Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၆ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၁

ကပ်ဘေးဒဏ် တခုပြီးတခု ခံရနိုင်ခြေရှိတဲ့ မြန်မာနိုင်ငံ


ယမန်နှစ် မတ်လ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်လို အတိုကောက်ခေါ်ကြတဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါဟာ ကမ္ဘာ့လုံးကပ်ရောဂါ အဖြစ်ကြေညာလိုက်ပြီးတဲ့ဆီက စလို့ မြန်မာနိုင်ငံမှာလည်း အဝင်အထွက်ပိတ်တာ၊ နေအိမ်မှာ တလနီးနီး နေကြဖို့ ကန့်သတ်တာ၊ မြို့တမြို့အသွားအလာတွေကို စည်းကမ်းသတ်မှတ်ချက်တွေ ကန့်သတ်တာ၊ စက်ရုံတွေ မှာ ကူးစက်ရောဂါ မပျံ့နှံ့အောင် စည်းကမ်းသတ်မှတ်ချက်ချတာ၊ လူစုဝေးတဲ့ ဆိုင်တွေလို၊ ပွဲလမ်းတွေလိုပိတ်ပင်လိုက်တဲ့နောက် ကိုဗစ်ကူးစက်ရောဂါက စီးပွားရေး လုပ်ငန်းအများအပြားကို ထိခိုက်စေခဲ့ပါတယ်။ လပိုင်းလောက် လို့ ခန့်မှန်းခဲ့ကြပြီး တောင့်ခံခဲ့ကြရာက တဖြည်းဖြည်းနဲ့ မမျှော်လင့်ထားတဲ့ အခြေအနေ အဖြစ် လကနေ နှစ်နဲ့အထိ ကူးပြောင်းလာခဲ့ပါတယ်။

နိုဝင်ဘာလ ပထမပတ်ကုန်မှာကျင်းပခဲ့တဲ့ အထွေထွေရွေးေကာက်ပွဲအပြီး အပြတ်အသတ်နိုင်တဲ့ အန်အယ်လ်ဒီပါတီနဲ့ စစ်တပ်အကြား နိုင်ငံရေး အကြပ်အတည်းက တဖြည်းဖြည်း အရှိန်မြင့်လာရာက လွှတ်တော်အသစ်ခေါ်ဆိုမယ့် ပထမဆုံးနေ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းမှု ဖြစ်လာခဲ့တော့တာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုက ပြည်တွင်းမှာ နိုင်ငံရေးတည်ငြိမ်မှု ပျက်စီးသွားခဲ့ပြီး စီးပွားရေးမူဝါဒတွေ အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ၊ စီးပွားရေးအရ ပိတ်ဆို့မှုတွေ ၊ နုိင်ငံတကာအသိုင်းအဝိုင်းက စီးပွားရေး ဖွံ့ဖြိုးရေး အကူအညီတွေ ရပ်ဆိုင်းထားတာတွေ၊ ဒိထက်အရေးကြီးတဲ့အချက်က အများစုသော ပြည်သူတွေကိုယ်၌က အစိုးရနဲ့ ပူးပေါင်းမှု မလုပ်ဖို့ ဆုံးဖြတ်ထားကြတာ ဆန့်ကျင်ကြတာ ၊ လက်နက်ကိုင်တိုက်ခိုက်မယ့် လမ်းစဥ်ကို ရွေးချယ်သူတွေရွေးချယ်လိုက်ကြတဲ့ အဖြစ်အပျက်တွေက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စီးပွားရေးအလားအလာတွေ အားလုံး အမှောင်ကျခဲ့ပြီလို့ ဆိုရမယ်ထင်ပါတယ်။

အာဏာသိမ်းပြီး ၃လ ခန့်အကြာ မေလရဲ့ နောက်ပိုင်းမှာတော့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ၊ ဗုံးခွဲမှုတွေ၊ စစ်ကောင်စီ ကို ထောက်ခံသူတွေ၊ စစ်ကောင်စီ တပ်တွေ၊ ရဲတွေ၊ အုပ်ချုပ်ရေး ကိုအကောင်အထည်ဖေါ်မယ့် အောက်ခြေက အုပ်ချုပ်ရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်တာတွေ ဖြစ်ပွားလာတာ၊ ဗုံးခွဲမှု မြုိ့ပြမှာ ပျောက်ကျားတိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီကို အုပ်ချုပ်မှုအခြေမတည်နိုင်အောင် လုပ်ကြတဲ့ အသွင်ကို ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။

အဲလို မြို့ပြပျောက်ကျား၊ ကျေးရွာတွေမှာ ပြည့်သူ့စစ်သဖွယ် တူးမီးနဲ့ ပီဒီအက်ဖ်တွေဖွဲ့ပြီး စစ်ကောင်စီ တပ်တွေကို ချောင်းမြောင်းပစ်ခတ် တာ တိုက်ခိုက်တာတွေ ချင်း၊ ကယားနဲ့ မြန်မာနိုင်ငံအထက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာလည်း ဖြစ်ပြီး အဲဒီဒေသတွေမှာ ခုနှစ် စိုက်ပျိုးရာသီ ကို အားလုံးလုပ်ဆောင်နိုင်ကြမယ့် အနေအထားမရှိပါဘူး။

ဒါ့အပြင် စစ်အာဏာသိမ်းအပြီး ဖြစ်ပွားလာတဲ့ စစ်ကောင်စီကို မယုံကြည်မှုကနေ ဘဏ်တွေမှာ ရှိတဲ့ငွေတွေကို ပြန်ထုတ်ဖို့ ကြိုးစားကြတဲ့နောက် ငွေသားရှားပါးတဲ့ အကြပ်အတည်းက မတ်လလောက်ကနေ ဖြစ်ပွားလာပြီး ခု ၄/၅ လကြာသည့်တိုင် ပြေလည်မယ့် ပုံမမြင်ရသေးပါဘူး။ အဲဒီအခြေအနေက ပြည်ပ အကူအညီတွေ ၊ နုိင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မဆိုင်ပဲ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကို ကြီးမားတဲ့ သက်ရောက်မှု ရှိနေတာဖြစ်ပါတယ်။

ဒီအခြေအနေတွေက စစ်အာဏာသိမ်းမှုအပြီး မြန်မာ့စီးပွားရေးကဏ္ဍကို ထိခိုက်မှုတွေနဲ့နောက်မကြာခင်မှာ ထိခိုက်လာမယ့် အလားအလာတွေ ြဖစ်ပါတယ်။ မနေ့က ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၁ ခုနှစ်မှာ ၁၈ ရာနှုန်းကျုံ့သွားမယ်လို့ ဆိုပြီး လက္ခဏာ အကျိုးဆက်အဖြစ် အလုပ်အကိုင် ၁ သန်းဆုံးရှုံးမယ်လို့လည်း ဆိုပြီး ဆင်းရဲမွဲတေမှု ၂ ဆတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ခုမိုးရာသီအစပိုငး်မှာ စိုက်ပျိုးရာသီဖြစ်ပေမယ့် ချေးငွေ မရရှိတာ၊ ငွေကြေး မလည်ပတ်တာတွေ နဲ့ နုိင်ငံရေး အခြေအနေမတည်ငြိမ်မှုတွေက စိုက်ပျိုးမှုကို ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိနိုင်ပြီး လာမယ့်နှစ်မှာ အငတ်ဘေးတွေအထိ ကျရောက်နိုင်တယ်ဆိုတဲ့ ခန့်မှန်းတွက်ချက်မှုတွေလည်း ကြားသိနေရပါတယ်။

စစ်အာဏာသိမ်းအပြီး ဘဏ်အကြပ်အတည်း ၊ နိင်ငံရေးအာဏာကို သေနတ်နဲ့ ရယူထားတဲ့ စစ်ကောင်စီကို မယုံကြည်မှု၊ နိုင်ငံတကာရဲ့ ပိတ်ဆို့မှုအချို့ကြောင့် မြန်မာငွေ တန်ဖိုးဆက်တိုက်ကျနေပြီး လောင်စာဆီစျေး၊ ဆေးဝါးစျေး၊ ဆောက်လုပ်ရေး ပစ္စည်းစျေး၊ စားသောက်ကုန် ၊ လူသုံးကုန် တွေ စျေးမြင့်တက်နေပြီး လူထုအဖို့ လတ်တလောမှာတင် ဝယ်နိုင်အား ကျဆင်းနေပြီး ဖြစ်ပါတယ်။

အဲဒီလိုအနေအထားအောက်မှာ ကိုဗစ်ကူးစက်မှုခံကြရတဲ့အခါ ကုသဖို့အတွက် အသက်ရှင်ဖို့အတွက် လူတွေလက်ထဲရှိတဲ့ ခြေစောင့်လက်စောင့်ငွေ အကုန်ခြစ်ချုတ်သုံးစွဲနေကြရပြီး လူထုရဲ့ လူနေမှုအဆင့်အတန်း က သိသိသာသာကို ကျဆင်းနေပြီဖြစ်တာတွေ့ရပါတယ်။

မြန်မာနိုင်ငံက လူထုအဖို့ စစ်ဘေး၊ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဘေး၊ သေနတ်ရှိတဲ့ စစ်ကောင်စီရဲ့ လက်နက်နဲ့ ပစ်သတ်ခံ၊ ပိုင်ဆုိင်မှု လုယူ၊ ဖျက်ဆီးတဲ့ ကပ်ဘေးခံရ နေစဥ်မှာ ရောဂါန္တရကပ် ဆိုက်ရောက်ခံရပြီး ခါးစည်းခံနေရတဲ့ အနေအထားပါ။ တဖန် မကြာခင် ကာလမှာ ထပ်ပြီး စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်ရမယ့်အရေး အတွက် ကြိုတင်ပြင်ဆင်ကြရဦးမယ့် အနေအထားရောက်နေတာလည်း ဖြစ်ပါတယ်။

ဒီနေ့ညနေ သတင်းမှာပဲ စစ်ကောင်စီက ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ကြောင်းကြေညာလိုက်တယ်လို့ သတင်းထွက်လာပါတယ်။ မဲမသမာမှုတွေ အများအပြားတွေ့ရလို့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ ယခင်ရှေ့ကစစ်ခေါင်းဆောင်များကဲ့သို့ လူထုကို ချနင်းပြီး သူတို့အာဏာတည်မြဲရေးကို တည်ဆောက်နေတာ ထင်ရှားနေပြီ ဖြစ်ပါတယ်။ ၂၀၀၈ ခြေဥကို နာဂစ်မုန်တိုင်းအောက်က လူထုအရိုးပုံပေါ်မှာ အတည်ပြုခဲ့သလို သူတို့ မလိုလားတဲ့ ၂၀၂၀ လွှတ်တော်ရလဒ်ကိုလည်း စစ်အာဏာသိမ်းပြီးနောက် ကိုဗစ်အလောင်းပုံတွေအပေါ်ကနေ ဖယ်ရှားဖျက်သိမ်းပစ်လိုက်ာတာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar