မာတီနာ - ဂွါတာလူပီ၊ ချင်းတွင်း၊ ဧရာဝတီ ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်ခါ…
ဂွါတာလူပီ၊ ချင်းတွင်း၊ ဧရာဝတီ
ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်ခါ…
မာတီနာ
(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၅
တက္ကဆပ်မှာ မိုးကြီးရွာလို့ ရေကြီးပြီး လူအသေအပျောက်ရှိသတဲ့။ ဂွာတာလူပီမြစ်ရေဟာ တနာရီအတွင်းမှာ ပေနှစ်ဆယ်ကျော် သုံးဆယ်လောက်ထိတက်လာခဲ့တာမို့ လူတွေ တိမ်းရှောင်ချိန်တောင်မရပဲ ရေဘေးကို ရင်ဆိုင်လိုက်ရပါတယ်တဲ့။ ညကြီးတက်လာတာမို့ ပိုပြီး မရှောင်သာ မတိမ်းသာ ဖြစ်သွားရပါတယ်။ စနစ်ကောင်းတည်ဆောက်ထားတဲ့နိုင်ငံမို့ ကယ်ဆယ်ရေးတွေ ချက်ချင်း လုပ် ဆောင်နိုင်ကြပါတယ်။ တောင်ကျချောင်းရေလို ဝါးလုံးထိုးစီးဆင်းနေတဲ့ မြစ်ရေ၊ အလုံးလိုက် မျောပါသွားတဲ့အိမ်တွေ၊ သစ်ပင်မှာကုတ်ကပ်ပြီး အသက်ဘေးလွတ်မြောက်သွားတဲ့ မိန်းကလေးတွေ၊ သဘာဝဘေးအန္တရာယ်ကျရောက်ပုံဟာ ကိုယ်တို့ဆီမှာနဲ့ မကွာပါဘူး။ ကူညီကယ်ဆယ်ခံရပုံက တော့ မတူဘူးပေါ့လေ။
အသူရာဒေါသထွက်လို့ မြင့်မိုရ်ထက်ကိုတက်လို့ စစ်ဖက်တဲ့အခါ…
ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်လောက်၊ ရှမ်းပြည်မြောက်ပိုင်းက နာမည်ကျော် သတ္တု တွင်းရှိရာ ဘော်တွင်းမြို့ကလေးက နန့်ပန်ယွန်းချောင်းကလေး ရေကြီးတာကို သတိရမိပါတယ်။ ခြေမျက်စိလောက်သာ၊ တချို့နေရာတွေမှာ ခြေသလုံးအလယ်လောက်သာရေရှိတဲ့ စမ်းချောင်းကလေးပါ။ မိုးရာသီမှာတော့ တောင်ကျရေတဝုန်းဝုန်း စီးဆင်းတတ်တဲ့ချောင်းပေါ့။ မိုးတွေသည်းနေပြီဆိုရင် သိပ်မကြာခင် တောင်ကျရေလာတော့မယ်ဆိုတာ လူကြီးရော၊ ကလေးပါ သိကြပါတယ်။ တခါတလေ ကျောင်းအားရက်များဆိုရင် တောင်ကျရေတွေ တဟဲဟဲအသံပေးပြီး စီးလာတာကို စောင့်ကြည့်တတ်ပါသေးတယ်။ ကလေးဆိုတော့ အားနေတာကိုး။ ကမ်းလုံးပြည့်နီးပါး ဒေါသတကြီး စီးဆင်းတဲ့တောင်ကျရေဟာ ကြောက်စရာပါ။ တနှစ်မှာတော့ ပုံမှန်ထက်ကျော်လွန်ပြီး ကမ်းနဖူးပေါ်လျှံတက်လို့ ကမ်းပါးကအိမ်တွေကိုဆွဲချသွားဖူးပါတယ်။ ရှားရှားပါးပါး တသက်မှာ တခါအဖြစ်မျိုးပါ။
လွဲခဲ့ကြရရှာ၊ နတ်တို့နန်းရပ် ဝတိံသာ၊ အသူရိန်တွေမှာ ဘုံသာဝေယန်နန်းမြင့်…
တသက်မှာ တခါအဖြစ်မျိုးဆိုတော့ ချင်းတွင်းမြစ်ရေလျှံပြီး မုံရွာရေကြီးတဲ့ ၂၀၀၂ ခုနှစ်ကို သတိရမိပြန်ပါတယ်။ အကြီးဆုံးသားကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့ပါ။ မြစ်ရေကတော့ တောင်ကျရေလို မဟုတ်ပဲ တစိမ့်စိမ့်တက်လာတာပါ။ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက အရင်ရေဝင်ပါတယ်။ ယောင်းမလေးက တစ်လသား သမီးလေးနဲ့ သွေးနုသားနု။ ဒါကြောင့် ကိုယ်တို့ဟာ အနောက်ဘက်ကမ်းက ရွာရှည်မှာမနေတော့ဘဲ မုံရွာကို ရေဘေးရှောင်ကြရပါတယ်။ အိမ်ကနေ ဆိပ်ကမ်းကို ဆိုက်ကားနဲ့သွားတော့ ရေက နောက်ကလိုက်လာလို့ ဆိုက်ကားပေါ် အထုတ်တင်တာတောင် နေရာရွှေ့ရွှေ့သွားရပါတယ်။ ရေတကယ်တက်လာရင် ရှောင်ရခက်ပါတယ်။ ချင်းတွင်းမြစ်ကြီးကို လှေနဲ့ဖြတ်တော့ မြစ်ပြင်ကြီးဟာ မျက်စိတဆုံး ကျယ်ပြောလို့ နေပါတော့တယ်။ နောက်တနေ့မှာတော့ မုံရွာမှာ ရေပတ်လည်ဝိုင်းပြီး ပိတ်မိသွားတော့တာပါပဲ။ မိုးထဲရေထဲမှာ မွေးခဲ့တဲ့သားကြီးဟာ အခု ၂၃ နှစ်ရှိပြီပေါ့။
အို သခွပ်ဖြူစွာ အပွင့်ကိုသာမြင်တော့မှ ဝတိံပြည်မဟုတ်ပါလားဟရို့ရဲ့…
နောက်ထပ် ရင်ကွဲရတဲ့ အဖြစ်ကတော့ ၂၀၀၈ ခုနှစ် နာဂစ်ပေါ့။ ရန်ကုန်မှာ သစ်ပင်တွေလဲ၊ မီးတွေပြတ်၊ လမ်းပန်းဆက်သွယ်ရေးတွေပြတ်သွားလို့ ဒုက္ခကြီးလှချည့်လို့ထင်နေချိန်မှာ ဧရာဝတီတိုင်းမှာတော့ ရွာလုံးကျွတ်ပျောက်ဆုံးသွားကြပြီ၊ ကူကယ်ရာမဲ့ ငိုကြွေးနေကြပြီလေ။ အခု ဂွာတာလူပီရေကြီးမှုမှာတော့ ရဟတ်ယာဉ် ၁၅ စီးနဲ့ ကယ်ဆယ်ရေးလုပ်နေပါသတဲ့။ အောက်က လှေနဲ့သွားလာရှာဖွေနေတာတွေလဲ မနည်းမနော။ တာဝန်ရှိသူတွေပါဝင်တဲ့သတင်းစာရှင်းလင်းပွဲကလည်း ချက်ချင်းလုပ်ရဲ့၊ တစ်ယောက်မကျန် ပြန်တွေ့သည်အထိ ကယ်ဆယ်ရေးကို မရပ်ပါဘူးတဲ့။ သူတို့ဆီမှာ ငါးပူတင်းမရှိဘူးထင်ပါရဲ့။
သေနင်ဗျူဟာ နတ်အသူရမင်းငယ်လေး၊ စစ်ခင်းလုနှယ်လာ ရှေးရှုဝတိံသာ…
နာဂစ်တုန်းကတော့ ဆရာကြီးဦးထွန်းလွင်က မုန်တိုင်းရဲ့ပမာဏကို ကြိုတင်ပြောရက်နဲ့ တာဝန်ရှိသူတွေက အရေးတယူပြုဖို့ပျက်ကွက်ခဲ့ကြပါသတဲ့။ သိပါတယ်လေ။ ကိုယ့်ဆီကလူတွေ သဘာဝ ဘေးရော၊ လူလုပ်ဘေးရောကို ဘယ်လိုရင်ဆိုင်ရတယ်ဆိုတာ။ အခုဂွာတာလူပီမြစ်ရေကြီးမှုကို ဖြစ်စေတဲ့ မိုးရွာသွန်းမှု၊ မိုးရွာသွန်းမှုကို=ဖြစ်စေတဲ့ အပူပိုင်းမုန်တိုင်းအကြောင်းကို ကြိုတင် သတိ ပေးမှုတွေမရှိလို့များလား။ ဒါမှမဟုတ် ရေဒီလောက်အမြန်ကြီးတက်သွားတာမျိုး ရှေးက မကြုံဖူးလို့များလား။ နာဂစ်လိုမုန်တိုင်းမျိုးကို ရှေးကမကြုံဖူးခဲ့ပါဘူး။ မတ်လတုန်းကလှုပ်သွားတဲ့ငလျင် ကြီးအတွက်လဲ ကြိုတင်သတိပေးချက်တွေ မရှိခဲ့ပါဘူးလေ။ တစီးတည်းသော ရဟတ်ယာဉ်လေးလဲ ပျောက်သွားတာကြာပေါ့။ ဒရုန်းနဲ့ကယ်ဖို့လား။ ဆုတောင်းလေ၊ ဆုတောင်း။
အာလိန်ငါးဆင့်၊ နဂါးနှင့် ဂဠုန်ပျံ၊ ဂုမ္ဘဏ်ရက္ခိုသ်၊ စတုမဟာရာဇာ၊ မခံနိုင်ငြားလို့…
ကိုယ်ကရေကိုကြောက်ပါတယ်။ တကယ်တမ်းရေဘေးနဲ့ရင်ဆိုင်ရတဲ့အခါ လွတ်အောင်ပြေးဖို့ မလွယ်ပါဘူး။ အခုလို မိုးရာသီဆိုရင် ချင်းတွင်း၊ ဧရာ၊ စစ်တောင်း၊ သံလွင်တို့အပါအဝင် ချောင်းမြောင်းများစွာတို့ ရေတက်ပြီပေါ့။ နမ္မတူမှာတုန်းက မိုးရာသီဆိုရင် တဟဲဟဲအသံနဲ့ ရေစီးကြမ်းတဲ့ မြစ်ငယ်မြစ်ညာ နမ္မတူချောင်းရေကို သိပ်ကြောက်တာပါ။ နောက် ချင်းတွင်းမြစ်နားမှာနေတော့ မြစ်ရေအတက်အကျကို အလိုအလျောက် မှတ်သားမိနေတာပါပဲ။ အရင်တုန်းကတော့ ချင်းတွင်းမြစ်ရေဟာ ဩဂုတ်လမှာ အတက်ဆုံးပါ။ အထက်ပိုင်းမှာ မိုးရွာ၊ ဧရာဝတီကမြစ်ရေကတောင့်နေတဲ့အခါ ချင်းတွင်းဟာ ရေပြည့်ရေလျှံတာပါပဲ။ အခုတော့ သစ်တောပြုန်းတီးတာ၊ စည်းကမ်းမဲ့ တွင်းထွက်ပစ္စည်းတူးဖော်တာတွေနဲ့ဆိုတော့ မြစ်ကြောင်းတွေဟာ ဖြစ်ချင်တိုင်း ဖြစ်နေမှာပါပဲ။ တရုတ်နိုင်ငံမှာလည်း မိုးကြီးလို့ မြစ်ရေကြီးတာတွေ ဆက်တိုက်ဆိုသလိုဖြစ်နေပါတယ်။ လူအသေအပျောက်ရှိပါတယ်။ ဒရုန်းနဲ့ လူကယ်တဲ့ဗီဒီယိုကို တွေ့ရပါတယ်။ အော်၊ တိုးတက်လာပြီကိုး။
သိကြားထွက်တဲ့အခါ တွက်ရေသိန်းခြောက်သောင်း ရှစ်ထောင်ယူဇနာ၊ ဝရဇိန်လွှတ်ကာ…
အခုတော့ လိုင်းပေါ်မှာ ချစ်စရာကလေးမလေးတွေရဲ့ပုံတွေအပါအဝင် ပျောက်ဆုံးနေတဲ့လူတွေရဲ့ပုံတွေ၊ သတင်းတွေပလူပျံနေရဲ့။ ကလေးတွေရဲ့အဖြစ်ဆိုးကိုကြားရတာ ရင်နာစရာပါ။ နာဂစ်တုန်းက အင်တာနက်တွေမရှိသေးတော့ စီဒီခွေတွေနဲ့ ထွက်လာတဲ့ ဗီဒီယိုမှတ်တမ်းတွေကြည့်ပြီး ငိုရပါတယ်။ ငလျင်တုန်းက သတင်းတွေကြည့်ပြီး ရင်ကွဲရပါတယ်။ ၂၀၂၁ ကတည်း ကစလို့ ရက်စက်ကြမ်းကြုတ်တဲ့လူလုပ်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးကြရတာတွေအတွက် ရင်အစိတ် စိတ်ကွဲပါတယ်။ အခု ဂွာတာလူပီမြစ်ရေကြီးမှုမှာ ပျောက်ဆုံးနေတဲ့၊ အသက်ဆုံးသွားတဲ့ ချစ်စရာ ကလေးမလေးတွေရဲ့ပုံတွေကိုကြည့်ပြီး ဝမ်းနည်းရပါတယ်။ ပိုပြီး ဝမ်းနည်းတတ်ပါတယ်လေ။ ချိုတကူးလိုမဟုတ်ရပါဘူး။ ကိုယ့်ဝေဒနာတွေကိုလည်း မမေ့၊ သူ့ဝေဒနာတွေကိုလည်း ဝေမျှတာပါပဲ။ လူဟာ လူပဲမဟုတ်လားလေ။
အုံ့ကာလေ တဖွဲဖွဲ၊ ရွာလေ တသဲသဲ…
မာတီနာ
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
