ဂန္တဝင်မောင်တူး - ကိုမောင်တူးပြောပြတဲ့ ကြောင်းကျိုးသတ်အဘိဓမ္မာ
ကိုမောင်တူးပြောပြတဲ့ ကြောင်းကျိုးသတ်အဘိဓမ္မာ
ဂန္တဝင်မောင်တူး
(မိုးမခ) သြဂုတ် ၉၊ ၂၀၂၁
ကိုမောင်တူးတို့ရွာသာယာရွာလေးမှာတော့ မနက်အာရုံတက်ကစပြီးဆွမ်းချက်ထကြ။ ဆွမ်းလောင်းကြ။ တောသွားကြနဲ့ ၈ နာရီမထိုးမခြင်း ကျွက်ဆူကျွက်ဆူနဲ့ပါပဲ။ ၉ နာရီထိုးပြီဆိုတာနဲ့ ရွာလယ်ခေါင်ကဇရပ်မှာ ကိုမောင်တူးတို့ရပ်မိရပ်ဘလူကြီးတို့ရဲ့အဘိဓမ္မာဝိုင်းကစပြီ။ အားလုံးကတော့ ကိုယ့်အစီစဉ်နဲ့ကို လက်ဖက်အုပ်၊ ရေနွေးအိုး၊ ပဲ၊ လှော်သုပ်စသဖြင့် လေကန်တရားဆွေးနွေးရင်းသုံးဆောင်ဖို့အမြည်းကိုယ်စီနဲ့။
ထုံးစံအတိုင်း ကိုမောင်တူးကတော့ ဇရပ်ထဲကဘုရားစင်အောက်တည့်တည့်မှာထိုင်လို့။ ဇရပ်ပေါ်တက်လာတဲ့လူတိုင်းက သူ့ကိုအရိုအသေပေးပြီးဝင်ထိုင်ကြပေါ့။ လူရိုသေရှင်ရိုသေအဘိဓမ္မာဆရာကြီးပေပဲကိုး။ လက်ဖက်ရိုးလေးမြုံ့လိုက်၊ ရေနွေးကြမ်းလေးတငုံသောက်လိုက်နဲ့ပေါ့။ အဘိဓမ္မာတရားနာယူဖို့ ရွာထဲကအားအားယားယား လူငယ်တချို့လည်းလာနေကြ။
ဒီနေ့အတွက်ထူးခြားနေတာက အရက်သောက်၊ဖဲရိုက်၊ ကြက်တိုက်ပြီး ကြောင်ချေးနဲ့ပေါင်းပြီး လူစွာလုပ်နေတဲ့ မဲလုံးလည်း ကွမ်းလေးတပျစ်ပျစ်ထွေးပြီးမဝံ့မရဲ ဇရပ်ပေါ်တက်လာတယ်။ မဲလုံးတယောက်ထဲဟုတ်ပါရိုးလား။ သူနဲ့အတူ ခင်မောင်ပွေတို့၊ သိန်းညံ့တို့၊ မန်းငြိမ်းကြောင်တို့တောင် ပါလိုက်သေး။ အမယ်..ဦးဖိုးရှမ်းရဲ့သမီး ရွှေတုဝိဇ္ဇာ မယ်သွက်သွက်ခါတောင် သူတို့အမီအပြေးကလေးလိုက်လာနေတယ်။ ထူးပြီကောလေ။ ဘုရားတရားနဲ့ဝေး ဓမ္မ ဆိုတာဘာမှန်မသိတဲ့လူတွေက တရားနာမယ်ဆိုတော့ ရွာသာယာတရွာလုံးကလေးလူကြီးမကျန် အံ့တွေဩကုန်ကြသလို စူးစူးစမ်းစမ်းလုပ်သူတွေကလည်း ဇရပ်ဘေးမှာ ရွစိထိုးနေပေါ့။
ကိုမောင်တူးကတော့ သူတို့ကိုတချက်ဝှေ့ကြည့်ပြီး “ကဲ..ကဲ..ဆရာနောင်တို့ ဆရာခြိမ့်တို့ရေ ကျုပ်တို့ဆွေးနွေးပွဲလေးစလိုက်ကြရအောင်ဗျို့။ လူလည်းစုံနေပြီမို့လား ” လို့မေးပြောလေးပြောရင် ဆော်ဩလိုက်တယ်။ ဆရာနောင်က “ကိုမောင်တူးရေ မနေ့ကပြောတဲ့ကြောင်းကျိုးတရားကိုပဲဆက်ဆွေးနွေးကြတာပါ့နော်။ ခင်ဗျားကပဲ စပါလိုက်ပါဗျာ။” ဆိုတော့ ဆရာခြိမ့်ကလည်း “ဟုတ်တယ်၊ ကိုတူးကပဲစလိုက်ပါ” လို့ထောက်ခံလိုသပေါ့။
ကိုမောင်တူးကလည်း မြှောက်ပေးရင် ‘ဟိုဒင်းတက်အောင် ကတတ်သူ’ ဆိုတော့ ဆွေးနွေးပွဲကို လောကကြီးနဲ့အစ ချီပြီး ဖွင့်လိုက်လိုက်သဗျ။
“ ကျနော်တို့နေထိုင်ရာလောကကြီးမှာ ဩကာသလောက၊ သင်္ခါရလောက နဲ့ သတ္တလောကဆိုပြီး လောကကြီးသုံး ပါးရှိသပေါ့ဗျာ။ အဲ့ဒီလောကကြီးသုံးပါးစလုံးမှာ ကြောင်းကျိုးတရားနဲ့ကင်းပြီးဖြစ်ပေါ်လာတာ တခုမှမရှိဘူးဗျ။ ကျနော်တို့ငယ်ငယ်က ရွာဦးကျောင်းမှာသင်ပုန်းကြီးသင်ရင်းရွတ်ခဲ့တဲ့ ဟိုစာလေးမှတ်မိလားဗျဆရာနောင် ” ဆိုတော့ ဆရာနောင်ကလည်း တရားထောက်တဲ့အနေနဲ့...
“မှတ်မိပါ့။ တို့ကျောင်းတောင်က ချဉ်ပေါင်ခင်း ယုန်ဖိုယုန်မ ဆင်း ဆိုတာလေ”
“ အာ..ဆရာနောင်ကတော့လုပ်ပြီ။ ကဲပါဗျာ ကျုပ်ကပဲပြောလိုက်ပါ့မယ် ” ဆိုပြီး လက်ဖက်တရိုးကိုမြုံ့ရင်းဆိုပြတာက ..
“ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်၊ ဗျိုင်းနားလို့ကိုင်းရတယ်။
ဗျိုင်းဘာကြောင့်နားရတယ်၊ ငါးပေါ်လို့နားရတယ်။
ငါးဘာကြောင့်ပေါ်ရတယ်၊ ကျွဲလူးလို့ပေါ်ရတယ် ။
ကျွဲဘာကြောင့်လူးရတယ်၊ ဖြုတ်ကိုက်လို့လူးရတယ်။
ဖြုတ်ဘာကြောင့်ကိုက်ရတယ်၊ မိုးရွာလို့ကိုက်ရတယ်။
မိုးဘာကြောင့်ရွာရတယ်၊ ဖားအော်လို့ရွာရတယ်။
ဖားဘာကြောင့်အော်ရတယ်၊ မြွေကိုက်လို့အော်ရတယ်။
မြွေဘာကြောင့်ကိုက်ရတယ်၊ ငါ့ဝမ်းပူဆာမနေသာလို့ကိုက်ရတယ် ...ဆိုတာလေဗျာ”
“အဲ့ဒါတော့ ရတာပေါ့ဗျ။ အဲ့ဒါနဲ့ကြောင်ကျိုးတရားနဲ့ဘာဆိုင်လို့တုန်းဗျ”
“အော် ညံ့ပါ့ဆရာခြိမ့်ရယ်။ အဲ့ဒါကြောင်း ကျိုးဆက်တရားကြီးပေါ့ဗျ။ ပေါက်ပင်ကိုင်းတာက အကျိုးပေါ့။ ဗျိုင်းနားတယ်ဆိုတဲ့ အကြောင်းတရားကကျေးဇူးပြုလို့ ပေါက်ပင်ကြီးကိုင်းရတာလေဗျာ။ ကျန်တာတွေလည်းအဲ့လိုပဲဆက်ယူလေ” လို့ပြောလိုက်တော့ ဆရာနောင်က ...
“ ဒါဆိုရင် ပေါက်ပင်ကိုင်းတာဟာ ငါ့ဝမ်းပူဆာမနေသာလို့ကိုင်းရတာလားဗျ။ ခင်ဗျာဟာက ‘ညောင်ဦးကမ်းပါပြို တာနဲ့စံပန္နဂိုလ်ကနွားမကြီးပေါင်ကျိုးသလို’ဖြစ်နေပြီ။ ဆိုတော့…
“ကျုပ်ကလည်း ဆရာနောင် စောဒကတက်မယ်ဆိုတာမျှော်လင့်ပြီးသားပါဗျ။ ဟဲဟဲ ဒီလိုရှိတယ်ဆရာနောင်ရ။ နီးကပ်သောအကြောင်းတရားနဲ့ နီးကပ်တဲ့အကျိုးတရားဆိုတာရှိတယ်။ မြွေနဲ့ငါ့ဝမ်းပူဆာမနေသာတာနဲ့က နီး ကပ်တဲ့အကြောင်းတရားနဲ့ အကျိုးတရားပေါ့။ ဝေးကွာသောအကြောင်းတရားနဲ့ဝေးကွာတဲ့ အကျိုးတရားဆိုတာလည်း ရှိတယ်ဗျ။ အကြောင်းတရာများစွာပေါင်းစုံကျေးဇူးပြုပြီးမှ အကျိုးတရားဖြစ်လာတာလည်း ရှိတယ်။ သိပ်ဝေးကွာ သွားတဲ့အကြောင်းတရားကို လူတွေကမေ့လျော့တတ်ကြတာကိုး။ လောကဓာတ်ဆရာတွေကတော့ ခင်ဗျားပြော တဲ့ ‘ညောင်ဦးကမ်းပြိုနဲ့ စံပန္နဂိုနွားမ ပေါင်ကျိုး’တဲ့ အဲ့ဒီလိုဆက်နွယ်မှုကို “သီးခြားဆက်နွယ်ခြင်း’ ပေါ့။ အင်္ဂလိပ်လိုတော့ Independent relation ပေါ့ဗျာ ”ဆိုပြီး ချောင်းတချက်ဆိုးဟန်ပြုလိုက်တယ်။ လျှာလိပ်သွားဟန်ပါပဲ။ ပြီးမှ ...
“ခင်ဗျားကို ပဋ္ဌာန်းနဲ့ရှင်းပြမှရမယ်ထင်တယ်။ တကယ်တော့ ‘ပဋ္ဌာန်းကျမ်းတော်ကြီး’ဟာ မြတ်စွာဘုရားရဲ့ အံ့မခန်းဉာဏ်တော်ကွန့်မြူးထားတဲ့ ကြောင်ကျိုးဆက်တရားတော်ကြီးဆိုလည်း မမှားပေဘူးဗျ။”
“ကဲလုပ်ပါအုံး ကျုပ်လည်းပဋ္ဌာန်းနာချင်နေတာနဲ့အတော်ပဲဗျာ။ ကြက်သရေရှိလိုက်လေ” လို့ဆရာခြိမ့်က အချွန်နဲ့ပင့်လိုက်တယ်။ ကိုမောင်တူးကလည်း တင်ပျဉ်ခွေချိတ်ရင်း ပုဆိုးကိုဒူးနှလုံးပေါ်အောင်ဆွဲတင်လိုက်တယ်။ ဒါကို စောင့်ကြည့်နေတဲ့ သီလရှင်လူထွက် မယ်သွက်သွက်ခါက “အဟိ” ဆိုပြီး ရယ်သွမ်းသွေးလိုက်သကိုး။ မမြင့်သင့်မ မြင်အပ်ရာမြင်သွားထင်ပါ့ဆိုပြီး ဆရာနောင်က ဖုံးဖိပေးဖို့ကြည့်လိုက်တော့ ... “လားလား,ဘယ်ဟုတ်မလဲ ကိုမောင်တူးပေါင်မှာ ထိုးကွင်းကတဖက်ထဲရှိတာကို တွေ့သွားတာကိုး။ သတ္တိ ကောင်းပုံများ ထို့ကွင်းတောင် ပေါင်နှစ်ဘက် ပြည့်အောင် မထိုးခဲ့တဲ့သူလေ။ မတော်တာမမြင်လို့တော်သေးရဲ့” လို့တွေးရင်းဆက်နားထောင်အာရုံပြုလိုက်တယ်။
“ပဋ္ဌာန်းဆိုတာ ပဋ္ဌာနကလာတာ။ အဓိကပဓာန ပြဋ္ဌာန်းသောအကြောင်းလို့ အလွယ်ဆိုကြရအောင်။ ဆိုလိုတာကတော့ ပြဋ္ဌာန်းတဲ့အကြောင်းဆိုတာ မုချဖြစ်တဲ့ဧကန်ဖြစ်တဲ့အကြောင်းပေါ့။ ထိုဧကန်အကြောင်း (ပစ္စည်း) ကိုလည်း ဧကန်အကျိုး(ပစ္စယုပ္ပန်) ကို အစွဲပြု၍ဟုဆိုအပ်၏။ မှန်၏။ အကျိုးမည်သည် မုချ (ဧကန်)အကျိုးနှင့်အကျိုး ဆက်ဟူ၍ ၂ မျိုးရှိ၏။ ‘မုချအကျိုး’ဟူသည် “ မူလ၊ မူရင်းအကျိုး တနည်းအကျိုးရင်း’‘ ဟုဆိုအပ်၏။ ‘အကျိုးဆက်’ ဆိုတာအဆက်ဆက်အကျိုး…… ကိုတူးစကားမဆုံးခင် ...
“ဝါး ဟားဟား” ဆိုတဲ့ အပျင်းထူထူနဲ့ အော်ဟစ်သန်းလိုက်တဲ့အသံကျယ်ကြီးထွက်လာတယ်။ ဘယ်သူဆီကဖြစ်မလဲ။ မဲလုံးတို့အုပ်စုဆီကပေါ့။
ကိုတူး နည်းနည်းမျက်နှာတင်းလာတယ်။ လူကြီးဆိုတော့ အမြန်ဆုံး ‘အိန္ဒြိယပစ္စယော’ လိုက်ရတယ်။ ပြီးမှ ...
“တိုတိုပဲပြောကြပါစို့ဗျာ။ အကြောင်းနဲ့အကျိုးရှိရာမှာ ကျနော်တို့ဟာ ဟောဒီသံသရာကလွန်မြောက်ဖို့ဆိုရင် ‘ဟေတု’ ပစ္စည်းခံဖြစ်တဲ့ ဟိတ် ၆ ပါးကို အရင်သတ်ရမယ်။ အကြောင်းကိုသတ်မှ အကြောင်းကကျေးဇူးပြုတတ်တဲ့ အကျိုးတရားလည်းပြတ်မယ် “ ဆိုတော့ မဲလုံးထပြီးပြောလိုက်တာက ....
“ ဦးကိုတူးပြောတာမှားတယ်။ အကြောင်းကိုသတ်လို့ဘာမှမထူးဘူးဗျ။ အကျိုးကိုသတ်မှရတယ်လို့ကျုပ်ဆရာ ‘ဘုရားလောင်း’ ကြီးက ပြောခဲ့တယ်။ခင်ဗျားတို့ဟာ တလျှောက်လုံး ဒီအသက်အရွယ်ရောက်သည်အထိ မှားခဲ့ကြတယ်။ လက်တွေ့မကျတာတွေကို ယုံကြည်နေကြတယ်။ကျုပ်ဆရာကမှ အကြောင်းနဲ့အကျိုးမှာ လက်တွေ့ကျကျ ဖြေရှင်းတတ်တာဗျ”
ကိုမောင်တူးက ဒေါသတကြီးနဲ့ မဲလုံးကိုလှမ်းကြည့်လိုက်တယ်။ မျက်နှာက နီရဲနေပြီ။ ဒါကိုသိတဲ့ ဆရာနောင်နဲ့ဆရာခြိမ့်က မသိမသာလက်ကုတ်ပြီးထိန်းလိုက်တယ်။ ဆရာနောင်က “ နို့နေပါအုံးမောင်မဲလုံးရဲ့၊ မင်းဆရာ ကဘယ်သူတုန်းကွဲ့။ သူကဘယ်လိုလက်တွေ့ကျတာတုန်းဟဲ့။ ရှင်းစမ်းပါအုံး ” ဆိုတော့ မဲလုံးက သတင်းစာရှင်းပွဲအထာနဲ့ ချောင်းတချက်ဟန့်လိုက်ပြီး ...
“လူတွေရောဂါဖြစ်တော့ ဆေးကုတယ်။ ပျောက်ကင်းတယ်။ အသက်ရှင်တယ်။ ဆေးကုတာကအကြောင်း တရားပစ္စည်းကြောင့် အသက်ရှင်ခြင်းအကျိုးတရား ရတယ်။ ဆေးကုမရလို့သေတော့ မီးသင်္ဂြိုဟ်ရတယ်။ သေခြင်းအကြောင်းတရားပစ္စည်းကြောင့် မီးသင်္ဂြိုဟ်ခြင်းအကျိုးတရားဖြစ်တယ်။ ဒီတော့ ကိစ္စပြတ်ပြီ။ ဘာရုပ်မှမရှိတော့ ဘူး။ ရုပ်နာမ်သေပြီးပေါ့။ ဒါကြောင့် ကျုပ်ဆရာ ‘ဗိုလ်ကြောင်ချီး’ က အကျိုးတရားကိုသတ်တဲ့အနေနဲ့ ကိုဗစ်အသုဘများအတွက် မီးသင်္ဂြိုဟ်စက် (၁၀)လုံးတည်ပြီး တနေ့ လူ ၃၀၀၀ သင်္ဂြိုဟ်နိုင်အောင်လုပ်တာဟာ ‘အကျိုး’ ဆိုတဲ့ ‘ပစ္စယုပ္ပန်တရား’ ကိုသတ်ပြီး နိဗ္ဗာန်ပို့တာပဲ” လို့ကြွားလုံးထုတ်လိုက်တော့ ...
“ဖေယိုးမခွေးကောင် မဲလုံးသေပေတော့” ဆိုပြီး ကိုမောင်တူးက လက်ဖက်ရည်ကြမ်းအိုးနဲ့ကောက်ပေါက်တော့ မဲလုံးတို့လူစုလည်း ထွက်ပြေးသွားကြတယ်။ အဲ့ဒီနေ့ကစပြီး ကိုမောင်တူးတို့ရဲ့ အဘိဓမ္မာဆွေးနွေးပွဲလည် နိတ္ထိတန်သွားတော့သတဲ့။ နိတ္ထိမတန်လို့လည်းမရ။ နိတ္ထိမတန်ပါက ဗိုလ်ကြောင်ချီးနဲ့မဲလုံးတို့ရဲ့ တနေ့ လူသုံးထောင်သင်္ဂြိုဟ်နိုင်တဲ့ “ပစ္စယုပ္ပန်” အကျိုးကို သတ်ခြင်းခံရနိုင်တယ်မဟုတ်ပါလားခင်ဗျာ။
မြန်မာပြည်သူအပေါင်း အကျိုးကိုသတ်၍ နိဗ္ဗာန်ပို့မည့် ‘ဗိုလ်ကြောင်ချီး’ ရန်မှကင်းဝေးကြပါစေ။
ဂန္ထဝင်မောင်တူး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar