Breaking News

ဆာသော်ဒိုး - အ ဆဲ သရော်စာ

အ ဆဲ သရော်စာ
ဆာသော်ဒိုး
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၂၁

     နွေဦး အဝေးရောက်မင်းကြီး "မဟာသီရိ သုဓမ္မဆသဒ" ရောက်ရှိခိုလှုံနေရာ အရပ်ဒေသမှနေ၍ အတိတ်ကို ပြန်ပြောင်းကာသုံးသပ်လျက် ရှိလေ၏။
     ပစ္စု ပ္ပန်ကာလ မဲဇာဝန်းကျင်မှ အချို့အချို့သောအဖြစ်အပျက်များကိုမြင်လျှင် အတိတ်ကာလမှ အကြောင်း အရာများနှင့် ထပ်တူပြု မြင်ကာတွေးဆသုံးသပ်ခြင်းအမှုကို ပြုနေပေတော့သည်တကား။
     အများစုကား ငယ်ပေါင်းများနှင့် ငယ်အကြောင်းများသာတည်း။ ယခုလို ဆိုးရွားပြင်းထန်လှသည့် Covid-19 တတိယလှိုင်းကာလမှာ ငယ်ပေါင်းသူငယ် ချင်းတို့ အချိန်မတိုင်မီ တဖြု တ်ဖြု တ် အစိမ်းကြွေ အခြွေခံကြရလေရာ အဝေးမှနေ၍ ဝမ်းနည်းကြေကွဲစွာမျက်ရည်ကျရပါပေ၏။
     ငယ်ပေါင်းများနှင့်အတူ ကြီးပေါင်းသူငယ်ချင်းများကော အနုပညာလောကမှ ဆရာကြီးငယ်အပေါင်းတို့ သည်လည်း " ကိုဗစ်ဝဲ " မှာ စုန်းစုန်းမြုပ်ကြရပေရာ နှမျောတသ ကြေကွဲရမှုနှင့်အတူ ခေတ်ကာလဆိုးကြီးကို မကျေနပ်သည့် ဒေါသတွေပါ ကပ်ပါလာပါလေ၏။
     အချိန်မတန်ခင် အချိန်မတိုင်ခင် သစ်ရွက်စိမ်းဘဝမှာပင် ရုတ်တရက် ရုတ်တရက် ရုတ်တရက်တွေ ကြွေပျက်သုဉ်းနေကြရပေရာ ကျွန်ုပ်၏ဒေါသလှိုင်းလုံးတို့မှာ တစ်နေရာတည်းဆီသို့သာ ဦးတည်တိုက်ခတ်လျက် ရှိပါပေလေ၏။
     " မ အ လ "
     " မ အ လ "
     " မ အ လ "
     " မျောက်အုန်းသီးရ " ခေတ်ဆိုးခေတ်ပျက်ခေတ်ဆုတ်ခေတ်ပဲ့ကြီးမှာ ဉာဏ်ပညာနှင့် ချစ်ခြင်းတရားတို့ပြည့် စုံလျှံထွက်နေသည့်အတိတ်က မေတ္တာရှင်တို့ကို ပို၍ ပို၍သာ သတိရ လွမ်းဆွတ် အောင်းမေ့ တမ်းတမိပါလေ၏။
     ထို ပုဂ္ဂိုလ်မြတ် သူတော်ကောင်းအပေါင်းသာ ကျွန်ပ်တို့ရှေ့သို့ ရုတ်တရက်ချက်ချင်းပြန်ရောက်လာပါက ဘယ့်ကလောက်တောင်များအားတွေပြန်တက်လာကာ ရောဂါတွေ တစ်ဝက်မက ပျောက်ကင်းချမ်းသာကြမှာတော့ မလွဲဧကံပေါ့ ခင်ဗျာ။
     ကျန်းကျန်းမာမာကြီးကနေ ကိုဗစ်ကြောင့် အောက်ဆီဂျင်ကျကာ ကွယ်လွန်အနိစ္စရောက်သွားရရှာသည့် ငယ်ပေါင်းသူငယ်ချင်းကြီး (ကို)ကြည်စိုးကို သတိ ရမိပါလေ၏။ သူနှင့် ကျွန်ုပ်ကား ပြောမနာဆိုမနာဆဲမနာများ ဖြစ်ကြ၏။
     ခေတ်ကာလတခုမှာ ကျောင်းသားအဖွဲ့အစည်းတခုအတွက် အလုပ်လုပ်ဖို့ လိုအပ်လာရာဘယ်သူမှတာဝန်မယူရဲသည့်နေရာလပ် "ဥက္ကဋ္ဌ" အဖြစ် သူတာဝန်ယူခေါင်းခံကာလုပ်ပြီး ကျွန်ုပ်က အတွင်းရေးမှူးလုပ်ပေးခဲ့ရပါပေ၏။ အစစအရာရာ ဘာမှမလစ်လပ်ရလေအောင် အားနှင့်မာန်နှင့် အစွမ်းရှိသမျှ ဖန်တီးပေးနိုင်ခဲ့ကြပါ၏။
     အဲသည်ကာလမှာ သူသည် ပြည်စျေးကြီးအတွင်း မိဘလက်ငုတ်လက်ရင်း ရွှေဆိုင်ကြီး ကို ထိုင်နေသည့်အချိန်။ လူမှုရေးအလုပ်တွေကို အချိန်ပေးကာ လုပ်ခဲ့ကြပါ၏။ သူ့ကို လူချစ်လူခင်တော့ ပေါသလားမမေးနှင့်။ ပြည်မှာ ချစ်ခင်စွာဖြင့်ဆဲရေးသည့် "သူ့အဆဲ' ကို မခံဘူးသူတောင် မရှိနိုင်။ " သူ့အဆဲ " ကိုလည်း ခံနိုင်၏၊ ပြန်လည်၍ဆဲတာကိုလည်း သူခံနိုင်လေ၏။
     " ဟေ့ အစ်ကို အစ်ကို . . ငါ-ိုးမအစ်ကို "
     အဲသည်လိုလူစားဖြစ်၏။ တစုံတယောက်ကို မခံနိုင်အောင် မခံချင်အောင်ပြောပေမယ့် အပြောခံရသူက " နှစ်လိုဖွယ် " ဖြစ်ကာ ဟားတိုက်ရယ်မောအောင် သူစွမ်းဆောင်နိုင်၏။ 
     သူ၏ အားသာချက်မှာကား " စာ " တအားဖတ်တာပဲ ဖြစ်၏။ " ဖတ် " ခဲ့သမျှတွေကိုလည်း " မှတ်မိ " ကာ အခြေအနေ အချိန်အခါနှင့် အံဝင်တာနှင့် လိုက် ဖက်အောင် ပြောစွမ်းနိုင်၏။ တတိယနှစ်ဖြေကာနီး တညနေ သူ ကျနော့်အဆောင်သို့ရောက်ချလာကာ စမ်းချောင်းဘက်သို့လိုက်ခဲ့ဖို့ခေါ်လေ၏။
     ကမာရွတ်ကနေ စမ်းချောင်း ဖျာပုံလမ်းထဲရောက်ပြီး အိမ်အဟောင်းလေးတလုံးပေါ်ကိုရှေ့ကနေ တက်သွား၏။ အပေါ်ရောက်တော့ လက်နှိပ်စက်ရိုက်နေသူတစ်ဦးကို ရုတ်တရက်တွေ့လိုက်ရချိန်မှာ အံ့သြဝမ်းသာသွားရ၏။
     " ဆရာမြကို ကြုံတာနဲ့ လာကန်တော့ကြတာ၊ ဒါ ကျနော့်ညီ ဆာသော်ဒိုး။ သူက ကျနော့်လို "ဖီလော်ဆော်ဖာ" မလုပ်ဘဲ တောင်ငူဆောင်မှာ မြန်မာစာ တက် နေတာ "
     " ဆရာမြသန်းတင့် " ကို ကျနော်တို့နှစ်ဦးထိခြင်းငါးပါးနှင့် ကန်တော့ကြပါ၏။ သူကား ဆရာနှင့် တရင်းတနှီးရှိလှ၏။ နောက်ပိုင်းကျတော့ "ဆားလုပ်ငန်း" က ဆရာ့ညီ ဗိုလ်မှူးမြင့်သိန်းနှင့်ပါ ရင်းနှီးခဲ့ရသည်။ ဟိုဘက်နှစ်က ဗိုလ်မှူးမြင့်သိန်းရေးပြီး ကိုကြည်စိုးကြီးထုတ်ဝေခဲ့သည့်စာအုပ် အမျိုးသားစာပေဆုရခဲ့သေးတာ အမှတ်ရမိပါ၏။
ကိုကြည်စိုးကား ရန်ကုန် စာပေ ဂီတ ရုပ်ရှင် သဘင်လောကမှာ တရင်းတနှီး အတွင်းကျကျခင်မင်သူတွေ များလှ၏။ နောက်ပိုင်းကျတော့ ပြည်မှာဖွင့်ပြီး အောင်မြင်နေသည့် ကြက်ကာလသားချက် ကြက်သောက်ဆမ်း "ရွှေပြည် " ဆိုင်ခွဲတွေကို ရန်ကုန်မှာ လေးငါးဆိုင်အထိ အောင်မြင်အောင် သူ စွမ်းဆောင်နိုင်ခဲ့၏။
     " ၈၈ " ပြီးတော့ ရန်ကုန်ကနေ ပြည်မှာပြန်လည်ခိုလှုံနေကြခိုက် မတရားဖမ်းဆီးမှုတွေနှင့်ဒင်းကြမ်းပြည့်နေချိန်။ ကျနော်တို့ပြည်မှ ဘော်ဒါအတော်များများလည်း ပြည်ထောင်ထဲသို့ ရောက်ရှိလာကြကုန်၏။ နဝတ အာ ဏာသိမ်းအစိုးရ ပေါ်လစီသတင်းစာတွေ၏ မျက်နှာဖုံးတွေမှာ နေ့စဉ်ပါတတ်တာကား "NLD လက်ချက် " ဆိုသောအသုံးသာတည်း။
     ဘာလေး ဖြစ်လိုက်ဖြစ်လိုက် " NLD လက်ချက် " ဟုသာ ခေါင်းစဉ်တပ်လိုက်တာပဲ ဖြစ်၏။
တစ်ရက်မှာ ကိုကြည်စိုးကြီး ကိုယ့်ဟာကိုယ် ခလုတ်တိုက်ကာ ပစ်လဲကျသွားလေ၏။ လူက ဖိုင့်ဖိုင့် ဝိတ်ကများများဆိုတော့ ဆန်အိတ်ကြီး ပစ်ချလိုက်သလိုမျိုးအိခနဲ ခွေလဲကာ ရုတ်တရက်မထနိုင်ပေ။ ဝိုင်းထူပေးတော့မှ ကြိုးစားကာ ပြန်ထရင်း စကားတစ်ခွန်း ပြောလေ၏။
     " ဒါ . . . NLD လက်ချက်ပဲ "
     အဲသလိုလူကြီး။ မဂ္ဂဇင်းခေတ်က လူသိမခံဘဲ အမည်တခုနဲ့ ဆောင်းပါးတွေလည်း ရေးခဲ့ပါသေးတယ်။ စာမူခတော့ သွားမထုတ်ဘူးဗျ။ နောက်ပိုင်းကျ တော့ လုံးဝကိုမရေးတော့ဘဲ စာအုပ်ကောင်းတွေကိုသာ တအုပ်ပြီးတအုပ် အားစိုက်ပြီးဖတ်တော့တာ တွေ့ရပါတယ်။
     သူ့အကြောင်းကို ကျနော် သရော်တော်တော်စာလေး ၂ ပုဒ် ရေးခဲ့ဖူးတယ်။ အဲသည်အထဲက " ရွှေဆရာ အင်တာနက် " ဆိုတဲ့အပုဒ်ကို အခုချိန်မှာ ပြန်လည်သတိရမိနေပါတယ်။
     မြန်မာပြည်မှာ အင်တာနက်တွေ စမ်းတဝါးဝါးစတင်အသုံးပြု ခွင့်ရတဲ့ကာလ။ Desktop ကွန်ပျုတာကြီးတွေနဲ့ ကြိုးနဲ့ချိတ်ပြီး သုံးရတယ်။ ကိုကြည်စိုးကြီးလည်း အခု အောင်ဆန်းပြည်သာယာအိမ်ကိုဆောက်ပြီးကာစ။ နေ့လယ်တစ်ခုမှာ ကွန်ပျူတာကျွမ်းကျင်တဲ့ အောင်အောင့်ကိုခေါ်ပြီး အင်တာနက်အသုံးပြုဖို့ ကြိုးစားကြပါတယ်။
     လိုင်းကတော့ ချိတ်တာ အဆင်ချောတယ်။ အဆင်မပြေတာက " Connection " ပေါ့။ " အဝိုင်း " လည်နေတာ တချိန်လုံး။ မတက်ဘူးဆိုပါတော့။
" ကြာအုံးမယ် " ဆိုတော့ အလကားထိုင်မနေချင်ကြတာနဲ့ ကောလိပ်ဘက်မှာ လက်ဖက်ရည်သွားသောက်ကြမယ်ပေါ့။ ကွန်ပျူတာကိုတော့ ဖွင့်ပြီး ထားခဲ့မယ်ပေါ့။ ပြန်လာရင် လိုင်းတွေဘာတွေတက်နေလောက်ပြီပေါ့။
     ကျနော်တို့ အိမ်ပြင်ရောက်တဲ့အထိ ကိုကြည်စိုးကြီး ကွန်ပျူတာရှေ့မှာ တဗျောင်းဗျောင်း လုပ်နေတုန်း။ ကောလိပ်ရှေ့က ဆုံဆည်းရာ မှာ တစ်နာရီလောက် ထိုင်ကြပြီး အိမ်ပြန်လာခဲ့ကြတယ်။
အိမ်ထဲရောက်လို့ ကွန်ပျူတာစခရင်ကို နှိုးကြည့်လိုက်တော့ လိုင်းတက်နေပြီ။ တက်တာမှ အားရပါးရကို တက် နေတာဗျို့။
     စခရင်ပေါ်မှာ အဲသည်ကာလက " အကြီးအကဲ" ဆိုသူ "အဘရွှေ" ရဲ့ပြုံးဖြီးဖြီးရုပ်ပုံကြီး တက်နေတာဗျ။ ဘယ်လိုလဲဆိုတော့ လက်ဖက်ရည်ဆိုင် ထွက်ကာနီး Google မှာ ပုံရှာနေတဲ့ကိုကြည်စိုးကြီး စိတ်တိုတိုနဲ့ "  -ီ း ပဲ ကွာ " လို့ တဗျောင်းဗျောင်းရိုက်ခဲ့တဲ့ အကျိုးဆက်ပေါ့ဗျာ။
     သူရိုက်ခဲ့တဲ့ " အဆဲစကားလုံး " အတွက် " လိုက်ဘက်တဲ့ပုံ " ကို Google က ရှာဖွေပေးထားတာကိုး ခင်ဗျ။ ကျနော်တို့လည်း ရယ်လိုက်ကြတာ ပတ်တုတ်လို့မရအောင် အတောမသတ်အူကိုနှိပ်နေခဲ့ရတာဗျ။ အရယ်သန်လှတဲ့ အောင်အောင်ကတော့ ကြမ်းပြင်ပေါ်လဲပြီး မျက်ရည်တွေထွက်တဲ့အထိကို ရယ်နေတာ တော်တော်နဲ့ မထနိုင်ဘူး။ အဲသည်အဖြစ်အပျက်ကလေးကို အခုချိန်မှာ သိပ်ကို သတိရမိနေတယ်။
     တကယ်လို့ အခုချိန်မှာ " " မ ေ - -ိုး  " လို့များ Google မှာ ဆဲရေးမိခဲ့ရင် ဘယ်လိုပုံကိုများ ရှာဖွေပေးပြီး ဘယ်လိုပုံတွေများ အတောမသတ်တလစပ် တက်လာမလဲဆိုတာတော့ စိတ်ဝင်စားစရာအကောင်းသားပါလား ခင်ဗျာ။      ။
                                     
         ဆာသော်ဒိုး
         10-8-21(Tue) 4:51 Pm
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar