Breaking News

သီအိုဇော် - ကိုဗစ်ကပ်ဘေး မြန်မာ့အရေးလား ကမ္ဘာ့အရေးလား



သီအိုဇော် - ကိုဗစ်ကပ်ဘေး မြန်မာ့အရေးလား ကမ္ဘာ့အရေးလား

(မိုးမခ) ဩဂုတ် ၅၊ ၂၀၂၁

ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးကို အချိန်နှင့်အမျှ ကြိုးစားရုန်းကန်ဆောင် ရွက်နေသည့်ကြားမှ အများစုမှာတော့ အရင်းအနှီးကြီးစွာ ပေးဆပ်နေရဆဲဖြစ်သည်။ တလှိုင်းပြီးတလှိုင်းကြား သင်ခန်းစာများ ရယူရင်း၊ ပြန်လည်ပြင်ဆင်အားဖြည့်ရင်း ခရီးကြမ်းကိုနှင်နေကြရသည်သာ။ သက်ဆိုင်ရာအ စိုးရများက ပြည်သူများ၏ ငိုရှိုက်ကြေကွဲသံကို တိတ်ဆိတ်သွားစေရန် ကပ်ရောဂါမှလွတ်မြောက်နိုင်ရေး ကိုယ်ချင်းစာတရား အပြည့်ဖြင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားပေးနေကြသည်။မြန်မာနိုင်ငံမှာတော့ အုပ်ချုပ်ရေးတာဝန်ကို အတင်းအဓမ္မ လုယူထားသူများက ပြည်သူများ၏ငိုကြွေးသံများ ပိုကျယ်လောင်လာ စေရန် ဥာဏ်နီဥာဏ်နက် ရှိသမျှသုံး၍ အားသွန်ခွန်စိုက် ကြိုးပန်းနေကြသည့်အတွက် ယဥ်ကျးသောလူ့အဖွဲ့အ စည်းသည် အံ့ဩမကုန်နိုင်ဖြစ်ကာ လက်ခံနိုင်သည့်လုပ်ရပ်မဟုတ်ကြောင်း ထုတ်ဖေါ်ပြောကြားလာကြသည်။

နိုင်ငံတကာမှဝေဖန်အပြစ်တင်မှုများစွာအနက် ခရစ်တိုဖာစီဒိုတီ၏ ပြောကြားချက်အား ကိုးကားလိုပါသည်။ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင် ရှေ့နေတဦးဖြစ်ပြီး ဩစတေးလျနိုင်ငံ လူ့အခွင့်အရေး ကော်မ ရှင်မဟာမင်းကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်သည်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး‌ ကော်မရှင်၏ အဖွဲ့ဝင်တဦးအဖြစ် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ ချိုးဖေါက်ကျူး လွန်မှုများအတွက် တရားစွဲဆိုရန် အစီရင်ခံစာတွင် ပါဝင်အကြုံပြုခဲ့သူတဦးလည်းဖြစ်သည်။ 

လက်ရှိကုလ သမဂ္ဂ၏ အစ္စရေး-ပါလက်စတိုင်း နောက်ဆုံးပဋိပက္ခအတွင်း ကျူးလွန်သောရာဇဝတ်မှုများ စုံစမ်းစစ်ဆေး ရေး ကော်မရှင်အဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ခရစ်တိုဖာစီဒိုတီက “စစ်ကောင်စီသည် ကိုဗစ်ရောဂါအား အထိန်းအကွပ်မရှိ ကူးစက်ပျံ့ပွားစေရန် ခွင့်ပြုခဲ့သည်” ဟု ဆိုခဲ့သည်။ 

မြန်မာနိုင်ငံအတွင်း ထိန်းချုပ်မရဖြစ်နေသော ကိုဗစ်တတိယလှိုင်း အတွက်အဓိကတာဝန်ရှိသူမှာ စစ်ကောင်စီပင်ဖြစ်သည်ဟု ဆိုလိုက်ခြင်းပင်ဖြစ်သည်။ ဥပဒေကျွမ်းကျင်သူ ကုလသမဂ္ဂအဖွဲ့အစည်းနှင့်ပတ်သက်သူတဦးက သံတမန်ဆန် ဆန် သွယ်ဝိုက်ပြောဆိုခြင်း မပြုတော့ပဲ မြန်မာနိုင်ငံသားများ၏ အမြင်ကိုထင်ဟပ်၍ ပြင်းထန်သော အသုံး အနှုန်းကို သုံးစွဲခဲ့ခြင်းဖြစ်သည်။

ကာကွယ်ဆေး၊ကိုဗစ်အရေးနှင့် မကာကွယ်ပေးသောစစ်ကောင်စီ

နောက်ဆုံးထွက်ရှိခဲ့သောအချက်အလက်များအရ ကာကွယ်ဆေးထိုးခြင်းသည် ကိုဗစ်ရောဂါကြောင့် ဆေးရုံ တက်ရောက်ကုသရခြင်းနှင့် အသက်ဆုံးရှုံးရခြင်းကို လျှော့ချကာကွယ်ပေးနိုင်ကြောင်း သိရှိရသည်။ ထို့ ကြောင့် ကာကွယ်ဆေးသည် တစ်ခုတည်းသောအဖြေ မဟုတ်သော်ငြားလည်း ယနေ့ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေး၏ ကျောရိုးဖြစ်လာသည်။ မြန်မာနိုင်ငံကဲ့သို့ပင် ကာကွယ်ဆေးကိုလိုအပ်နေကြသော တိုင်း ပြည်မှာလည်းအများအပြားပင်။ 

သို့ရာတွင် ပြည်သူများ ၏အသက်ကိုတန်ဖိုးမထားသော၊ လူသားတို့၏ရပိုင် ခွင့်ကျန်းမာရေးစောင့်ရှောက်မှုကို မပေးရုံသာမက ကူးစက်မြန် ကိုဗစ်ရောဂါ၏ သားကောင်များဖြစ်စေရန် တွန်းပို့နေသော စစ်ကောင်စီကြောင့် လူသားမျိုး နွယ်စု၏သမိုင်းတွင် မကြုံခဲ့ဘူးသော ကူညီသူမဲ့ မြန်မာ ပြည်သူများ၏ဘဝသည် အခြားနိုင်ငံများမှ သက်ဆိုင်ရာအစိုးရများ၏ ကူညီစောင့်ရှောက်မှု၊စာနာဖေးမမှု ထိုက်သင့်သလောက် ရရှိနေသော ကိုဗစ်ဘေးသင့် ပြည်သူများ၏အခြေအနေထက် နှိုင်းယှဥ်မရအောင်ဆိုး ရွားနေကြောင်း မီးမောင်းထိုးပြရမည်ဖြစ်သည်။ 

သို့မှသာ အရည်အသွေးမီ ကာကွယ်ဆေးများအား မြန်မာ ပြည်သူများအားလုံးအတွက် အချိန်မီ လုံလောက်စွာရရှိရန် လိုအပ်သကဲ့သို့၊ လုံခြုံစွာထိုးနှံခွင့်ရရှိရန်အတွက် ဝိုင်းဝန်းကူညီမှုများပေးကြရန် အရေးကြီးကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းမှ ပိုမိုသဘောပေါက်နားလည် လာကြလိမ့်မည်။

အာဏာသိမ်းမှုသည် စီစဥ်ထားသော ကာကွယ်ဆေးထိုးအစီအစဥ်အား ရပ်တန့်သွားစေရုံမက တတိယလှိုင်း ၏ကာကွယ်ထိန်းချုပ်ရေး ယန္တရားကို ယိမ်းယိုင်ချိနဲ့သွားစေခဲ့သည်ကတော့ အားလုံးမျက်မြင်ပင်။ ဤသို့ဖြစ် ခဲ့ရခြင်းမှာ ပြည်သူအများစုမြင်သကဲ့သို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်‌ကြောင်း အချက်အလက်များဖြင့် သက်သေပြနိုင်ခဲ့လျင် ခရစ်တိုဖာစီဒိုတီ၏ ထင်မြင်ယူဆချက်အား ပိုမိုခိုင်မာအား ကောင်းစေပြီး ယခုအချိန်တွင် မြန်မာပြည်သူများ အထူးလိုအပ်လျက်ရှိသော ကမ္ဘာကြီး၏ အာရုံစူးစိုက်မှု ၊ဂ ရုဏာနှင့်ကူညီပံ့ပိုးမှုကို ပို၍ရရှိနိုင်စေမည်ဖြစ်သည်။ စစ်ကောင်စီ၏ လုပ်ဆောင်ချက်များအား လေ့လာ ကြည့်ပြန်လျင်လည်း မပြေးသော် ကန်ရာရှိခဲ့ပြီး ငြင်းပယ်ရန်ခက်ခဲပါလိမ့်မည်။

ဖြိုဖျက်၍ ပြိုပျက်ခဲ့သောခံတပ်များ

ဗိုင်းရပ်စ်ကပ်ရောဂါသစ်နှင့် ရင်ဆိုင်ရသည့် ကနဦးကာလတိုင်းသည် အစဥ်အဆက် ခုခံစစ်နှင့်သာ ပြန်လည် တုန့်ပြန်ကြရသည်သာ။ ကိုဗစ်သည်လည်း အလားတူပင်၊ အခြေခံအားဖြင့် ကိုဗစ်ရောဂါကာကွယ်ထိန်း ချုပ်ရေးအတွက် ရောဂါ ရှိမရှိ စစ်ဆေးခြင်းဆိုသည့် Test၊ ထိတွေ့သူများအား ခြေရာခံရှာဖွေခြင်းဆိုသည့် Trace၊ ရောဂါပိုးရှိသူများ သို့မဟုတ် ကိုဗစ်ရောဂါရှိနိုင်သူ သံသယလူနာများအား သီးသန့်ခွဲခြား နေထိုင် စေခြင်းဆိုသည့် Isolate ဆို သော ခံတပ်ကြီး ၃ ခုကိုအမာခံပြု၍ ပြည်သူ့ကျန်းမာရေးလုပ်ငန်းစဥ်ဖြင့်သာ သတိရှိရှိ စောင့်ကြည့်တုန့်ပြန်ရပါသည်။

ရှေ့တန်းအကျဆုံး ပထမခံတပ်အတွက် ရောဂါရှာဖွေရေးအရင်းအမြစ်ပစ္စည်းများနှင့် ပြည့်စုံသော နိုင်ငံများက RT-PCR ဓါတ်ခွဲစစ်ဆေးရေးကရိယာများ အလုံးအရင်းသုံးကာ ခိုင်မာလုံခြုံသောခံတပ်ရှည်ကြီးဖြင့် တားဆီး စစ်ဆေးခဲ့ကြသည်။ ဤရှေ့တန်းခံတပ်ကိုထိုးဖေါက်၍ မြို့ရိုးအတွင်းကျော်ဖြတ်ဝင်ရောက်နိုင်ခြင်းမရှိစေရန် ကြိုးစားခဲ့ကြသည်။နောက်ပိုင်းကာလတွင် အချို့နိုင်ငံများက အားနည်းချက်ရှိသော်လည်း မြန်ဆန်သက်သာ သော WHO စံနှုန်းစံထားများနှင့် ပြည့်စုံသည့် Rapid Antigen Diagnostic Test Kit (Ag-RDT) များကိုသုံးကာ ခံတပ်ကိုအားဖြည့်ခဲ့ ကြသည်။

ပထမလှိုင်းနှင့်ဒုတိယလှိုင်းအတွင်း မြန်မာနိုင်ငံ၏အနေအထားဖြင့် စစ်ဆေးမှု ကရိယာများ အစုံအလင် အလျှံ အပယ်သုံးပြီး လုံလောက်သော အကာအကွယ်ပေးနိုင်မည့် ရှေတန်းခံတပ်ရှည်ကြီးကို လုံခြုံစွာမတည် ဆောက်နိုင်ခဲ့သည်ကတော့ အရှိတရားပင်။ သို့သော်လည်း ရရှိနိုင်သမျှသော အရင်းအမြစ်များဖြင့် စစ်ဆေး မှုများပြုလုပ်ရင်း တချိန်တည်းတွင် ထိုးဖေါက်ဝင်လာမည့် ရန်သူများအား အရန် ခံတပ်ငယ်များ၊ကင်းပုန်းစ ခန်းများဟု ခေါ်ဆိုနိုင်မည့် Fever Clinic အခမဲ့ဖျားနာလူနာ ဆေးကုခန်းများကို ဖွင့်လှစ်ပြီး စစ်ဆေးတားဆီး ရေးရှေ့တန်းစစ်မျက်နှာ ကို အားဖြည့်ရင်ဆိုင်ခဲ့ကြသည်။

Fever Clinic များသည် လူထုအတွင်းပျံ့နှံ့နေသည့် သံသယလူနာများကို ရှာဖွေဖေါ်ထုတ်ပေးနိုင်ခဲ့ပြီး ထပ်မံ လိုအပ်သည့် စစ်ဆေးကုသမှုများကိုပြုလုပ်နိုင်ရန်အတွက် ဆေးရုံများ၊ကုသရေးစင်တာများနှင့် ချိတ်ဆက် လွှဲပြောင်းပေးကြသည်။ ထို့ကြောင့် ရပ်ကွက် မြို့ရွာအတွင်း ကူးစက်မှုကိုလျော့နည်း စေခဲ့သလို ပြည်သူ့ဆေး ရုံကြီးများ၏ဝန်ထုတ်ဝန်ပိုးကိုလည်း လျော့ကျစေခဲ့သည်။ဤသို့ဖြင့် မပြည့်စုံမှု စိန်ခေါ်မှုများစွာကြားက ရှေ့ ဆုံးခံတပ်ကြီးသည် ကာကွယ်ထိန်းချုပ်မှုများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ဤဆောင်းပါးသည် အာဏာသိမ်းစစ်ကောင်စီလက်ထက် ထိရောက်စွာ ခုခံတားဆီးနိုင်စွမ်း မရှိတော့သော ရှေ့ဆုံးမှ စစ်ဆေးမှုခံတပ်ပြိုလဲမှု၏အကြောင်းရင်း၊ အကျိုးဆက်များကို အဓိကထား၍ လေ့လာမည်ဖြစ် သည်။ အနာဂတ်လှိုင်းများအတွက် ကြိုတင်ပြင်ဆင်စရာ သင်ခန်းစာယူစရာများလည်း ပါဝင်နိုင်ပါသည်။ ပထ မ စစ်ဆေးမှုခံတပ်အကြောင်း အာရုံစူးစိုက်မှုမည် ဖြစ်သော်လည်း ဒုတိယ‌မြောက်ခံတပ်၏ မြန်ဆန်ထိရောက် သော ထိတွေ့မှုခြေရာခံစံနစ်၊ တတိယခံတပ်ဟု ခေါ်ဆိုနိုင်မည့် မြန်မာနိုင်ငံ၏လူနေမှုစံနစ်နှင့် လိုက်ဖက်သည့် သီးခြားစောင့်ကြည့်ရေးစခန်းများ၊ အစားထိုးမရသော ယာယီကုသရေး စင်တာများ၊ နောက်ဆုံးမြို့ရိုးတံတိုင်း ပမာ ကြံ့ကြံ့ခံကာကွယ်ပေးကြသည့် ကုသရေး အခန်း ကဏ္ဏများ၏အရေးပါမှုတို့ကို ‌လျှော့တွက်ချန်လှပ်လို သောဆန္ဒမရှိကြောင်း ပြောကြားလိုပါသည်။ အကယ်စင်စစ် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်ဖေါ် ပြပါခံတပ်ကြီး ၃ ခုလုံး အချိတ်အဆက်မိမိနှင့် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်သည့်အတွက် လူထု ကြားထိုးဖေါက်ပျံ့နှံ့ ကူးစက်မှုကို လျော့ကျစေနိုင် ခဲ့ပြီး မြို့ရိုးတံတိုင်းမှ အသင့်စောင့်တိုက်ပွဲဝင်နေကြသည့် ကုသရေးမြို့စောင့်တပ်၏ ပြန်လည်ခုခံနှိမ်နင်းမှု အားသာစေခဲ့ကာ ပထမလှိုင်း၊ဒုတိယလှိုင်းအတွင်း ရန်သူ၏ မြို့သိမ်းတိုက်ပွဲ မအောင်မြင်ခဲ့ခြင်းပင်ဖြစ်သည်။

စစ်အာဏာသိမ်းပြီးသည့်နောက်တွင်မူ အခြေအနေအားလုံးပြောင်းလဲသွားခဲ့သည်။ အလွှာစုံ ကဏ္ဏစုံမှ ပြည် သူပြည်သားများက အာဏာသိမ်းစစ်အုပ်စုအပေါ် ယုံကြည်မှု တစိုးတစိမျှမရှိတော့သော အချိန်တွင် ကိုဗစ် တ တိယလှိုင်း၏ရိုက်ခတ်မှုကို ပြင်းစွာခံနေကြရသည်။ ညံ့ဖျင်း၍စေတနာမပါသော စစ်အုပ်စုလက်ထက် ကျန်း မာရေးစံနစ်ယိုင်နဲ့လာသည်မှာ အဆန်းတကြယ်မဟုတ်ဟု ဆိုမှတ်ရတော့မလိုပင်။

လူထုကြား နေ့စဥ်စစ်ဆေးမှု အရေအတွက်သည် အသက်အန္တရယ်ပေးနိုင်သည့် ကူးစက်မြန်ကပ်‌ရောဂါကို ရင်ဆိုင်တိုက်ခိုက်နေသည့် ကာလဟုပင် မထင်မှတ်ရလောက်အောင်နည်းပါးလာခဲ့သည်။ ဇူလိုင်(၃၀) ရက်နေ့ အာဆီယံနိုင်ငံများ၏ လူဦးရေတစ်သန်းအတွက် စစ်ဆေးမှုနှိုင်းယှဥ်စာရင်းအရ မြန်မာနိုင်ငံသည် လာအိုနိုင်ငံ အထက်၊ဒုတိယနောက်ဆုံးမှလိုက်နေသည်။ ထိပ်ဆုံးခံတပ်ကို အားဖြည့်ပေးခဲ့သော Fever Clinic မှ စေတန့ာ ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းများမှာလည်း ဖမ်းဆီးခံရသူ၊ရှောင်တိမ်းနေရသူများ ဖြစ်နေကြ၍ ဤခံတပ် သည် မည်ကာမတ္တသာဖြစ်ခဲ့ရပြီး လူထုကြားကူးစက်ပျံ့ပွားမှုကို မတားဆီးနိုင်တော့ပေ။

ရှေ့ဆုံးမှ Test ဆိုသည့်ခံတပ်က ထိထိရောက်ရောက်မရှိလေတော့ ဒုတိယခံတပ် Trace သည်လည်း ဖရိုဖရဲ၊ နောက်ဆုံးခံတပ် Isolate ကလည်း သက်ဝင်လှုပ်ရှားမှု့အားနည်း၊ဤအကျိုးဆက်များကို အင်အားပြည့်မ လည်ပတ်နိုင်သည့် ကုသရေးပိုင်းကခါးစည်း၍ခံနေရသည်။ ထိုကဲ့သို့အခြေနေရောက်စေရန် ကုသရေးဌာန ကို အားဖြည့်ပေးနိုင်သူများအား မတရားပုဒ်မများတပ်ခြင်း၊ ဖမ်းဆီးအကျဥ်းချခြင်းများပြုလုပ်နေသည် ဟု ပြော မည်ဆိုကလည်း ပြောနိုင်သည်။ကိုဗစ်သည် ကမ္ဘာ့ နိုင်ငံများအတွက် ပုံမှန်အခြေအနေ၌ပင် ကိုင်တွယ် ထိန်း သိမ်းရ ခက်ခဲလှသည်မို့၊ အာဏာသိမ်းစစ်ကောင်စီ၏ ဆင်ခြင်တုံတရား ကင်းမဲ့မှုကိုပါ ပေါင်းစပ် ကြုံတွေ့နေရ သည့် မြန်မာနိုင်ငံအတွက်မူ ဆိုဘွယ်ရာမရှိတော့။

အသံတူအနက်ကွဲ လက်တွဲဖြုတ်မရသည့်”စစ်”

မှတ်မိကြပါလိမ့်အုံးမည်။ကမ္ဘာအနှံ့ ကိုဗစ်စတင်ကူးစက်ပြန့်ပွားချိန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) ၏ ညွှန်ကြားရေးမှူးချုပ် Dr Tedros Adhanom Ghebreyesus ပြောကြားချက် Test Test Test ဟုအစချီသော သတိပေး ညွှန်ကြားချက်ကိုပါ။ နိုင်ငံအားလုံးကို ရည်ရွယ်ပြီး သံသယရှိသူတိုင်းကို စမ်းသပ်စစ်ဆေးရန် တိုက် တွန်းခဲ့ခြင်းဖြစ်သည်။ အတိအကျဆိုရလျင် ၂၀၂၀ ခုနှစ် မတ်လ (၁၆) ရက်နေ့တွင်ပြောကြားခဲ့ခြင်းဖြစ်ပြီး တ ပတ်အကြာ မတ်လ (၂၃)ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ကိုဗစ်လူနာကို ဓါတ်ခွဲစမ်းသပ်တွေ့ရှိခဲ့သည်။ ဤအကြံပေးချက်သည် လက်တွေ့ကျသည်ဟုဆိုနိုင်ပြီး ကိုဗစ်ရောဂါပိုးရှိသူတစ်ယောက် စစ်ဆေးခံရခြင်းမရှိ ပဲလွတ်ထွက်ခဲ့လျင် ထိုသူမှတဆင့် နောက်ထပ်လူပေါင်းများစွာ ဆင့်ကဲကူးစက်သွားမည်ဖြစ်သည်။ ထို့ ကြောင့်ပင် ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးခြင်းသည် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ထိုစဥ်မှ သည် ယနေ့ အချိန်ကာလအထိ အဓိကဒေါက်တိုင်အဖြစ် ရှိနေဆဲပင်။ နေ့စဥ်ပိုးတွေ့လူနာသစ် ၅ ရာခိုင်နှုန်း အောက်ရောက်သွားသည်အထိ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ရမည် ဖြစ်ကြောင်းကိုလည်း WHO ကတိုက် တွန်းညွှန်ကြားထားသော်လည်း လက်ရှိပထမခံတပ်၏စစ်ဆေးမှုအရေအတွက်များက ကျေနပ်ဖွယ် ကောင်း သည့် အရေအတွက်သို့ ရောက်ရှိမလာသေး။

ဤထိပ်ဆုံးခံတပ်အား မည်သည့်အတွက်ကြောင့်ပို၍အရေးတယူလုပ်နေရသနည်း ဆိုသည့်အကြောင်းကို အနည်းငယ်ထပ်ရှင်းပြလိုပါသည်။ ကိုဗစ်၏သဘောသဘာဝအရ ပိုးရှိသူတိုင်း ရောဂါ လက္ခ ဏာမပြပါ၊ တညီတညွတ်တည်း လက်ခံထားကြသည့် အချိုးအစား အတိအကျမပေါ်ထွက်သေးသော်လည်း ပိုးတွေ့သူ ၅ယောက် တွင်၁ယောက် သို့မဟုတ် ၄ယောက်တွင် ၁ ယောက်သည် ရောဂါလက္ခဏာမပြကြသူ များဟု အနီး စပ်ဆုံး ကောက်ချက်ချထားကြပါသည်။။၃၀ - ၅၀ရာခိုင်နှုန်း ပတ်ဝန်းကျင် လက္ခဏာမပြဆိုသည့် သုတေသန စာ တမ်းများလည်းရှိပါသည်။ အစောပိုင်းကာလတွင် WHOက ၅ - ၈၀ ရာခိုင်နှုန်းကြားဟုပင်မှတ်တမ်းတင်ခဲ့ ဖူး ပါသည်။ ဆန်းစစ်လေ့လာတွေ့ရှိမှုများ၏ ကိန်းဂဏန်း ရလဒ်များမတူညီကြသော်လည်း၊ ပိုးရှိသူတိုင်းရောဂါ လက္ခဏာမပြဆိုသည်ကိုတော့ သဘောတူညီမှုရှိကြပါသည်။

မြန်မာနိုင်ငံတွင်လည်း ပိုးတွေ့လူနာများ၏ ၇၀ရာခိုင်နှုန်းသည် ရောဂါလက္ခဏာမပြသူများဖြစ်ကြသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ၂၀၂၀ခုနှစ်စက်တင်ဘာလအတွင်းက အင်တာဗျူးတခုတွင် ပြောကြားခဲ့ဖူးသည်။အကယ်၍ ရောဂါလက္ခဏာမပြသူသည် စစ်ဆေးခံရခြင်းမခံရပါက ထိုရောဂါပိုး ရှိလူ နာသည် သူ၏နေအိမ်တွင်သာမက ရပ်ကွက်ထဲ၊ မြို့နယ်ထဲ နေရာအနှံ့ သတိမမူမိပဲ လူကောင်းပမာ လွတ် လွတ်လပ်လပ် သွားလာ နေထိုင်မှာဖြစ်သည့်အတွက် ထိတွေ့မှုများစွာဆက်ရှိနေပြီး အချိန်နှင့်အမျှကူးစက် ပျံ့နံ့မှုကို ဖြစ်စေပါလိမ့်မည်။ 

ထို့ကြောင့် Test Trace Isolate လုပ်ငန်းစဥ်တွင် Test သည် အဓိက အကျဆုံး ဟု လက်ခံထားကြခြင်းဖြစ်သည်။ လုံလောက်သည့် စစ်ဆေးမှုအရေအတွက် မရှိပဲ လက်ရှိဖြစ်နေသည့် ရောဂါ ကူးစက်မှုကွင်းဆက်အား ဖြတ်တောက်နိုင်ဖို့ဆိုသည်မှာ မလွယ်ကူပါ။ ထို့အပြင် စစ်ဆေးမှု ထိရောက်မှုရှိ မရှိ ဆိုခြင်းသည် စတင်စစ်ဆေးမှုပြုလုပ်သောအချိန်ပေါ်တွင်လည်း လွန်စွာမူတည်သည်။ ကပ်ရောဂါ ကျွမ်းကျင် သူများ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များက ကနဦး ကူးစက်မှု နည်းပါးဆဲကာလတွင် အရေအတွက် မြောက်များစွာ နေ့စဥ်စစ်ဆေးနိုင်ပါက ထပ်မံကူးစက်ပျံ့ပွားမှုကို နှေးကွေးသွားစေနိုင်သည်ဟု ယုံကြည်လက် ခံထား ကြသည်။

နေ့စဥ်စစ်ဆေးမှု၏အရေးပါမှုကို ကောင်းစွာသဘောပေါက်ကြသည့်အတွက် ကာကွယ်ဆေးထိုးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ထိုးလျက်ရှိသော နိုင်ငံများတွင်လည်း စစ်ဆေးမှု့ကို တိုးမြှင့်ဆောင်ရွက်နေကြဆဲပင်။ဩ ဂုတ်လ(၂)ရက်နေ့ စာရင်းအရ ယူကေနိုင်ငံသည် အသက်(၁၈) နှစ်အထက်အရွယ်ရောက်သူ လူဦးရေ၏ ၇၃ ရာခိုင်နှုန်းအား ကာကွယ်ဆေးအပြည့်ထိုးပြီး ဖြစ်ပြီးသော်လည်း ထိုနေ့၏နေ့စဥ်စစ်ဆေးမှု စုစုပေါင်းသည် ကာကွယ်ဆေး မစတင်မီ နောက်ဆုံးနေ့ရက် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၇) ရက်နေ့အတွက် စစ်ဆေးမှုထက် ၃.၅ ဆနီးပါး ပိုများနေဆဲ ဖြစ်ကြောင်းကိုတွေ့ရသည်။

ခေါင်းလောင်းလေးတွေမြည်ခဲ့သည် မည်သူမှလည်းတေးမဆိုနိုင်တော့

အထက်ပါအချက်များကိုကြည့်လျင် နေ့စဥ်စစ်ဆေးမှုအခန်းကဏ္ဏ၏အရေးကြီးမှုကို ထင်ရှားစွာတွေ့မြင်နိုင် သည်။ မြန်မာနိုင်ငံအတွက် အချက်‌ပေးခေါင်းလောင်းသံ(၂)ချက်ကို ကြားခဲ့ရသည်။ 

ပထမအကြိမ်မှာဇွန်လ(၃) ရက်နေ့ ဖြစ်ပြီး ထိုနေ့က Alpha variant ၂ ဦး၊ Delta variant ၅ဦး တွေ့ရှိခဲ့သည်။ 

သို့သော်လည်း ဇွန်လ(၄) ရက်နေ့ ထုတ်ပြန်ချက်အရ စိုးရိမ်စရာမျိုးကွဲများတွေ့ရှိလာပြီးသည့်တိုင် နမူနာ ၁၇၇၈ခု သာစစ်ဆေးခဲ့ ကြောင်းသိရှိရသည်။ 

ဒုတိယအကြိမ်ခေါင်းလောင်းသံကတော့ ဇွန်လ(၂၈) ရက်နေ့က ဖြစ်ပါသည်။ ထိုနေ့တွင် ပိုးတွေ့လူနာသစ် တွေ့ရှိမှု ရာဂဏန်းမှ ဂဏန်း(၄)လုံး ထောင်ဂဏန်းသို့ စတင်ပြောင်းခဲ့သည်။ နမူနာ ၆၅၈၆ခု စစ်ဆေးရာမှာ ၁၂၂၅ဦး ပိုးတွေ့ရှိခဲ့သည်။ 

ယင်းနောက် ပိုးတွေ့လူနာများ တနေ့ထက်တနေ့ ပိုတွေ့ရှိလာသော် လည်း ဇူလိုင်လ(၄)ရက်နေ့‌သို့ ရောက်မှသာ နမူနာ ၁၀၃၇၈ ဖြင့် သောင်းဂဏန်းအရေအတွက် စစ်ဆေးမှုကို စတင်ခဲ့နိုင်ပြီး ထိုနေ့က ပိုးတွေ့လူနာသစ် ၂၃၁၈ဦး၊ ရာခိုင်နှုန်းအားဖြင့် ၂၂ ရာခိုင်နှုန်းဖြစ်လာခဲ့သည်။ အာဏာမ သိမ်းမီ ဇန်နဝါရီလ တစ်လတာအတွက် ပျမ်းမျှတစ်နေ့တာစစ်ဆေးမှုသည် ၁၈၅၄၅ ဖြစ်ပြီး တတိယလှိုင်း၏ ဒဏ် ပြင်းထန်စွာခံစားရသည့် ဇူလိုင်လ တစ်လတာအတွက် ပျမ်းမျှတစ်နေ့တာစစ်ဆေးမှုသည် ၁၃၇၁၄ သာ ဖြစ်ခဲ့သည်။

ဤသို့ဖြင့် နေ့စဥ် လွတ်ထွက်သွားသောဗိုင်းရပ်စ်ပိုးကိန်းဂဏန်းများက အင်အားနည်း ဒုတိယခံတပ်၊ တတိယ ခံတပ်တို့ကို အလွယ်တကူ ကျော်ဖြတ်ခဲ့ပြီးသည့်နောက် အရေအတွက် အဆမတန်များပြားလာ၍ မြို့ရိုးတံ တိုင်းမှ စောင့်ကြိုခုခံကြသည့် ကုသရေးတပ်ဖွဲ့တို့ တွန်းလှန်တိုက်ထုတ်ရန် ဝန်နှင့်အားမမျှတော့။ ထိရောက် သော စစ်ဆေးမှုအရေအတွက်မရှိခဲ့ခြင်း၊ အစုအလိုက်ပိုးတွေ့သူများ ထိတွေ့ခဲ့ သူများကို ခြေရာခံ မလိုက်နိုင် ခြင်း၊ ပိုးတွေ့လူနာများ၊ ထိတွေ့လူနာများအတွက် လုံလောက်သော ကွာရန်တင်း စင်တာ၊ကုသရေး စင်တာများ အချိန်မီ စီစဥ်ပေးမထားနိုင်ခဲ့ခြင်းတို့၏နောက်ဆက်တွဲကတော့ နေ့စဥ်ကူးစက်မှု နှင့် သေဆုံးမှု များ တ‌စ်နေ့ ထက်တစ်နေ့ စိတ်ဒဏ်ရာရလောက်အောင် ဒီရေအလား တိုးလာခဲ့ခြင်းပင်။

အမေးရှိလျင်အဖြေရှိရမည်

မည်သည့်အတွက် နေ့စဥ်စစ်ဆေးမှုအရေအတွက် လျော့နည်းခဲ့ရသနည်း ဆိုသည့် မေးခွန်းဖြင့်စလိုက်ချင်ပါ သည်။ CDMကြောင့်ဟုတော့ လက်ညှိုးထိုး ခေါင်းရှောင်၍မရနိုင် ဆိုသည်ကို ပြန်လည်ရှင်းပြလိုပါသည်။ လက်ရှိမြန်မာနိုင်ငံတွင် RT-PCR ၊ GeneXpert၊ Rapid Diagnostic Tests (Ag-RDT) စစ်ဆေးနည်း၃မျိုးကို အ သုံးပြုလျက်ရှိသည်။ PCR ဖြင့်ဓါတ်ခွဲစစ်ဆေးနိုင်မှုသည် ကိုဗစ်အစကာလများထက် ပို၍များပြားလာသော် လည်း အချိန်နှင့်ကုန်ကျစားရိတ်ပိုမို သက်သာသော Ag-RDT များကို နေ့စဥ်စစ်ဆေးမှုများတွင် အဓိကထား သုံးနေကြရသည်။ Ag-RDT အတွက် PCR test ကဲ့သို့ အချိန်နာရီ ပေါင်းများစွာ အကုန်ခံပြီး ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်ပေးရန် မလိုအပ်သည့်အတွက် လူ့အရင်းအမြစ် ရှားပါး ခက်ခဲမှုကြောင့်ဟုဆို၍မရ။ အာဏာသိမ်း ပြီးချိန်မှ ၄လကျော် ၅လအတွင်း ရောက်မှသာ ကိုဗစ်တတိယလှိုင်း ပြင်းစွာရိုက်ခတ်ခဲ့သည်ဖြစ်၍ ကြိုတင် ပြင်ဆင် သင်တန်းပေးရန် အချိန်ရှိခဲ့သည်။ပြောရမည်ဆိုလျင် မြန်မာနိုင်ငံသို့ ထို Test Kit မျိုးကို လှုဒါန်း ရောင်း ချခဲ့သော Humasis ကုမ္ပဏီသည် စစ်ဆေးခံမည့်သူများ လွယ်ကူစေရန်ပြုလုပ်ထားသည့် အတွက် မိခင် ကုမ္ပဏီတည်ရှိရာ ကိုရီးယားတွင် စတိုးဆိုင်များ၌ပင် ရောင်းချပေးနေသည်။ 

Ag-RDT စမ်းသပ်မှုသည် ပညာ ပေးလုပ်ငန်းများ အင်တိုက်အားတိုက်လုပ်၍ လူထုအား သတင်းစကားပေးနိုင်သည့် စမ်းသပ်နည်းမျိုးလည်း ဖြစ်သည်။ ကိုယ်ဝန်ဆောင်ရှိမရှိ စစ်ဆေးခြင်းနှင့် သဘောသဘာဝ ဆင်တူသော Ag-RDT test kit တစ်မျိုးဖြစ် သည့် ယူကေနိုင်ငံ၏ lateral flow test kit အား အိမ်တွင်စစ်ဆေးလိုပါက စစ်ဆေးနိုင်ရန် မီဒီယာများမှတဆင့် ပညာပေးသည်ကိုလည်း အတုယူနိုင်သည်။ ဆန္ဒရှိလျင် နည်းလမ်းများဖွေရှာ၍ အခက်အခဲများကို ကျော် ဖြတ်နိုင်ပါသည်။

GeneXpert ဓါတ်ခွဲစစ်ဆေးမှုကိရိယာသည် မူလက ဆေးယဉ်ပါးတီဘီရောဂါရှာဖွေရေးအတွက်တိုင်းနှင့်ပြည်နယ်ဆေးရုံ ၂၇ရုံတွင်တပ်ဆင်အသုံးပြုထားခြင်းဖြစ်သည်။ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရေးအတွက် သင်တန်းပေးမည်ဆို ပါက နာရီပိုင်းမျှနှင့်ပင် နားလည်တတ်မြောက်နိုင်သည့် ဓါတ်ခွဲကိရိယာငယ်ဖြစ်သည်။

စစ်ဆေးနိုင်သည့် နမူနာ အရေအတွက်မှာ တပ်ဆင်ထားသော ကိရိယာ၏စွမ်းဆောင်နိုင်မှုအရ ကွဲပြားသည်။ဥပမာပြရလျင် စစ်တွေ ဆေးရုံသို့ Global Fund က United Nations Office for Project Services (UNOPS) မှတဆင့် လှူဒါန်းထား သော GeneXpert 16 module သည် နမူနာ ၁၆ခုကို ၄၅မိနစ်အတွင်းစစ်ဆေးနိုင်သည်။ Global Fundသည် စစ်တွေ ဆေးရုံသို့ GeneXpert 16- module ၂လုံး၊ GeneXpert 2- module ၁လုံးလှူထားသည့်အတွက် Xpert Xpress SARS-CoV-2 cartridge ကိုအသုံးပြု၍ နမူနာ ၃၄ခုအား တစ်နာရီအတွင်း စစ်ဆေးပေးနိုင် သည်။ ဤစက်များသည်လိုအပ်လျင် ၂၄နာရီ ဆက်တိုက်စစ်ဆေးနိုင်သည့်အတွက် တနိုင်ငံလုံး ၂၇နေရာ တွင် စစ်ဆေးနိုင်သည့် အရေအတွက်ကိုခန့်မှန်းနိုင်ပေသည်။ ဤသို့အသေးစိတ်တွက်ပြရခြင်းမှာ GeneXpert စက်များဖြင့် မြန်မာတစ်နိုင်ငံလုံး ဇူလိုင်လအတွက် စုစုပေါင်း ၁၇၅၁ခု (တစ်နေ့တာပျမ်းမျှ ၅၆ခု) သာ စစ်ဆေးထားသည် ကိုတွေ့ရှိသောကြောင့်ဖြစ်သည်။

ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းများတွင် အမျိုးသားကျန်းမာရေးဓါတ်ခွဲခန်း (NHL)နှင့် ဆေးသုတေသနဌာန (DMR) တို့၏မနားမနေ ဓါတ်ခွဲစမ်းသပ်ပေးမှုများသည် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် လွန်စွာ အ ထောက်အကူပြုခဲ့သည်။ အစပိုင်းကာလတွင် ယနေ့ကဲ့သို့ ကျွမ်းကျင်အင်အား များစွာသုံးရန် မလိုပဲ တစ်ရက် လျင် နမူနာအရေအတွက် ထောင်နှင့်ချီ၍ စစ်ဆေးနိုင်သော Roche Cobas 6800 အလိုအလျောက်ဓါတ်ခွဲ စမ်းသပ်စက်လည်း မရှိသေး၍ PCR စစ်ဆေးမှု များ နေ့နေ့ညည ဆက်တိုက်ပြုလုပ်ရသည်မှာ မလွယ်ကူလှ ပါ။ အခြား Roche Cobas 6800 စက်ရှိ သော နေရာများမှာ ရန်ကုန် အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်၁၀၀၀)နှင့် နေပြည်တော် အမှတ်(၂) တပ်မ တော်ဆေးရုံကြီး (ခုတင်၁၀၀၀)တို့ဖြစ်သည်။ တတိယလှိုင်း ဒဏ်ကြီးစွာခံခဲ့ရသည့် ဇူလိုင်လအတွက် တစ်နိုင်ငံလုံး ဓါတ်ခွဲစမ်းသပ်ခဲ့မှု စုစုပေါင်းသည် လုပ်ဆောင်နိုင်သည့် အရေအတွက်ထက် လျော့နည်းခဲ့သည်ကတော့ မေးခွန်းထုတ်စရာပင်။

စစ်ဆေးနိုင်သည့် ဓါတ်ခွဲစက်ကိရိယာများ၊ လွယ်ကူမြန်ဆန်သည့် test kit များကို သင့်တင့်လျောက်ပတ်သော လူ့အရင်းအမြစ်ကို သုံး၍ လက်ရှိအရေအတွက်ထက် များပြားသောစစ်ဆေးမှုများပြုလုပ်နိုင်သည်ကို ဖေါ်ပြ ခဲ့ပါသည်။ ကူးစက်နှုန်း ဤမျှမြန်ဆန် များပြားနေလျင် နေ့စဥ်စမ်းသပ် စစ်ဆေးမှု့များ တိုးမြှင့် ပြုလုပ်ရမည်ကို ကျွမ်းကျင်သူပညာရှင်များက‌တော့ သဘောပေါက်ပြီးဖြစ်၍ လုပ်ဆောင်ရန် ဆန္ဒရှိကြမည်သာ။ 

ဆန္ဒရှိလျက် နှင့်တိုးချဲ့စစ်ဆေးမှုများ မလုပ်ဖြစ်ခဲ့ကြပါဆိုလျင်တော့ ဆန္ဒမရှိသော လွန်ဆန်၍မရသည့် အဖွဲ့အစည်းတရပ် ရပ် သို့မဟုတ် ပုဂ္ဂိုလ်တဦးဦးထံမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍‌သော်လည်းကောင်း ဖိအားများ ပေးလာ၍ မတိုးမြှင့်ခဲ့မိခြင်းဟု မှတ်ယူစရာပင်။

သို့တည်းမဟုတ် စစ်ဆေးမှုတိုင်းသည် ကုန်ကျမှုများလည်းဖြစ်သည်ဟု နားလည်သူများက ချွေချွေတာတာ စစ်ဆေးရန်များ ညွှန်ကြားထားကြလေသလား။အကယ်၍အသုံးပြုရင်း လက်ကျန်ပစ္စည်းများလျော့နည်း လာ ပါကလည်း လက်ရှိအနေအထားတွင် ကူးစက်မြန်ကိုဗစ်ရောဂါ ထက် ပိုဆိုးရွားသည့်ကပ်ရောဂါမျိုး မရှိလေ တော့ အချိန်မီဝယ်ယူဖြည့်တင်းပေးရမည်သာဖြစ်သည်။ 

ဝယ်ယူရန် ငွေကြေးအခက်အခဲများရှိများနေသ လား ဆိုပြန်တော့လည်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သော မတ်စ်အင်ဒရူး မေးမြန်းခဲ့သလို အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှရရှိထားသည့် အမေရိကန် ဒေါ်လာ သန်း ၃၅၀ အား မည်သည့်နေရာတွင် သုံးစွဲနေပါသလဲ ဟုဆိုရမလိုပင်။ 

အတိအကျဆိုရလျင် IMF မှ ၂၀၂၀ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် အမေရိကန်ဒေါ်လာ သန်း ၃၅၆.၅ ကို ပထမအကြိမ် နှင့် ၂၀၂၁ ခုနစ် ဇန်နဝါရီလ (၁၃) ရက်နေ့တွင် အမေရိကန်ဒေါ်လာ သန်း ၃၇၂.၄ ကို ဒုတိယအကြိမ်၊ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၇၂၈.၉ ကို ကိုဗစ်နှင့်ပတ်သက်သည့်နေရာများတွင်အသုံးပြုရန် အတည်ပြုထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ဘဏ် (World Bank)မှလည်း အမေရိကန်ဒေါ်လာသန်း ၅၀ ကို ကျန်းမာရေးလုပ်ငန်းဆိုင်ရာ Myanmar Covid-19 Emergency Response Project အတွက် ၂၀၂၀ခုနှစ် ဧပြီလ အတွင်းကထုတ်ချေး ပေးခဲ့သည်။ ဤစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈သန်းကိုလည်း သီးခြားကူညီထောက်ပံ့ ခဲ့သေးသည်။ အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ မြန်မာနိုင်ငံသူ နိုင်ငံသားများ ထည့်ဝင်လှူဒါန်းမှုများ ကလည်းမနည်းလှ။တနည်းအားဖြင့်ဆိုသော် ပြည်သူများ၏ အသက်ကို တန်ဖိုးထားသူများ အတွက်ဆိုလျင် တော့ ကိုဗစ်နှင့်ပတ်သက်သည်များတွင် လိုအပ်သလိုအသုံးပြုနိုင်သည့် ငွေကြေးပမာဏများ ကျန်ရှိနေဆဲဟု ပြောရမည်ပင်။ အချုပ်အားဖြင့်ဆိုရလျင် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ယန္တရားတစ်ခုလုံး ပြို ပျက်လဲကျမှုသည် အာဏာသိမ်းစစ်ကောင်စီ၏ တာဝန်သက်သက်သာ ဖြစ်သည်ဆိုသည်မှာ ထင်ရှားသည်။

COVID-19 ဖြစ်ပွားစေသည့် SARS-CoV-2 ဗိုင်းရပ်စ်သည် ဆေးပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ ကပ်ရောဂါ ဗေဒကျွမ်းကျင်သူများ၊ ကာကွယ်ဆေးထုတ်လုပ်ရေးကျွမ်းကျင်သူများ အစသဖြင့် နယ်ပယ်အသီးသီး အတွက် အသစ်ပမာရှိနေဆဲဖြစ်၍ ရာခိုင်နှုန်းပြည့် အာမခံချက်၊ ခန့်မှန်းတွက်ဆချက်များကို မည်သူ မျှမပေးနိုင်ကြသေးသော အချိန်လည်းဖြစ်သည်။ သို့ရာတွင် ဤဗိုင်းရပ်စ်ပိုး အချိန်ကာလကြာမြင့်စွာ ကူးစက် ပျံ့နှံ့မနေမှသာ လျင် မျိုးဗီဇကွဲအသွင်ပြောင်းမှုကို နှေးကွေးစေနိုင်ပြီး လက်ရှိထုတ်လုပ်အသုံးပြုနေသော ကာ ကွယ်ဆေးများ ၏ စွမ်းရည်ကို လျော့ကျမသွားစေနိုင်ဟု အားလုံးကလက်ခံသဘောတူထားကြသည်။

မြန်မာနိုင်ငံသည် လက်ရှိဖြစ်ပွားနေသော ကိုဗစ်ရောဂါကို နိုင်နင်းအောင် မထိန်းချုပ်နိုင်ပါက မြန်မာနိုင်ငံနှင့် ထိစပ်နေသော နိုင်ငံများ၏စုစုပေါင်း လူဦးရေ ၃.၁ ဘီလီယံပတ်ဝန်းကျင်အား အဦးဆုံး ခြိမ်းခြောက်လာမည် ဖြစ်ပြီး ဗိုင်းရပ်စ်မျိုးကွဲသစ် ပေါက်ဖွားခဲ့လျင်မူကား ဆိုဖွယ်ရာမရှိတော့ပေ။

 မျိုးကွဲ ဗိုင်းရပ်စ်များ၏ အန္တရယ် ကမသေးလှ၊ ဥပမာအားဖြင့် ယူကေနိုင်ငံတွင် စတင်တွေ့ရှိခဲ့သော Alpha မျိုးကွဲ၏ ကူးစက်နိုင်စွမ်းသည် ဝူဟန်မြို့မှ မူလပထမ SARS-CoV-2 ဗိုင်းရပ်စ်ထက် ၅၀-၆၀ ရာခိုင်နှုန်းပိုများသည်။ အလားတူစွာပင် အိန္ဒိယ မှ Delta မျိုးကွဲသည် Alpha မျိုးကွဲထက် ကူးစက်နိုင်စွမ်း ၅၀-၆၀ ရာခိုင်နှုန်းပိုများလေသည်။ဤသည်ကို ကြည့်လျင် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးသည် ကမ္ဘာသူကမ္ဘာသားအားလုံး၏အနာဂတ်နှင့်သက်ဆိုင် နေကြောင်း ငြင်းပယ်၍မရနိုင်ပေ။သို့အတွက် မြန်မာ့ကိုဗစ်အရေးသည် ကမ္ဘာ့အရေးလည်းဖြစ်နေသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လေးလေးနက်နက် နားလည်သဘောပေါက်ကာ ဝိုင်းဝန်းကူညီ အဖြေရှာကြ ရမည် ဖြစ်သည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar