Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၇ ရက် မြောက်နေ့ မြင်ကွင်း





မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၁

ဒီနေ့ သတင်းတွေမှာတော့ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေ၊ လုပ်ကြံဖို့ ကြိုးစားမှု၊ ကိုဗစ်ကူးစက်မှုတွေက သတင်းစာမျက်နှာများကို နေရာယူထားကြတာတွေ့ရပါတယ်။

တနေ့မနက်မိုးလင်းလို့ ပြူတင်းပေါက်ဖွင့်ပြီး အသက်ရှူလေ့ကျင့်ခန်းလုပ်မယ်လို့ စတင်စဥ်မှာပဲ ဂျိုင်းဆိုတဲ့ ဟိန်းထွက်သွားတဲ့ အသံကို ကြားလိုက်ရတော့ အနီးအနားမှာ ပေါက်ကွဲမှု တခုခု ဖြစ်သွားတာဖြစ်မယ်လို့ သိလိုက်ပါတယ်။ ခဏအကြာ ဆိုရှယ်မီဒီယာပေါ်မှာ ရှာကြည့်ပေမယ့် ဘယ်လမ်းသွယ် ဘယ်လမ်းမပေါ်မှာ ပေါက်တာလဲ ထိခိုက်မှု ရှိမရှိ ဆိုတာ အနီးဆုံးသူတွေက တင်ကြတာရှိမလား မြို့နယ်အလိုက် သတင်းစုံဆိုတဲ့ ဂရုတွေမှာ ရှိမလား ရှာကြည့်ပေမယ့် မတွေ့ရပါဘူး၊ နောက်နာရီအနည်းငယ်အကြာမှာမှ ပေါက်ကွဲမှု ဖြစ်တဲ့အကြောင်း နဲ့ လူထိခိုက်မှုမရှိကြောင်း ဖတ်ရှုရပါတယ်။

ဒီနေ့ညမှာတော့ ည၈နာရီခွဲ နဲ့ ၉နာရီအကြား ဆိုရှယ်မီဒီယာပေါ်မှာ မြန်မာ့အသံအနီး ဦးဝိစာရလမ်းဘက်က သေနတ်သံတွေကြားနေရတယ်ဆိုတဲ့ ပို့စ်တခု တက်လာပြီး စမ်းချောင်းဘက်မှာ နေထိုင်သူတွေကလည်း သေနတ်သံကြားရတဲ့အကြောင်း ရေးတင်ကြပါတယ်။

မနက်ဖြန် က ရှစ်လေးလုံး နှစ်ပတ်လည်နေ့ဖြစ်တာကြောင့် အဲဒီမတိုင်မီနေ့မှာ ရန်ကုန်မြို့ထဲက ပီဒီအက်ဖ်တွေ ပျောက်ကျားတိုက်ခိုက်မှု လုပ်တာဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

ရန်ကုန်မြို့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ကိုဗစ်ကူးစက်မှု အရှိန်မြင့်တက်နေခဲ့ပြီး သေဆုံးမှုတွေ များပြားခဲ့ပြီး ဇူလိုင်လထဲ ဗုံးကွဲမှု လုပ်ကြံပစ်ခတ်မှုတွေ အနည်းငယ်နည်းပါးခဲ့ရာက အခု သြဂုတ်လဆန်းမှာ ပစ်ခတ်လုပ်ကြံမှုတွေ ဗုံးကွဲမှုတွေ ခပ်စိပ်စိပ် ပြန်ကြားလာရတာဖြစ်ပါတယ်။

ရန်ကုန်မြို့တင်ပေါက်ကွဲမှု ပစ်ခတ်မှုတွေဖြစ်တာမဟုတ်ပဲ မြန်မာနိုင်ငံအထက်ပိုင်း ဒီပဲယင်းဘက် ကျေးရွာတွေမှာလည်း ယခုည လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတချို့က ဆိုရှယ်မီဒီယာရေးသားချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ လတွေထဲမှာ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ယင်းမာပင်၊ ကနီ ၊ မင်းကင်း စတဲ့ ဒေသတွေဟာ ကျေးရွာလူထုက ကိုယ့်ဟာကိုယ် ဖွဲ့ထားကြတဲ့ ဒေသခံ စစ်အာဏာရှင် ဆန့်ကျင်ရေး တပ်ဖွဲ့တွေ အများအပြားပေါ်ထွက်လာခဲ့ပြီး

တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို သတင်းတွေထဲ ကြားသိနေရသလို လူပေါင်း သောင်းနဲ့ချီ ကျေးရွာကို စွန့်ပြီး တောထဲ တောင်ထဲ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။


နိုင်ငံတကာသတင်းတွေထဲမှာတော့ ပြည်တွင်းက ပစ်ခတ်လုပ်ကြံမှု၊ တိုက်ပွဲတွေ ဖောက်ခွဲမှုသတင်းတွေထက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြိုးစားသူ ၂ ဦးကို ဖမ်းဆီးရမိထားတာနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု တရားရေးဌာနက ထုတ်ပြန်ချက်အပေါ်မူတည်ပြီး သတင်းရေးသာကြတာတွေ့ရပါတယ်။

အမေရိကန်ရောက်နေတဲ့ မြန်မာနိုင်ငံသားလူငယ် ၂ ဦးကို ဒေါ်လာ ၄ ထောင်၊ တကြိမ် ၁ထောင်တကြိမ် ပဏာမ လွှဲပေးပြီး ဒဏ်ရာအနာတရဖြစ်အောင် ၊ ဒီလို နိုင်ငံရေးပါဝင်လုပ်ဆောင်မှုကနေ နောက်ဆုတ်အောင် ခြိမ်းခြောက်ဖို့ မရရင် အသက်အန္တရာယ် ပြုဖို့ဆိုတဲ့ စစ်ဆေးတွေ့ရှိချက်တွေကို ထုတ်ပြန်ထားပါတယ်။

ဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ဘယ်သူပါတယ်ဆိုတာ ခုလောလောဆယ် စုံစမ်းဖေါ်ထုတ်မှုတွေအရ အထောက်အထားမရရှိသေးသော်လည်း လူအများစုကတော့ စစ်ကောင်စီရဲ့ စေခိုင်းမှုလို့ ကောက်ချက်ချကြတာဖြစ်ပါတယ်။ အာဏာရှင်စနစ် ရဲ့ နိုင်ငံရေးနည်းဗျူဟာတွေမှာ အတိုက်အခံတွေကို နှုတ်ပိတ်တာ၊ လုပ်ကြံတာတွေက ပါရှိနေကျ သင်ခန်းစာတွေ ဖြစ်လို့ လူအများက အခုလို ကောက်ချက်ချကြတာလည်း ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ နိုင်ငံရေး ချိတ်ဆက်နေတဲ့သတင်းတပုဒ်က တော့ အန်အယ်လ်ဒီ ဒုဥက္ကဌနဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဒေါက်တာဇော်မြင့်မောင် အကျဥ်းထောင်ထဲ ဒီနေ့မှာပဲ အိုးဘိုထောင်က နေ မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာ ရောဂါခံစားနေရသူဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေအတွင်းက ပြည်ပမှာ သွားရောက်ကုသမှု ခံယူခဲ့ရသူလည်းဖြစ်ပါတယ်။ လတ်တလော ပြင်ပ ဆေးရုံပို့ကုသမှုခံယူစေတာ သွေးကင်ဆာဝေဒနာနဲ့ ပတ်သက်တာလား ကိုဗစ်ကူးစက်မှုခံရသလား ဆိုတဲ့ အသေးစိတ် သတင်းအချက်အလက်တွေတော့ မသိရှိရသေးပါဘူး။

ကိုဗစ်ကူးစက်မှုမြင့်တက်လာချိန်မှာ ရန်ကုန်မြို့မှာ ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်း အင်းစိန်ထောင်မှ ရန်ကုန်ဆေးရုံကြီးကို ကုသမှုခံယူဖို့ ပို့ဆောင်ပြီး ရက်အနည်းငယ်အကြာမှာ ကွယ်လွန်ခဲ့ရပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းလည်း ကိုဗစ်ကူးစက်ခံရမှုကြောင့် ထိန်းသိမ်းထားရာက စစ်ဆေးရုံကို တင်ပို့ကုသစေတယ်လို့ ကြားသိရပြီး အဲဒီနောက် နောက်ဆက်တွဲ သတင်းအချက်အလက်တွေတော့ ဘာမျှ ထပ်မံမကြားသိရပါဘူး။

လက်နက်ကိုင် ပဋိပက္ခ၊ ဥပဒေမဲ့ သတ်ဖြတ်ညှင်းဆဲမှု၊ ကိုဗစ်ကူးစက်မှု စတာတွေက မြန်မာနိုင်ငံက ပြည်သူတွေကို အသက်ဆုံးရှုံးစေတာလားဆို ဒါတွေတင်မကပဲ ဆယ်စုနှစ်ချီနေတဲ့ စစ်ဘေးရှောင်စခန်း ဖြစ်တဲ့ ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်ခံရပြီး အသက်ဆုံးရှုံးမှုတွေ ရှိလာနေတဲ့ သတင်း၊ မကြာခင်လအနည်းငယ်က တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် စစ်ဘေးရှောင်ကြရတဲ့ မင်းတပ်မြို့နယ်ထဲက စစ်ဘေးရှောင် စခန်းတွေမှာ ရိက္ခာပြတ်လတ်တော့မယ့် အကြောင်း သတင်း၊ ကိုဗစ်ကူးစက်မှု ကြောင့် အခက်အခဲကြုံနေကြရဆဲမှာပဲ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ နှစ်စဥ် မိုးလယ်ရာသီ ရေကြီးမှု ကြောင့် နှစ်ထပ်ကွမ်း ဒုက္ခခံစားကြရတဲ့ သတင်းတွေလည်း ဖတ်ရှုရပါတယ်။ မကွေးတိုင်းမင်းတုန်းနယ်မှာ ခုရက်ပိုင်း ရေကြီးမှုကြောင့် လူနေအိမ်တွေ ပျက်စီးတာ စိုက်ပျိုးခင်းတွေ ပျက်စီးတာတွေ တွေ့ကြုံရတဲ့ သတင်းတွေလည်း ဖတ်ရှုရပါတယ်။

ကျေးလက်ဒေသတွေမှာ ကိုဗစ်ကူးစက်မှုတွေ အများအပြားခံစားနေရတာကတော့ သတင်းခေါင်းစဉ်အဖြစ် မတက်သေးပေမယ့် အမှန်တကယ်ကို ဖြစ်ပွားနေပါတယ်။ အသေအပျောက်တွေလည်း ရှိနေပါပြီ။ ဒီလိုဆိုရင် ဘယ်လိုကိန်းဂဏန်းနဲ့ ပြောကြမလဲလို့ မေးလာရင် မြန်မာပြည်ရှိ အိမ်တိုင်းမှာ ကိုဗစ်ကူးစက်မှု ၁၀၀% ဖြစ်ပွားနေပြီလို့ ပြောရမယ် ဖြစ်ပါတယ်။ သေဆုံးနှုန်းက ဘယ်လောက်အထိ ရှိနေပြီလဲဆိုရင် အပြင်းထန်ဆုံးအချိန်မှာ ၂၅% နဲ့ ကူးစက်မှုမပြင်းထန်ရင်တော့ ၁၀% အထက်နားမှာ ရှိတယ်လို့ အကြမ်းအားဖြင့် ဆိုရမယ် ဖြစ်ပါတယ်။ သေနှုန်းတွေ ကျနေပြီဆိုတာက ဂရပ်မျဉ်း အလျားလိုက်တန်းနေချိန် (plateau curve) ကာလဖြစ်ပါတယ်။ တန့်နေချိန်ပါ။ အဲသည်ကနေ ပြန်ကျမလား၊ ပြန်တက်မလား စောင့်ကြည့်ရမယ့်အချိန်ဖြစ်ပါတယ်။ ရန်ကုန် မန္တလေးမြို့ကြီးတွေကို ဆိုရှယ်မီဒီယာသတင်းတွေကနေ အကဲခတ်တာရဲ့အလွန် မြို့ပြင် နယ်ဝေး ကျေးလက်ဒေသတွေရဲ့ စာရင်းဇယားဖြစ်ရပ်တွေပါ ထည့်သွင်းစဉ်းစားရတော့မယ့် ဩဂုတ်လဖြစ်စဉ် ဖြစ်ပါတယ်။

ဒီနေ့ ဩဂုတ်လ ၇ ရက် ဝါရှင်တန်ဒီစီမှာ မြန်မာ့အရေးတက်ကြွသူများ စုဝေးပြိး NUG ထောက်ခံပွဲ ချီတက်ဆန္ဒပြကြပါတယ်။ Burma Bill ကို ထုတ်ပြန်ဖို့ အထက်လွှတ်တော်ကို တောင်းဆိုကြပါတယ်။ NUG၏ ကုလကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနဲ့ စက်တင်ဘာ UN နောက်သက်တမ်းအတွက် NUG ကိုယ်စားလှယ်တွေကို မြန်မာပြည်အတွက် အသိအမှတ်ပြုကြဖို့ အင်အားပြတဲ့ ဆန္ဒထုတ်ဖော်မှုလည်း ဖြစ်ပါတယ်။ အင်အားပေါင်း သောင်းချီပြီး မြန်မာတွေ လမ်းပေါ်တက်လာကြပါတယ်။ ဝါရှင်တန်နေပြည်တော်က the mall ပြည်သူ့ရင်ပြင်မြက်ခင်းမှာ မြန်မာပြည်နွေဦးတော်လှန်ရေး အလံတွေ ရဲရဲနီ တကွင်းလုံး နီနေတဲ့ မြင်ကွင်းပဲ ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar