ဖုန်းမြင့် - ''ပြည်သူသာအမိ ပြည်သူသာ အဖ'' -(၈)-လေးလုံးအရေးတော်ပုံတွင်ပါဝင်ခဲ့သည့် တပ်မတော်(လေ)မှတပ်သားဟောင်းကြီးတဦး၏ အတွေ့အကြုံမှတ်တမ်း"
-
(၁၇) ရက်နေ့နေ့ လယ်(၁၂) ရီခန့်တွင်ကျွန်တော်တို့ ထမင်းစားသောက်ပြီး အပြင်သွား သူသွား၊ အနားယူသူယူ၊ စကားပြောသူပြော၊ လုပ်စရာရှိတာလုပ်သူနှင့် ရှိနေကြခိုက် အပြင်ထွက်သွားသော ထွန်းထွန်းနိုင် ((PLF)) အူ ယားဖားယား ပြေးဝင်လာပြီး “ဟေ့-အားလုံး အမြန်ယူနီဖောင်းဝတ်ကြ၊ ကုန်သွယ်ရေးဝန်ကြီးဌာနမှာ စစ်တပ်က ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်နေပြီ၊ ငါတို့လိုက်သွားကြမယ်။ ကြောက်တဲ့သူတွေ နေခဲ့ကြ။”ဟု အသံကုန်အော်ပြောရင်း သူ့အိပ်ယာနားသို့ ပြေးကာ ယူနီဖောင်း ကောက်ဝတ်သည်။ သူ့အနီးတဝိုက်တွင် ရှိနေသော ကျွန်တော်အပါအဝင် ရဲဘော်များကကြားလိုက်သဖြင့် “ဟာ-ဟုတ်လား” ဆိုပြီး ဝုန်းခနဲထကာ အနီးရှိ ယူနီ ဖောင်းကို အမြန်ကောက်ဝတ်ကြသည်။ (အခန်းကျယ်သဖြင့်) ကိုယ့်အလုပ်၊ ကိုယ့်အာရုံ၊ ကိုယ့်စကားဝိုင်းနှင့် နစ်မြောနေကြသူများမှာ ရုတ်တရက် ဘာမှန်းမသိလိုက်ကြ။
ထွန်းထွန်းနိုင်ဒေါသထွက်သွားပြီး “ဟေ့-ပြောနေတာမကြားဘူးလား။ ဟိုမှာသေနတ်နဲ့ ပစ်နေပြီ၊ လူတွေရုတ် ရုတ်ဖြစ်နေပြီ၊စစ်သားဖြစ်ပြီး ကြောက်နေကြရင် ထမီဝတ်ထား ကြ၊ ဒီလိုနေရာမျိုးမှာ ဒို့ဝင်မပါရင် ဒို့လောက်တာဝန်မဲ့တဲ့သူတွေ ရှိမှာမဟုတ်ဘူး၊ ပြည်သူတွေရှေ့မှာ မျက်နှာမပြရဲအောင် မလုပ်ကြနဲ့၊ ဒါ ဒို့အတွက်အခွင့် အရေးပဲ” ဟု ပြောရင်း ဘောင်းဘီကောက်စွပ်လိုက်သည်။
ထိုအခါမှ ရဲဘော်အားလုံးလည်း “ဟေ့ ဟုတ်တယ်၊ အကုန်ထွက်မယ်။” ဟုပြောပြော ဆိုဆို ယူနီဖောင်းထဝတ်ကြသည်။ တိုတိုပြောရလျှင် ကမ်းနားလမ်း ကုန်သွယ်ရေး ဝန်ကြီးရုံးမှ အရပ်ဝတ် ဝတ်ထားကြသော ဗိုလ်ကြီးခင်မောင်ချိုအပါအဝင် စစ်သား (၂၄)ယောက်ကို ရဟန်းများခြံရံလျက် အပြင်သို့ခေါ်ထုတ်သွားနိုင်ခဲ့သည်။ လက်နက်များကိုလည်း လျှို့ဝှက်ထုတ်ယူ ခဲ့နိုင်သည်။
ဉီးတင်ဦး (NLD) ကရဲဘော်တွေဤနေရာမှ အမြန်ခွာကြရန်၊ အောင်ဆန်းကွင်းမှ စစ်တပ်များရောက်လာနိုင်ကြောင်း၊ ပြောသဖြင့် တန်းစီ လူစစ် အမြန်လျှောက်ကာ စစ်ချီသီချင်းများ သံပြိုင်ဟစ်ရင်း ကျွန်တော်တို့နားခိုရာ သရက်တောကျောင်းတိုက်ဆီ သို့ ချီတက်ခဲ့ကြသည်။
အော်-ယနေ့အဖို့ ကျွန်တော်တို့တတွေ မှတ်ကျောက်တင်နိုင်ခဲ့ပြီမဟုတ်ပါလား။
+++++
စက်တင်ဘာ(၁၈)ရက်နေ့တွင် ကျွန်တော်တို့အင်အားတဝက်သာ အပြင်ထွက်ချီတက် ကြပြီး ကျန်လူအားလုံး ဂိတ်အသီးသီးတွင် လုံခြုံရေးတာဝန်ကို ကျောင်း သားများနှင့်အတူ ပူးတွဲယူကြသည်။ သို့သော် လက်နက်များနှင့်မဟုတ်။ ညနေ (၄း၁၅) နာရီတွင် မြန်မာ့အသံမှနိုင်ငံတော်အာဏာကို တပ်မတော်မှသိမ်းယူလိုက်သော သတင်းကြေညာလိုက်ရာ လူများမှာမင်တက်သွားကြသည်။
တခါ ညနေ(၆)နာရီတွင် ဆန္ဒပြခြင်း၊ တရားဟောခြင်းနှင့် လမ်းပေါ်တွင် လူ(၅)ယောက်ထက် ပို၍မစုရဆိုသော ကြေညာချက်ထွက်လာပြန်သည်။ ကြားရသူများမှာ ကျယ်လောင်စွာ‘တောက်’ခေါက်၍ ခံပြင်းဒေါသထွက်စွာ သံပုံးများ၊ ဓာတ်တိုင်များကို အဆက်မပြတ်တီးကာ ကျယ်လောင်စွာ အော်ဟစ်ကြသည်။ ညနေကတည်းက အာကာတခွင်လုံး အုံ့မှိုင်းမှိုင်းဖြင့် မိုးတဖွဲဖွဲ ရွာလာရာမှ တညလုံးသဲကြီးမဲကြီး ရွာချလာပါတော့သည်။ အော်-ခဲလေသမျှ သဲရေကျ၊ပန်းတိုင်ရောက်ခါနီးမှ လှော်တက်ကျိုးရလေခြင်း။
(၁၉)ရက်တနင်္လာနေ့သည် စိတ်မချမ်းသာစရာ အနိဋ္ဌာရုံများနှင့်ပြည့်နှက်နေကာ လူတိုင်းတိုင်း နာကျည်းချက်တို့ ဖြင့် အခြေအနေအလွန်တင်းမာနေသည်။
မနက်ခုနှစ်နာရီခွဲတွင် ထွန်းထွန်းအောင် (PLF) အပါအဝင် ကျောင်းသားကျောင်းသူ အချို့ ကျွန်တော်တို့ အတန် တန်တားနေသည့်ကြားက မြို့တွင်းသို့ချီတက်ကြသည်။
နေ့လယ် (၁)နာရီခန့်တွင် ထွန်းထွန်းအောင်တယောက် ငိုရှိုက်ရင်းရောက်လာကာ “ မာမီ မာမီ ကျွန်တော်တို့ကို ကယ်ပါအုံး၊ ကျွန်တော်တို့အဖွဲ့ အပစ်ခံရလို့ သေကုန်ပြီ၊ ကျွန်တော်တို့ကိုပစ်မထားပါနဲ့၊ ကယ်ပါအုံး” ဟုပြောပြီး ပြင်းထန်စွာငိုသည်။
မာမီနှင့်ကျွန်တော်တို့ ထိတ်ထိတ်ပြာပြာဖြစ်သွားကာ သိချင်ဇောဖြင့် မေးကြသည်။
ထွန်းထွန်းအောင်က အသံကိုထိန်းပြီး “ မာမီတို့တားတဲ့ကြားက ကျွန်တော်တို့မြို့ထဲချီတက်ကြတယ်။ ကျွန် တော်တို့လို ချီတက်လာတဲ့သူတွေတွေ့လို့ ကျွန်တော်တို့အားတက်သွားကြတယ်။ ပထမတော့ အေးအေးဆေး ဆေးပါဘဲ၊ ဒါပေမယ့် ဝန်ကြီးများရုံးရှေ့ရောက်တော့ ကျွန်တော်တို့ကြမ္မာဆိုး ဝင်တော့တာဘဲ၊ သေနတ်သံ တွေ ဘယ်ချောင်က ပေါ်လာတယ်မသိဘူး။ အဖြစ်အပျက်ကသိပ်မြန်တယ်။ ပထမရှေ့ဆုံးက ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့ အလံကိုင်ထားတဲ့ ကျောင်းသူကျောင်းသားတွေ ခွေကနဲ လဲကျ သွားတယ်။ ဓါတ်ပုံကိုင်လျက်ဘဲ၊ သူတို့တမင်ရွေးပစ်ကြတယ်။ ကျွန်တော်တို့အဖွဲ့တွေ ပုံခနဲ ပုံခနဲ လဲကျသွားတယ်။ ကျွန်တော်တို့ ဒေါသတွေ ပေါက်ကွဲ ကုန်ကြတယ်။ ပစ်ခတ်နေတဲ့ကြားက အတင်းပဲ ရှေ့ကိုတိုးထွက်ကြတယ်။ သေနတ်ထိထားတဲ့ သူတွေကို သွားဆွဲကြတယ်။ တယောက်ပြီးတယောက် လဲကျသွားတယ်။ ကျွန်တော်တို့သာ အထိအခိုက်မရှိဘဲ လွတ်လာတာ၊ မာမီကျွန်တော်တို့ သူငယ်ချင်းတွေ သေကုန်ပြီ၊ မာမီ့သမီးတွေေ သကုန်ပြီ၊ ကျွန်တော်တို့ကိုပစ် မထားပါနဲ့ ”ဟုပြောရင်း ထွန်းထွန်းအောင်မှာ အဖြစ်အပျက်များကို ပြန်မြင်ယောင်လာဟန် ဖြင့် အိန္ဒြေပင် မဆည်နိုင်ဘဲ သည်း ထန်စွာငိုပါ်တော့သည်။
ကျွန်တော်တို့လည်းအလွန် စိတ်ထိခိုက်ကြကာ အချို့ဆိုလျှင် ကြမ်းပြင်ကို လက်သီးဖြင့် ထိုးသည်။ မာမီက ထွန်းထွန်းအောင်ခေါင်းကိုပွတ်ရင်း “ သား- မာမီတို့ လုံးဝစိတ် မကောင်းဘူးကွယ်။ ဒီကောင်တွေ သိပ်ရက်စက် တယ်။ လူစိတ်မရှိကြဘူး။ ဘာမှမပူနဲ့၊ မာမီသားတို့ကိုပစ်မထားဘူး” ဟု ပြောရင်း အသံတွေတုန်နေသည်။ ခန်းမကျယ်ကြီးတခုလုံး ကြေကွဲစရာသတင်းစကားကြောင့် တိတ်ဆိတ်ငြိမ်သက်နေသည်။
+++++
Photo- Crd
နောက်တနေ့ ညနေ(၃)နာရီခန့်တွင် အခြေအနေ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ သရက်တောကျောင်းတိုက်သို့ စစ်တပ်လာဝိုင်းမည်ဟူသော သတင်းကြောင့်ပင်။ ခဏကြာတော့ စစ်တပ်လာနေပြီ ဆိုသောသတင်းကြောင့် သူ့အဖွဲ့နှင့်သူ တိမ်းရှောင်ကြရန် စတင်ကြပါပြီ။
ကျွန်တော်တို့ ရဲဘော်များနှင့် ကျောင်းသားကျောင်းသူများမှာလည်း လက်နက်များနှင့် အတူ (နာရီစင်ရှိရာဂိတ်မှ) ခပ်သုတ်သုတ် ထွက်ကြပါတော့သည်။ တိုက်အိမ်များအသီးသီးမှ ထွက်ကြည့်နေကြသောလူများက ကျွန်တော်တို့ကို လက်ခုပ်သြဘာပေးပြီး( ကျွန်တော်တို့အခြေအနေကိုသိသဖြင့်) ကြိုက်သည့်အိမ်တွင် တက် နေကြရန် အလုအယက်ခေါ်ကြသည်။ ကျွန်တော်တို့နှင့်အတူ ကျောင်းသူကျောင်းသားများလည်း ပါကြသည်။
ကျွန်တော်တို့သည် လေးထပ်တိုက်အပေါ်ဆုံးထပ်တွင်ရှိသော တခုသောအခန်းသို့ ရောက်ရှိနေသည်။ အိမ်ရှင်မိသားစုက ဘာမှပူစရာ အားနာစရာမလို၊ အေးအေးဆေးဆေး အနားယူနိုင်ကြောင်းပြောကာ ချက်ချင်းပင် ထမင်းဟင်းချက်ကျွေးသည်။ ဘဲဥဟတ်ဘွိုင် ဆီပြန်ချက်ထားသောဟင်းနှင့် ငပိတို့စရာ အစုံအလင်ပါဝင်သော ထမင်းဝိုင်းသည် ကျွန်တော်တို့အတွက် နတ်သုဒ္ဓါတမျှ မြိန်ယှက်စေပါသည်။
ညနေ (၆း၃၀) ခန့်တွင် ကျွန်တော်တို့သည် အချက်ပြသင်္ကေတဖြင့်လူစုကြပြီး ဗဟိုစည်သို့ ဦးတည်ထွက်ခွာ သွားကြသည်။
လက်နက်ကိုင် တပ်ဖွဲ့ကိုသီးသန့်ခွဲထုတ်လိုက်ရာ ကျွန်တော်အပါအဝင် လက်နက်ကိုင် အယောက်(၂၀) သည် ဗဟိုစည်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် နေရာယူကြသည်။ ခိုင်ခန့်သောအုတ်တိုက်ကျောင်းဖြစ်ပြီး ဘေးတွင် အုတ်တံတိုင်းများက ကာရံထားသည်။ မူလတန်းကျောင်းဖြစ်သော်လည်း ဧရိယာအတော်ကျယ်သည်။ ခိုင်ခန့်သောဝင်းတံခါးရှိသည်။ ဘေးနှစ်ဘက်နှင့် ကျောင်းနောက်ဘက်တွင် လူနေအိမ် များဝိုင်းရံထားသည်။ ကျောင်းရှေ့ဘက်တွင် ဖြောင့်ဖြူးသော မော်တော်ကားလမ်း ရှိသည်။ လူထုကထမင်းထုတ်များလာပို့ကြသဖြင့် မှောင်ကြီး မဲမဲထဲတွင် ထမင်းစားကြရသည်။
အချိန်ကည(၁၀)နာရီခန့်ရှိပြီ။ တရပ်ကွက်လုံး အမှောင်ထုထဲတွင်တိတ်ဆိတ်နေသည်။ ခွေးဟောင်သံပင်မကြားရ၊ ဒီလိုဖြင့် အလှည့်ကျကင်းစောင့်ရင်း မိုးလင်းခဲ့သည်။
မိုးလင်းသည့်တိုင်ပတ်ဝန်းကျင်တခွင်တွင် ရှင်းလင်းနေသည်။ လူရိပ်လူယောင်မတွေ့ရ၊ (၇)နာရီလောက်ကျမှ လူတွေလှုပ်ရှားသွားလာကြသည်။ ကျွန်တော်တို့ရောက်နေသောကျောင်း ထံတွင်ပင် လူတွေသွားလိုက်လာ လိုက်ဖြင့် ရှုပ်နေသည်။
ကျောင်းစောင့်ကြီးကစိုးရိမ်ပြီး “ခင်ဗျားတို့အဝင်အထွက်သိပ်မလုပ်ကြနဲ့၊ အန္တရာယ်ရှိတယ်။ ဒီရပ်ကွက်ထဲမှာ ခင်ဗျားတို့ ရှိတယ်ဆိုတာ သူတို့သိနေကြပြီဟု ပြောသည်။ (၉) နာရီခန့်တွင် လူရှင်းသွားပြီး ကျွန်တော်တို့လက်နက်ကိုင်တစုသာ ရှိနေသည်။
ဒုတပ်ကြပ် ခင်မောင်မြင့်က “ တောက်- ဒီအတိုင်းငြိမ်နေမယ့်အစား အပြင်ထွက်ချလိုက်ချင်တယ်” ဟုပြောသည်။
ကျွန်တော်တို့တွင်လက်နက်ရှိနေသဖြင့် လုံးဝကြောက်စိတ်မရှိ၊ ကျွန်တော့်လက်ထဲတွင် ဘီအေ-၆၃( ဂျီသရီး ) ကိုင်ထားပြီး ကျည်အပြည့်ကျည်ဘောက်(၅)ဘောက်နှင့် ၇ ့၆၂ ကျည် ဆံ့သလောက်ထည့်ထားသော ဟားပါးဆိုက်ကို ပခုံးတွင်သိုင်းလွယ်ထားသည်။ လက်ပစ်ဗုံးများလည်းရှိသည်။ တပ်ကြပ်တင်ဦးကတော့ ကာဘိုင်လွယ်ပြီး ကင်းစောင့် နေသည်။ ကျွန်တော်တို့ဒီမှာရှိနေတာ စစ်တပ်ကသိနေသဖြင့် ဘယ်တော့ ရောက်လာမလဲဆိုတာ စောင့်နေရတာကိုက ကျွန်တော်တို့မကြိုက်။
“ ငါတော့ထွက်ချလိုက်ချင်ပြီ” ဟု ၁၆ သန်းထွန်းက စိတ်မရှည်စွာပြောသည်။
ထိုစ ဉ် ကျောင်းစောင့်ကြီး အူယားဖားယားပြေးလာပြီး “ ဟေ့-ဟိုမှာ နာရီစင်ဘက်က စစ်ကားတွေ မဲခနဲ မဲခနဲ တက်လာကြပြီ၊ ဘယ်လိုလုပ်ကြမလဲ ” ဟု ထိတ်လန့်စွာ အော်ဟစ်ပြောဆိုလိုက်ရာ ဘေးပတ်ဝန်းကျင် ရှိအိမ်များမှ ကြားသွားသဖြင့် “ အမလေး ဒုက္ခတော့ ရောက်တော့မယ်ထင်ပါရဲ့၊” ထိတ်လန့်စွာအော်ကြရင်း ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြပြီ။
ကျွန်တော်တို့လည်း ဗြုန်းခနဲ အပြင်ပြေးထွက်ပြီး “ ဟေ့-အားလုံးနေရာယူ။ ဘာမှမကြောက်ကြနဲ့၊ ကျွန်တော်တို့အသေခံတိုက်ပြီး ကာကွယ်မယ်” ဟုပြောရာ “ ဒို့အိမ်တွေတော့ ပျက်ပါပြီ” ဟုပြောပြောဆိုဆို ပတ်ဝန်းကျင်ရှိ အိမ်တိုင်းလိုလို ပြေးသူပြေး ပုန်းသူပုန်း ဖြင့်ဆူညံနေသည်။
လူငယ်များကတော့ “ရပ်ကွက်ပျက်ချင် ပျက်ပစေ၊ ကိစ္စမရှိဘူး အကိုတို့ချသာချ၊ ကျွန်တော်တို့ပါဝင်ချမယ်။
အခြေအနေမကောင်းရင် နောက်ဘက်ကအုတ်တံတိုင်းကျော်ပြီး ကြိုက်တဲ့အိမ်တက်နေ။ ဟိုမှာ ကျွန်တော်တို့ လှေခါးထောင်ထားမယ်။ ”ဟုပြောသည်။
ကျွန်တော်တို့ပြည်သူတွေရှေ့မှာ သတ္တိကြောင်သူများလုံးဝမဖြစ်စေရ။ ဒီနေရာတွင် ပြည်သူတွေဘက်မှာ ကျွန်တော်တို့ရှိသည်ကို လက်တွေ့ပြသရမည် မဟုတ်ပါလား။
ရပ်ကွက်သားတွေတောင် တုတ်၊ ဓား၊ လေးခွ ကိုင်ပြီးတိုက်ပွဲဝင်ကြမည်ဆိုတော့ ကျွန်တော်တို့ ဘာကြောင့်နောက်တွန့်ရမည်နည်း။ ပြီးတော့ ထွန်းထွန်းအောင်၏ ရှိုက်ကြီးတငင် ငိုကြွေးနေသောအသွင်က ကျွန်တော်တို့အာရုံတွင် စွဲနေသည်။ ဒီနေ့သည် ကျွန်တော်တို့အတွက် နောက်ဆုံးနေ့ဟု ထင်မှတ်ထားသည်။ အသီးသီးနေရာယူပြီး ရန်သူအလာကိုစောင့်နေကြသည်။
ကျောင်းဝင်းတံခါးပိတ်ထားသည်။ ရုတ်တရက်ဝင်၍ရမည်မဟုတ်။ ‘ဟော- လာပါပြီ၊ တစီး၊ နှစ်စီး အားလုံး(၇) စီး။ သို့သော် ကားတန်းကြီးသည် လုံးဝမရပ်။ တဖြည်းဖြည်း ချင်း ရှေ့သို့သာဆက်သွားနေသည်ကို ကျွန်တော်တို့ အတိုင်းသား တွေ့နေရသည်။ ကားတွေမှာလူသိပ်မပါ။ တစီးလျှင် (၂၀) ဝန်းကျင်သာရှိမည်။ ကျောင်းဝင်းထဲ လှမ်းကြည့် သွားကြသည်။ သတင်းရထားပါလျက် ဘာကြောင့်ကျော်သွားပါလိမ့်။ အခြေအနေအေးဆေးသွားပြီ၊ ရပ်ကွက်လူထု ခုမှ ဟင်းချနိုင်တော့သည်။ “ တော်ပါ သေးရဲ့၊ ငါတို့ရပ်ကွက် ပျက်ပြီထင်နေတာ” စသဖြင့် တယောက်တပေါက် ပြောနေ ကြသည်။
နောက်မိနစ်(၂၀)ခန့်အကြာတွင် ဘုန်းကြီး (၂)ပါးနှင့် ‘နဝတ’ မှလွှတ်လိုက်သူတစု ရောက်ရှိလာပြီး သူတို့ထံ လက်နက်များအပ်ရန် နှင့် ကျွန်တော်တို့လုံခြုံရေးအတွက် စစ်ဒေသမှူးကလုံးဝတာဝန်ယူကြောင်း ၊ လက်နက်များ ရှိလျှင် ကျွန်တော်တို့အတွက် အလွန်အန္တရာယ်ရှိကြောင်း ပြောသည်။ ကျွန်တော်တို့က “ တပည့်တော်တို့ လုံးဝ မအပ်နိုင်၊ စစ်ဒေသမှူးကိုလည်းလုံးဝမယုံ၊ ကြိုက်တဲ့သူလာခဲ့၊ တပည့်တော်တို့ ခံတိုက်ရန်အသင့်ရှိသည် ” ဟု လျှောက်ရာ လက်လျှော့ပြန်သွားကြသည်။
ခဏကြာသော် ရပ်ကွက်လူငယ်များက ထမင်းထုတ်များ လာပို့ရင်း “အကိုတို့ ရှောင်နေကြရင်ကောင်းမယ်။ ဒီမှာအခြေအနေမကောင်းဘူး” ဟုပြောသည်။
နောက်တနာရီခန့်အကြာတွင် ဘုန်းကြီး(၂)ပါးရောက်လာပြန်ပြီး အကြိမ်ကြိမ်နားချသည်။ ရပ်ကွက်လူထုကလည်း လက်နက်အပ်ပြီး ရှောင်နေကြတာ အကောင်းဆုံး ဖြစ်ကြောင်း ပြောသည်။
တိုတိုပြောရလျှင် ရပ်ကွက်လူထု၏ဆန္ဒအရ ကျွန်တော်တို့အချင်းချင်းညှိနှိုင်းကြပြီး လက်နက်အပ်ရန် သဘောတူလိုက်သည်။ ဘုန်းကြီး(၂)ပါးနှင့် အခြားသူအားလုံးကို အပြင်ထွက်ခိုင်းလိုက်ပြီး တံခါးပိတ်လိုက်သည်။
ခဏအကြာတွင် ကျွန်တော်တို့(၂)ယောက်တတွဲ၊ (၃)ယောက်တတွဲဖြင့် အနောက်ဘက် အုတ်တံတိုင်းမှ ကျော်ပြီး သရက်တောကျောင်းတိုက်သို့ ကိုယ်ရောင်ဖျောက်ပြီးထွက်ခဲ့ကြသည်။
ကောင်းကင်တခုလုံးအုံ့မှိုင်းနေပြီးမိုးဖွဲဖွဲရွာနေသည်။ ကျွန်တော်တို့နှင့်အတူ အစိတ်အ ပိုင်းဖုတ်ယူလာသော ဂျီသရီး(၃)လက် ကျည် (၁၈ဝဝ) နှင့် လက်ပစ်ဗုံးအချို့ ပါလာတာကိုတော့ ဘယ်သူမှ မသိလိုက်ကြ။
+++++
Photo- Crd
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က လူများဖြင့်စည်ကားခဲ့သော ကျွန်တော်တို့၏သပိတ်စခန်း သရက်တော ကျောင်းတိုက်ကြီးသည် ယခုတော့ တိတ်ဆိတ်ငြိမ်သက်နေသည်။
ကျွန်တော်တို့ကျောင်းတိုက်အတွင်း အတော်ကလေးလျှောက်မိသောအခါ အကွယ်တခုမှ တောသူအသွင် ရုပ် ဖျက်ထားသော ကျောင်းသူတယောက်ထွက်လာပြီး “အကိုတို့လူတွေ ဟိုဘက်မှာရှိတယ်၊ လာ-ကျမလိုက်ပို့ပေးမယ်” ဟုပြောပြီး ခေါ်သွားသည်။
တိုတိုပြောရလျှင် ကျွန်တော်တို့လူများပြန်ဆုံကြပြီး ကိုယ့်လမ်းကြောင်းကို ကိုယ်ရွေးချယ်ကြသည်။ အချို့ကနီးစပ်ရာ ဆွေမျိုး မိတ်သင်္ဂဟရှိရာနယ်များသို့ သွားပြီးရှောင်ကြမည်၊ အချို့ထပ်ထဲပြန်ဝင်ကြမည်…. စသဖြင့် ဆုံးဖြတ်ကြကာ လူစုခွဲကြသည်။
ကျွန်တော်နှင့်မာမီ၊ ကျွန်တော်တို့ကဲ့သို့သော ကျောင်းသားကျောင်းသူတချို့တို့က သရက်တောကျောင်းတိုက် တတိုက်တွင် လျှို့ဝှက်နေကြသည်။ သူတို့က ကျွန်တော်တို့စားသောက်ရန် ဆန်အိတ်(၁၀)အိတ် စီစဉ်ပေးသည်။ (၂၃)ရက်မနက်တွင် ကျေင်းသားအဖွဲ့တဖွဲ့ရောက်လာပြီး ရနောင်းတွင် လက်နက်ရဖို့ဆက်အသွယ်ရထားပြီ ၊သွားယူဖို့ပဲကျန်တော့တယ်” ဟု ပြောရာမာမီက “ငါတို့အဖွဲ့လိုက်သွားမယ်။” ဟုပြောသည်။ (သို့သော် သွားခါနီးမှ တင်းကြပ်သော လုံခြုံရေးများကြောင့် အစီအစဉ်ပျက်သွားသည်။)
ကျောင်းသားအဖွဲ့တဖွဲ့ကလည်း စစ်သင်တန်းပေးရန်အကူအညီတောင်းသဖြင့် ကျွန်တော်တို့သင်တန်းသွားပေးရသည်။
ထိုအချိန်တွင် ဒုတပ်ကြပ်ဝင်းထက် လေထီး(၁၆)ရောက်လာပြီး သူနှင့်သူ့အဖွဲ့ ပဲခူးသွားပြီး လက်နက်သွားသယ် မည်ဖြစ်ကြောင်း ရုပ်ဖျက်သွားရမည် ဖြစ်ကြောင်းပြောပြီး သူ့အကျႌနှင့် ကျွန်တော့်အကျႌလဲဝတ်သည်။ ကျွန်တော်ကသတိထားသွားရန်ပြောရာ ‘ကိစ္စမရှိ’ ဟုဆိုကာ ဂျာကင်အိတ်ထဲမှ လက်ပစ်ဗုံးကိုထုတ်ပြသည်။ ကျွန်တော်တို့အဖွဲ့ ဤကာလများအတွင်း သတိကြီးစွာထားပြီး သွားလာလှုပ်ရှားနေရသည်။ အချို့ဆွေမျိုးမိဘများရှိရာ ဒေသများသို့ရှောင်ကုန်ကြပြီ။ တပ် ကြပ်တင်ကြိုင်ဆိုလျှင်သင်္ကန်းဆီးနေပြီ။ အချို့ဆို တပ်ထဲပြန်ဝင်ရန် စိုင်းပြင်းနေကြပြီ။
ကျွန်တော်တို့လျှို့ဝှက်နေသော ကျောင်းတိုက်မှ ကိုရင်လေးတပါးကလည်း အလွန်အကူအညီပေးသည်။ ဆွမ်းခံသွားရင်း သတင်းစုံစမ်းပေးသည်။ သူကူညီပေးမှုကြောင့် လက်ပစ်ဗုံးရောင်းမည့်အဖွဲ့တဖွဲ့နှင့် ဆက်သွယ်မိသည်။ သို့သော် ဝယ်ရန်ငွေမရှိသဖြင့် ကျွန်တော်တို့အတွက်ပေးထားသော ဆန်အိတ်အချို့ကို ရောင်းချပြီး ဝယ်ရန်ဆုံးဖြတ်ကြသည်။ သို့သော်လက်ထဲငွေရှိပါမှ သတင်းပေါက်ကြား သွားသဖြင့် အရောင်းအဝယ်မဖြစ်တော့။
ဒီအတွင်းကျွန်တော်တို့ဌာနမှအရာရှိတဦးနှင့် အချို့ဆရာများလျှိူ့ဝှက်ရောက်လာပြီး ကျွန်တော်နှင့် မာမီကိုဖမ်းရန်အမိန့်ပေးထားကြောင်း၊ ရန်ကုန်မှအမြန်ရှောင်ရန် စိုးရိမ်စွာ လာသတိပေးသည်။ ကျွန်တော်နေသောကျောင်းမှ ဉီးဇင်းတပါးကလည်း “ကိုအောင်ဘုန်းမြင့် ခင်ဗျားဘာဆက်လုပ်မယ် စိတ်ကူးသလဲ” ဟုမေးသည်။
ကျွန်တော်ကလုပ်မိသည့်အလုပ်တခုအတွက် ရှေ့ဆက်လုပ်ဖို့သာရှိတော့ကြောင်း၊ တပ်ထဲသို့ လုံးဝပြန်ဝင်မည် မဟုတ်ကြောင်းပြောပြသည်။ “ ဦးဇင်းလည်း အဲ ဒါပဲ သဘောကျတယ်။ ဒီလိုဘဲဖြစ်ရမှာပေါ့၊ ဒါပေမယ့် ဒီမှာ ခင်ဗျားရှိတာ ကျုပ်အတွက်ရော ခင်ဗျားအတွက်ပါ အန္တရာယ်ရှိတယ်။ ဒီတော့ ဒီကအမြန် ရှောင်စေချင်တယ်။ ခင်ဗျားတို့လုပ်ငန်းတွေ အောင်မြင်တော့မှ ကျုပ်ကျောင်းမှာ တသက်လုံးကြိုက်သလို လာနေလှည့်ပါ။” ဟုပြောသည်။ (ဦးဇင်းသည် ကျွန်တော့်အား ခင်ဗျားနှင့် ကျုပ်ဟု သုံးတတ်သည်။)
သို့ဖြင့် ကျွန်တော်သည် နာရီစဉ်ရှေ့ရှိ ကျောင်းတကျောင်းသို့ ပြောင်းနေသည်။ ပြီးလျှင် စီစဉ်စရာရှိသည်များကို မာမီနှင့်တိုင်ပင်ပြီး ဆောင်ရွက်သည်။ ကျွန်တော်နေသောကျောင်းတိုက်မှ ဦးဇင်းသည် ရဟန်းပျိုသမဂ္ဂမှဖြစ်ပြီး ကျွန်တော့်ကို လုပ်ငန်းပြီးမြောက်သည်အထိ ဇွဲမလျှော့တမ်းလုပ်ပါဟု တိုက်တွန်းသည်။
စက်တင်ဘာ(၂၇)ရက်၊ မနက်(၅)နာရီတိတိတွင် ကျွန်တော်နေသောကျောင်းမှ ဦးဇင်းကို ကျွန်တော်တို့ သွားတော့ မည်ဖြစ်ကြောင်း ပြောပြီးကန်တော့သည်။ ဦးဇင်းလည်းစိတ်မကောင်းစွာ မျက်ရည်ဝဲပြီး လုပ်ငန်းများပြီးမြောက် သည်အထိ ဇွဲမလျှော့ဘဲလုပ်ကြရန် ဦးဇင်းနှင့် ပြည်သူလူထုတရပ်လုံးက ကြိုနေမည်ဖြစ်ကြောင်း ပြောစရာရှိ သည်များပြောပြီး ကျွန်တော် ငြင်းဆန်နေသည့်ကြားက တဆယ်တန်အထပ်လိုက်ထုတ်ပေးသည်။ ထိုနောက်သရက်တောကျောင်းတိုက်မှထွက်ခဲ့သည်။
မကြာမီ မာမီတို့အဖွဲ့ရှိရာ လသာလမ်းသို့ ရောက်ရှိလာသ
ည်။ ကျွန်တော်နှင့်အတူ အမှတ်(၅၀၂) လေတပ်စခန်းမှ ဒုတပ်ကြပ်သောင်းဦး ( PLF) လည်းလိုက်ပါ လာသည်။ ထိုလသာလမ်းမှလူငယ်များနှင့် လမ်းမိသားစုတို့၏ ကျေးဇူးတရားကို ကျွန်တော်တို့ ယခုထိမမေ့နိုင်ပါ။ သူတို့လမ်းထဲသို့ ကျွန်တော်တို့ရဲဘော်တွေ ရောက်လာသည့် နေ့မှစကာ ယခုခရီးထွက်မည့်အချိန်ထိ ကျွန်တော်တို့လုံခြုံရေးအတွက် လျှို့ဝှက်ကင်းစောင့်ပေးသည်။
သတင်းထောက်လှမ်းပေးသည်။ စားဝတ်နေရေး လိုလေသေးမရှိ စေတနာပြည့်ဝစွာဖြင့် တလွတ်မြောကာဝန် ယူခဲ့သည်။ ထို့ထက်မှာမူ ကျွန်တော်တို့ ခရီးထွက်မည့်နေ့က ကျွန်တော်တို့တွင် လမ်းခရီးအတွက်ငွေလိုကြောင်း သိသဖြင့်လူငယ်များက တအိမ်တက်ဆင်း ငွေလိုက်ကောက်ရာ ငွေ(၂ဝဝဝ) ကျော်ရရှိသည်။ (ကျွန်တော်တို့ကို အသင်းနှစ်သင်းမှ ငွေကူညီရန်စီစဉ်ထားသော် လည်း ကျွန်တော်တို့ထွက်မည့်ရက်ကို မဖျက်နိုင်သည့်အတွက် ထိုငွေကိုမယူနိုင်ခဲ့တော့ပါ။)
ကျွန်တော်တို့သွားကြတော့မည်ကိုသိသော လမ်းသူလမ်းသားများ မျက်ရည်များဝဲကာ စိတ်မကောင်းစွာဖြင့် လာနှုတ်ဆက်ကြသည်။ အချို့အမျိုးသမီးများက သူတို့လည်ပင်းမှ ရွှေဆွဲóကိးများကို ဆတ်ခနဲဆွဲြုဖတ်ပြီး “ ရော့-အကိုတို့ ဒီဆွဲ ကြိုးတွေယူသွားကြပါ။ အကိုတို့ လိုအပ်သလိုသုံးပါ” ပြောပြီး အတင်းပေးကြသည်။
ကျွန်တော်တို့လည်း အထပ်ထပ်အခါအခါ ငြင်းသဖြင့် လက်လျှော့သွားကြပြီး “အကိုတို့ ကိစ္စတွေပြီးလို့ ပြန် လာရင် ညီမတို့ဆီလာဖြစ်အောင်လာကြပါနော်၊ ညီမတို့အားလုံးမျှော်နေမယ်။ အကိုတို့ကိုညီမတို့အားလုံးက လှိုက်လှိုက် လှဲလှဲ óကိဆိုနေပါတယ် ” ဟုပြောရင်း မျက်ရည်ဝဲနေကြသည်။ လူကြီးမိဘများကလည်း “ ရဲဘော်တွေအောင်ပန်းနဲ့အတူ ပြန်လာနိုင်ကြပါစေ။ ရဲဘော်တွေပြန်လာရင် နေဖို့စားဖို့ဘာမှမပူနဲ့၊ အားလုံး တာဝန်ယူတယ်”ဟု ပြောသည်။
သူတို့တတွေ၏ကြီးမားလှသော မေတ္တာ စေတနာတွေသည် ကျွန်တော်တို့အားလုံးကို ဘာပြန်ပြောရမှန်း မသိအောင် ကြီးမားလှသောခံစားချက်ကို ဖြစ်စေကာ မျက်ရည်ဝဲစေသည်။ အော် …‘ပြည်သူသာအမိ ပြည်သူသာအဖ’မဟုတ်ပါလား။
ဤသို့ဖြင့် စက်တင်ဘာ(၂၇) ရက်အင်္ဂါနေ့တွင် ကျွန်တော်တို့ လေတပ်မှ (၇) ယောက်အဖွဲ့သည် ပထမအသုတ် အဖြစ်၎င်း၊ နောက်နေ့တွင် မာမီအပါအဝင်ရဲဘော်(၄)ယောက်အပြင် ထွန်းထွန်းအောင်ပါဝင်သော ကျောင်းသား အဖွဲ့သည် ဒုတိယအသုတ်အဖြစ်၎င်း၊ ကျိုက်ကော် နောင်ကုလားရှမ်းရွာသို့ ရောက်ရှိခဲ့သည်။
ထိုမှတဆင့်ခြေလျှင်ခရီးဖြင့် တောအထပ်ထပ် တောင်အထပ်ထပ်ဖြတ်ကျော်ကာ စားနပ်ရိက္ခာ၊ အန္တရာယ် အခက်အခဲ မြောက်မြားစွာကိုအံတုရင်ဆိုင်ပြီ (KNU) လွတ်မြောက်နယ်မြေသို့ အောက်တိုဘာ ဒုတိယပတ် အကုန်တွင် ရောက်ရှိခဲ့ပါတော့သည်။
ဘုန်းမြင့်
+ ဤဆောင်းပါးဖြင့် ၁၉၈၈ ခုနှစ် အရေးအခင်းတွင် အသက်ကို ပဓာန မထားဘဲ ရဲဝံ့ပြောင်မြောက်စွာ လှုပ်ရှားခဲ့ သော ကျောင်းသူ ကျောင်းသား ပြည်သူများ အားလည်းကောင်း၊ ပြည်သူဘက်သို့ ပါဝင်လာသော ကြည်း -ရေ-လေ စစ်သည်များအား အစစအရာရာစောင့်ရှောက်ခဲ့သော ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံ မှကျောင်း သားအပေါင်းအားလည်း ကောင်း၊ ပြည်သူနှင့်ပူးပေါင်းပါဝင်လာသောစစ်သည်များကို ရင်ဝယ်သားကဲ့သို့ နွေးထွေးပျူငှာ လှိုက်လှဲစွာ ထွေးဖက်ကြိုဆိုကြသော ကျေးဇူးရှင် မိဘပြည်သူတရပ်လုံးအားလည်းကောင်း အစဉ်သတိရစွာဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ +
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar