမိုကရေစီအင်အားစုများဆိုတာမှာ ဖယ်ဒရယ်လိုလားတိုင်းရင်းသားအင်အားစုများအထိ တိုးချဲ့စဉ်းစားကြည့်နိုင်ပါတယ်။ ပြီးတော့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး နိုင်ငံရေးလမ်းကြောင်းထဲမှာ လူထုတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲတွေနဲ့အတူ လက်နက်ကိုင်တိုက်ပွဲကိုပါ တပါတည်းတွဲပြီး ဆောင်ရွက်နေကြတဲ့ နွေဦးတော်လှန်ရေးဖြစ်စဉ် ပင်မရေစီးဖြစ်နေပြီဖြစ်ကြောင်းကိုလည်း ထပ်လောင်း မီးမောင်းထိုးပြလိုက်ပါကြောင်း။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar