Breaking News

မိုးမခအက်ဆေး- သုလင်းဝေ "သန်းခေါင်ယံလွတ်လပ်ရေးထဲက အတွေးစများ"


မိုးမခအက်ဆေး
သြဂုတ် ၂၉၊ ၂၀၂၁

"သန်းခေါင်ယံလွတ်လပ်ရေးထဲက အတွေးစများ"
သုလင်းဝေ

ဆရာကြီးမောင်ပေါ်ထွန်းဘာသာပြန်တဲ့ သန်းခေါင်ယံလွတ်လပ်ရေးစာအုပ်မှာ ကျနော့်ရင်ထဲစွဲထင်ကျန်ရစ်ခဲ့တဲ့ အခန်းလေးတစ်ခန်းရှိတယ်။
အဲ့ဒီအခန်းက မဟတ္တမဂန္ဓီ နောက်ဆုံး အစားငတ်ခံဆန္ဒပြတဲ့အခန်းပါပဲ။
ဂန္ဓီကြီးအစာငတ်ခံဆန္ဒပြလို့ တစ်ပတ်ကျော်လာတဲ့အချိန်။
ရေနဲ့ဂျုစ့်လောက်ပဲဝင်တော့တဲ့ အသက် ၈၀ နီးပါး တိုင်းပြည်ဖခင်ကြီးရဲ့ကျန်းမာရေးအခြေအနေစိုးရိမ်နေရကြောင်း အိန္ဒိယနိုင်ငံ နိုင်ငံတော်အသံလွှင့်ဌာနက တပြည်လုံးကို တရားဝင်ကြေညာလိုက်ပါတယ်။
အဲ့ဒါကို ဘုရင်ခံချုပ်ကတော် လေဒီမောင့်ဘက်တန်ကြားတော့ ဟောကီကစားရာက ပြန်လာတဲ့ခင်ပွန်းသည်ကို စိုးရိမ်တကြီးသွားပြောပြီး ဘာဘူးကြီးနေတဲ့ဘီဟာစံအိမ်ကို ချက်ချင်းလိုက်သွားကြတယ်။
စံအိမ်ကိုရောက်တော့ ကြမ်းပြင်ပေါ်မှာ မွေ့ယာလေးနဲ့လှဲလျှောင်းနေတဲ့ဂန္ဓီကြီးနားကို ဖိနပ်ချွတ်ပြီးဝင်သွားတယ်။အနားရောက်တော့ ဘုရင်ခံချုပ်ဇနီး မောင်နှံဟာ ဘာဘူကြီးနားမှာ ဒူးထောက်ထိုင်ချလိုက်ကြတယ်။ ဒီနေရာမှာ အင်္ဂလိပ်တွေရဲ့ဓလေ့တခုကိုပြောပြလိုပါတယ်။ အင်္ဂလိပ်လူမျိုးတွေဟာ
ဘယ်နေရာမျိုးကိုသွားသွား ဖိနပ်ချွတ်လေ့မရှိသလို ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ဖို့ဆိုတာ ပိုခက်ခဲတဲ့ကိစ္စမျိုးပါ။ လော့ဒ်မောင့်ဘက်တန်တို့က ဗြိတိသျှတော်ဝင်မျိုးရိုးဆိုတော့ ဒီလိုပြုမူဆောင်ရွက်ဖို့ဆိုတာ ပိုလို့တောင်ခက်ခဲပါလိမ့်မယ်။
အဲ့လိုခက်ခဲတဲ့ကိစ္စမျိုးကို သူတို့ဇနီးမောင်နှံဆောင်ရွက်နိုင်ခဲ့တာကို ကျနော့်အနေနဲ့အတော် အံ့အားသင့်မိတယ်။
အဲ့သလိုထိုင်ပြီးတော့ လေဒီမောင့်ဘက်တန်ဟာ အားနည်းဖျော့တော့နေတဲ့ ဂန္ဓီကြီးရဲ့မျက်နှာကို စူးစူးစိုက်စိုက်ကြည့်နေတယ်။ အဲ့လိုကြည့်နေရင်းက လေဒီရဲ့မျက်နှာဟာဝမ်းနည်းရိပ်သန်းလာပြီး ထိုင်ရာကရုတ်တရက်ထကာ ဝရန်တာဘက်ကို ခပ်သုတ်သုတ်လေးထွက်သွားပါတော့တယ်။ ဇနီးသည်ရဲ့ မျက်နှာ ရိပ်မျက်နှာကဲကိုသတိထားနေမိတဲ့ မောင့်ဘက်တန်တာ ချက်ချင်းဆိုသလိုပဲ ဇနီးသည်ရှိရာကို လိုက်သွားပါတယ်။ လေဒီ့အနားကို မောင့်ဘက်တန်ရောက် လာတဲ့အချိန်မှာ လေဒီဟာ မောင့်ဘက်တန်ရင်ခွင်ထဲခေါင်းလေးအပ်ပြီး ရှိုက်ကြီးတငင်ငိုပါတော့တယ်။ အဲ့ဒီအချိန်မှာ မောင့်ဘက်တန်ဟာ ဇနီးသည်ရဲ့နောက်ကျောကို လက်နဲ့အသာအယာပွတ်သပ်ပြီး .. "မငိုပါနဲ့လေဒီရယ် လေဒီသိပ်ချစ်တဲ့ ဘာဘူးကြီး မသေနိုင်ပါဘူး" ဆိုပြီး ယုယုယယနှစ်သိမ့်လိုက်တယ်။
ဒီအခန်းလေး ဖတ်ပြီးသွားတော့ ကျနော့်ရင်ထဲ သိမ့်သိမ့်တုန်သွားတယ်။
ပြီးတော့ အတွေးတွေကလည်း ကျနော့်ခေါင်းထဲကို တဒိုင်းဒိုင်းနဲ့ဝင်လာတယ်။


မောင့်ဘက်တန်နဲ့ဂန္ဓီ။ နယ်ချဲ့စိုးမိုးအုပ်ချုပ်ခဲ့သူနဲ့ တော်လှန်ပုန်ကန်မှု၏ဧရာမခေါင်းဆောင်ကြီး။ နိုင်ငံရေးအယူအဆမတူကြသူနှစ်ဦးကြားမှ အပြန်အလှန်တန်ဖိုးထားမှုများ။ တန်ဖိုးထားမှုနဲ့အတူ ပုဂ္ဂလိကခံစားမှုများဖြင့် ချည်နှောင်ထားသောသံယောဇဉ်ကြိုး။ လေဒီမောင့်ဘက်တန်၏ရှိုက်ကြီးတငင်ငိုကြွေးမှု။မောင့်ဘက်တန်၏ "ဘာဘူကြီး" ဟု လှိုက်လှဲစွာခေါ်ဝေါ်လိုက်သော ရင်ထဲမှလာသော စကားသံ။ 

ကျနော် ထိုအတွေးစများကို အပြန်အလှန်ဆက်စပ်နေမိသည်။ အခုဆိုရင် ဒီစာအုပ်ကို ကျနော်ဖတ်ခဲ့ရသည်မှာ ဆယ်စုနှစ်တစ်စုပင် ကျော်ခဲ့ပေပြီ။
ဒီအခန်းလေးကို ပြန်တွေးမိတိုင်း ကျနော့်ရင်သည် သိမ့်သိမ့်တုန်နေဆဲ။
အိန္ဒိယရဲ့သန်းခေါင်ယံလွတ်လပ်ရေးထဲက အတွေးစများသည်လည်း ကျနော့်အတွက် မိုးမဆုံးလေမဆုံး ရှိနေဆဲပင်။

သုလင်းဝေ
28-8-2021
PM 9:24

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar