Breaking News

မိုးဖွဲ့တိမ် - မြက်စားပွဲတော်


www.vectorstock.com
မြက်စားပွဲတော်
မိုးဖွဲ့တိမ်
(မိုးမခ) ဩဂုတ် ၅၊ ၂၀၂၁

(အခန်း-၂)

ကျွန်တော်သတိထားမိတဲ့အချိန်မှာတော့တော်တော်ကို နောက်ကျနေပါပြီ။ ကျွန်တော့်အခန်းမှာ ကျွန်တော့်အတွက် နေစရာတောင်သိပ်မကျန်တော့သလောက်ပါပဲ။ ဒီကောင်တွေဘယ်ကဘယ်လိုဝင်လာတာလဲဆိုတာစဉ်းစားလို့ကိုမရတာ။ အပေါက်ရှိရင်တော့ရေယိုမှာပဲ။ သေချာတယ်။ ဒါပေမယ့်ဒါကမိုးရေယိုတဲ့ကိစ္စမျိုးမှမဟုတ်တာ။ တော်ရုံလူဆိုဒီပြဿနာမျိုးက အကြီးကြီးဖြစ်သွားနိုင်တယ်။ လူမှုကွန်ရက်ပေါ်တင်တာတို့ဘာတို့ကနေတရားရုံးရောက်ဘာရောက်ဆိုတဲ့အဆင့်ထိ ဖြစ်နိုင်ခြေရှိသေးတယ်။ ခေတ်ကြီးကလည်းတရားစွဲတမ်းကစားနေသလားမှတ်ရတယ်။ ကိုယ့်ပါးစပ်ကိုအပ်နဲ့ချုပ်ပြီးတိပ်နဲ့ကပ်ထားရမလိုပါပဲ။ ဒါ့ကြောင့်ဒီကောင်တွေကျွန်တော့်အခန်းထဲရောက်နေတာကိုကျွန်တော့်မှာငြိမ်ငြိမ်လေးထိုင်ကြည့်နေရတယ်။ ဘာမှမတတ်နိုင်ဘူးလေ။ မြို့ပြထဲကလူနေတိုက်ခန်းတွေထဲကို အသားစားတိရိစ္ဆာန်တွေရောက်နေတယ်ဆိုတာ ပြစ်မှုမြောက်နိုင်တာကိုး။ တကယ်တော့လည်း လူဆိုတာမိခင်ဝမ်းထဲကထွက်လာကတည်းကိုက အပြစ်တွေကရှိနေတာပါ။ မပြောလို့သာမပြောကြတာ။ အပြစ်ရှိရုံနဲ့ပြစ်မှုမြောက်တာမျိုးတော့လည်းမဟုတ်ဘူးဗျ။ အဲ ဒီပြစ်မှုဆိုတာကြီးကလည်းမုန်းဖို့ကောင်းလှပါတယ်။ ကိုယ့်အိမ်ထဲမှာဆေးခြောက်ချတာကအစ ပြစ်မှုကမြောက်ချင်မြောက်နေတာ။

ဆေးခြောက်ဆိုတာကတော့နိုင်ငံတကာမှာတရားဝင်ဝယ်လို့ရတဲ့နိုင်ငံတွေတောင်ရှိနေပြီပဲဗျ။ ကျွန်တော်တို့ဆီမှာတော့ ဒါကိုခိုးကြောင်ခိုးဝှက်ဝယ်ပြီးသောက်နေရသေးတယ်။ ဆေးခြောက်ကအရက်ထက်ယဉ်ကျေးတယ်ဆိုတာ သောက်ဖူးသူတိုင်းသိတာပဲဗျာ။ ဆေးခြောက်ဟာကွဲလာပြီးဆိုရင် အစားတွေနင်းကန်စားပြီး တဟားဟားရယ်တော့တာ။ ဘယ်လောက်ပျော်စရာကောင်းတဲ့အဖြစ်မျိုးလဲဗျ။ ဘယ်သူ့ကိုမှလည်းရန်မလုပ်ဘူး။ ပြဿနာမရှာဘူး။ တကယ်ချစ်ဖို့ကောင်းတဲ့သဘာဝကပေးတဲ့စွမ်းရည်မြင့် လူသားပျော်ဆေးဗျ။ ဒါကိုပဲမူးယစ်ဆေးကြီးတခုလိုပြစ်မှုမြောက်နေတာကိုက အထာကမကျဘူးရယ်။

မွေးကင်းစကလေးငယ်လေးတယောက်ကိုဆေးခြောက်ထုပ်ကြီးတထုပ်နဲ့လမ်းဘေးမှာပစ်ချထားရင် ဘယ်သူမှခေါ်ပြီးမွေးစားမှာမဟုတ်ဘူး။ ဘာ့ကြောင့်ဆိုဒီကလေးဟာဆေးခြောက်ကုန်သည်ဖြစ်နေနိုင်တာကိုး။ ဒါဟာတော်တော်ရယ်စရာကောင်းတဲ့ကိစ္စဗျ။ မွေးကတည်းကကျွန်တော်တို့မှာအပြစ်တွေရှိနေတယ်ဆိုတာအဲဒါမျိုးကိုပြောတာ။ ဆေးခြောက်ထုပ်ကြီးနဲ့ကလေးငယ်တယောက်ဟာ ပြစ်မှုကသေချာပေါက်ရှိနေမှာသေချာတယ်။ အဲဒီဆေးခြောက်ထုပ်ဆိုတာနိုင်ငံတော်လုံခြုံရေးက ဗိုလ်ချုပ်ကြီးတယောက်ရဲ့ဆေးခြောက်တွေဆိုပါစို့။ အဲဒီဗိုလ် ချုပ်ကြီးကလည်း လမ်းကြောင်းကားနဲ့သွားရင်းလာရင်း လူပြတ်တဲ့လမ်းဘေးတနေရာအရောက် ဆေးကွဲပြီး ဆေးခြောက်ထုပ်ကိုလွှင့်ပစ်ခဲ့မယ်ဗျာ။ အဲဒီဆေးခြောက်ထုပ်ဟာ ကံဆိုးရှာသူစွန့်ပစ်ခံကလေးငယ်ရဲ့အနှီးထုပ်နားလေးကိုကျသွားမယ်ဗျာ။ ညသန်းခေါင်ရောက်မှစိတ်ကူးပေါက်ပြီး ဘေးပေါက်ရှာတဲ့ပတ်တယောင်ဆိုတဲ့ရဲတွေကများ ဒီကလေးကိုဆေးခြောက်ထုပ်ကြီးနဲ့ လက်ပူးလက်ကြပ် မိလိုက်ပြီဆိုပါစို့။ ကဲနောက်ဆက်တွဲတွေကို စဉ်းစားသာကြည့်ပေရော။

ကျွန်တော်မစဉ်းစားချင်တာတွေထဲမှာအဲဒီလိုကိစ္စမျိုးတွေလည်းပါတယ်။ လူဖြစ်ရတာသိပ်အထာကမကျဘူး။ ကျွန်တော်ဟာ ဆေးခြောက်ထုပ်ကြီးနဲ့စွန့်ပစ်ခံရတဲ့ ကလေးငယ်တယောက်ဖြစ်ခဲ့မယ်ဆိုပါစို့။ ကျွန်တော့်အနာဂတ်ကသွားပြီဗျ။ နာမည်ပြောင်တွေဘာတွေတောင် အလိုလိုရှိချင်ရှိလာမှာ။ ထောင်ထဲမှာမွေးတဲ့ကောင်ကို ဖိုးထောင်လို့နာမည်ပေးကြသလိုပေါ့ဗျာ။ ကျွန်တော့်နာမည်ဟာ ဖိုးဆေးတို့၊ ဖိုးဝိတို့လည်းဖြစ်သွားနိုင်တာပဲ။ တော်တော်အသုံးမကျတဲ့အတွေးတွေဗျ။ စိတ်ပျက်တယ်။

ကျွန်တော်စိတ်ပျက်ရတဲ့အထဲမှာ မြို့ပြနေထိုင်မှုပုံစံတွေကလည်း အနှောင့်အယှက်ပေးတယ်။ ဖြစ်ချင်တော့ ကျွန်တော်ကမြို့ကြီးပြကြီးမှာ အခြေချနေမိတာကိုး။ ဝတ္ထုဆန်ဆန်ပြောရမယ်ဆိုရင်တော့ မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်အစွန်က စျေးပေါပေါတိုက်ခန်းလေးတခန်းမှာ ကျွန်တော်နေတယ်။ ကျွန်တော့်ကိုယ်ပိုင်အရည်အချင်းနဲ့ဝယ်ထားတာတော့မဟုတ်ဘူး။ ကျွန်တော်အမွေရထားတာ။ အမွေကိုဘယ်သူကပေးတာလဲဆိုတော့ ကျွန်တော့်မွေးစားအဖေက ပေးတာဗျာ။ကျွန်တော့်မွေးစားအဖေဟာ အရင်ကစစ်ဗိုလ်ချုပ်ကြီးတယောက်ဖြစ်ခဲ့တာဗျ။ ဒါပေမယ့် ကျွန်တော့်မွေးစားအဖေမှ ာမိန်းမတွေအများရှိပေမယ့် ကျွန်တော့်မှာအမေခေါ်စရာတယောက်မှမရှိဘူး။ ကျွန်တော့်မှာခေါ်စရာအမေမရှိဆို ကျွန်တော်ကဆေးခြောက်ထုပ်ကြီးနဲ့လမ်းဘေးမှာ အသံအကျယ်ကြီးဟစ်ပြီး အော်ငိုနေတဲ့မွေးကင်းစကလေးငယ်လေးတယောက်ဖြစ်ခဲ့တာကိုး။ အဲဒီလိုလောကကြီးက ရှုပ်ထွေးပါတယ်။

၂၀၀၄ လောက်မှာ ကျွန်တော့်မွေးစားအဖေက စစ်ဗိုလ်ချုပ်ကြီးအဖြစ်ကနေအငြိမ်းစားယူတယ်။ အဖြုတ်ခံရတာဆိုလားဘာလားပဲ။ ကျွန်တော်လည်း ဒီကိစ္စတွေကိုသိပ်ပြီးအလေးအနက်ခေါင်းထဲထည့်ထားတာမဟုတ်ဘူး။ ဒီတော့ တိတိကျကျတော့မပြောနိုင်ဘူးဗျာ။ စစ်ဗိုလ်ချုပ်ကြီးဆိုတော့နိုင်ငံရေးနဲ့တော့ နှီးနွှယ်နေမှာပေါ့။ နိုင်ငံရေးဆိုတာကလည်း လှည့်ကွက်တွေများသကိုးဗျ။ ဝင်္ကပါထက်ပိုရှုပ်ထွေးပါတယ်။ ကျွန်တော်တို့တိုင်းပြည်က အာ ဏာရှင်ခေတ်ဆိုးကြီးထဲရှိနေတဲ့အချိန်ဆိုတော့ လှည့်ကွက်တွေက သပွတ်အူထက်ပိုပြီးရှုပ်ထွေးပါတယ်။ ကျွန်တော်လည်းနားမလည်ဘူး။ ကျွန်တော့်မွေးစားအဖေလည်း သိပ်နားလည်ခဲ့ပုံမရပါဘူး။ စစ်တပ်ဆိုတာသိတဲ့အတိုင်းပဲလေ။ တမိန့်တအာဏာစနစ်ကိုကျင့်သုံးတာကိုး။ နိုင်ငံတကာမှာလည်း အမိန့်နာခံရမယ်ဆိုတာ စစ် သားတိုင်းရဲ့မဖြစ်မနေလိုက်နာရမယ့်ကျင့်ဝတ်ကြီးဖြစ်နေတာပဲလေ။ ဒီတော့ကျွန်တော့်မွေးစားအဖေဟာလည်း အမိန့်တွေကိုလိုက်နာခဲ့ပုံပါပဲ။ ခုတော့ ကျွန်တော့်မွေးစားအဖေလည်းသေသွားပါပြီ။ ဘာဖြစ်လို့သေသွားလဲဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်ထင်တာကတော့ စိတ်ညစ်ပြီးသေသွားတယ်ထင်တာပါပဲ။ သူမသေခင်လေးငါးနှစ်လောက်ကတော့ နိုင်ငံခြားဖြစ်အရက်တွေချည်း နင်းကန်သောက်နေတာတော့တွေ့မိပါရဲ့။ သူ့ဆေးစစ်ချက်ကိုကျွန်တော်ယူကြည့်တော့ အသည်းကင်ဆာနဲ့သေတာဆိုပဲ။ ကျွန်တော်ကတော့ အဲဒီလိုမထင်ဘူးဗျ။ ကျွန်တော့်မွေးစားအဖေဟာ အာဏာလက်မဲ့ဖြစ်ပြီးသေရတာလေ။ အသည်းနဲ့တော့မဆိုင်ဘူးလို့ထင်တာပါပဲ။ အာဏာငတ်ပြီး သေတယ်လို့ပြောရင် ပိုမှန်မယ်ဗျ။

သူမသေခင်သုံးနှစ်လောက်မှာတော့ ကျွန်တော့်တိုက်ခန်းလေးကိုသူလာနေတယ်။ သေချာပေါက်အခြေချနေထိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကို ကျွန်တော့်အခန်းကိုပြောင်းပြီးလာနေတာ။ သူတော်တော်အိုစာနေပါပြီ။ သူ့ကိုယ်သူ သေမယ်ဆိုတာသိနေပုံပါပဲ။ မသေခင်လောကစည်းစိမ်ခံပြီးသေမယ်ဆိုတဲ့သဘောလည်းဖြစ်မယ်ထင်ပါတယ်။ သူ့ရဲ့တရားဝင်မယားကြီးနဲ့တရားဝင်သားသမီးတွေရှိပေမယ့် သူတို့နဲ့သွားမနေဘူး။ ကျွန်တော့်လိုလမ်းဘေးကဆေးခြောက်ထုပ်ကြီးနဲ့အနှီးဝတ်လေးနဲ့ကလေးတယောက်ကိုသနားလို့ဆိုပြီး သူမွေးစားထားတဲ့ကျွန်တော့်တိုက် ခန်းမှာလာနေတာ။ အံ့တော့အံ့ဩစရာဗျ။

“သား . .  မင်းကိုအဖေပြောစရာရှိတယ်။ အဖေဗိုလ်မှူးအဆင့်လောက်တုန်းက နယ်စပ်ကပြန်လာတယ်။ အဲဒီမှာအဖေတို့နဲ့ငြိမ်းချမ်းရေးယူထားတဲ့လက်နက်ကိုင်အဖွဲ့တွေက သူတို့စိုက်ခင်းထဲကအကောင်းဆုံးဆေးခြာက်တွေကိုပေးလိုက်တယ်။ တလမ်းလုံးတလိပ်ပြီးတလိပ်ဖွာလာတာပေါ့ကွာ။ လူကလည်းတော်တော်ကိုဟိုက်(ကောင်း) နေပြီသားရယ်။ တလမ်းလုံးဖွာလိုက်၊ ရယ်လိုက်နဲ့တော်တော်ကိုပျော်စရာကောင်းတာကွ”

“ဟုတ်ကဲ့အဖေ . . ။သားနားထောင်နေပါတယ်”

“မင်းဂရုစိုက်ပြီးနားထောင်သင့်တယ်သား။ အဲဒီအချိန်တုန်းကအဖေကတကယ်ကိုဟိုက်နေတာ။ သောက်ရမ်းပျော်ပြီး လက်နက်ကိုင်အဖွဲ့တွေကပေးလိုက်တဲ့ဆေးခြောက်တွေကို အများသူငှာကိုမျှဝေချင်တဲ့စိတ်ဖြစ်မိတယ်။ အဲဒါနဲ့ ကီလိုငါးဆယ်လောက်ရှိတဲ့အထုပ်ကြီးတထုပ်ကို လူပြတ်တဲ့လမ်းပေါ်ကိုပစ်ချလိုက်တယ်။ အဲဒီမှာဘာဖြစ်လဲသိလား”

“မသိဘူးလေအဖေ”
“အေးလေးမင်းကအူဝဲလေးပဲရှိသေးတာကိုးဘယ်သိမလဲ။ အဲဒီအချိန်မှာပဲ မင်းငိုသံကိုကြားရတာပဲသား”
“ဗျာ”

“ဟုတ်တယ်သား။ မင်းကိုငါကားပေါ်ကဆင်းကြည့်တော့ မင်းကသောက်ရမ်းရယ်စရာကောင်းတဲ့ကောင်ကိုးကွ။ လက်ကားယားခြေကားယားနဲ့အော်ငိုနေတာ။မင်းဟာငါ့အတွက်အော်တိုသံပတ်ပေးထားတဲ့လူရွှင်တော်အရုပ်ကလေးတရုပ်လိုဖြစ်နေတာ။ မင်းကငါ့ကိုတကယ်ကိုပဲရယ်မောပျော်ရွှင်စေတာ။ မင်းဘ၀ကြီးကဘာပဲဖြစ်ဖြစ်ကွာ”

“ဘာပဲဖြစ်ဖြစ်ဆိုတာဘာကိုပြောတာလဲအဖေ”

“ဘာပဲဖြစ်ဖြစ်ဆိုတာမင်းဟာဖာသည်မသားပဲဖြစ်ဖြစ်၊ မုဒိမ်းကောင်တကောင်ရဲ့သားပဲဖြစ်ဖြစ်၊ အဲဒီအချိန်တုန်းကမင်းဟာငါ့အတွက် သောက်ရမ်းရယ်ရတဲ့ကောင်ကွငါ့သားရ”
“ဗျာ”
“မဗျာနဲ့။ အဲဒီလိုရယ်ရလို့ငါမင်းကိုမွေးစားခဲ့တာ။ ဒါပဲ”

ကျွန်တော့်မွေးစားအဖေနဲ့ကျွန်တော် နောက်ဆုံးပြောခဲ့တဲ့စကားတွေပါပဲ။ ခုတော့ကျွန်တော့်မွေးစားအဖေသေသွားပါပြီ။ သူစစ်ဗိုလ်ချုပ်ကြီးတယောက်ဖြစ်ခဲ့စဉ်က သူ့ဆုတံဆိပ်တွေကိုတော့ ကျွန်တော်မီးရှို့ပစ်လိုက်တယ်။ မျက်စိနောက်လို့ဗျ။ နောက်ပြီးကြောင်တောင်တောင်ပစ္စည်းတွေလို့လည်းခံစားရတယ်။ မွေးစားအဖေကတော့ သူနောက်ဆုံးဝတ်ခဲ့တဲ့ယူနီဖောင်းကြီးကို ကျွန်တော့်အခန်းကမှန်ခန်းထဲမှာထည့်ထားခဲ့တာပဲ။ ကျွန်တော်လည်းသိပ်နားမလည်ဘူး။ မျက်စိနောက်တာနဲ့အဲဒီယူနီဖောင်းကြီးကိုလည်းမီးရှို့ပစ်လိုက်မိတယ်။ကျွန်တော့်မှာမွေးစားအဖေနဲ့ပတ်သက်ပြီးအမှတ်ရစရာဘာပစ္စည်းမှ ရုပ်ဓါတ်အနေနဲ့မရှိတော့ဘူး။ သူပြောဖူးနဲ့နာမ်ဓါတ်ဆိုတဲ့စကား လုံးတွေပဲ ရှိတော့တယ်။

“ဒီမယ်ငါ့သား။ ရာထူးဆိုတာရူးတာမဟုတ်ဘူးကွ။ ရာထူးဆိုတာထူးတာ။ ငါ့မှာရာထူးရှိတုန်းက တတိုင်းပြည်လုံးကိုရူးအောင်လုပ်နိုင်ခဲ့တယ်။ ဒါ့ကြောင့် ရာထူးဆိုတာရူးတာမဟုတ်ဘူး။ ထူးတာထူးတာ”

အဲဒါကျွန်တော့်မွေးစားအဖေပြောခဲ့တဲ့နောက်ဆုံးစကားပါပဲ။ ကျွန်တော့်မှ ာရာထူးလည်းမရှိ။ ရာထူးမရှိတဲ့အတွက်ကြောင့်ရာထူးနဲ့ပတ်သက်ပြီး ရူးတာတွေထူးတာတွေ ကျွန်တော်လည်းမသိပါ။ ကျွန်တော်မှတ်မိနေတာကတော့ ကျွန်တော့်မွေးစားအဖေဟာ ကျွန်တော့်ကိုကျောင်းကောင်းကောင်းမှာထားပေးတယ်။တိုက်ခန်းတခန်းဝယ်ပေးတယ်။ ဆေးခြောက်တွေအကြောင်းသင်ပေးတယ်။ လောကမှာအရက်ထက်ဆေးခြောက်တွေက ပိုယဉ်ကျေးပြီ းပိုပျော်စရာကောင်းတယ်လို့ အမြဲတမ်းဆုံးမခဲ့တဲ့ကျွန်တော့်မွေးစားအဖေဟာ ထူးထူးဆန်းဆန်းပဲအရက်တွေသောက်ပြီးသေရရှာတယ်။ ကျွန်တော်ကောင်းကောင်းနားမလည်ခဲ့ပါ။တကယ်ဆို ကျွန်တော့်မွေးစားအဖေဟာ ဆေးခြောက်တွေနင်းကန်ချပြီးသေသင့်တာလေ။ ခုတော့အရက်တွေသောက်ပြီးသေရတယ်ဆိုတော့ ကျွန်တော်ဘယ် လိုမှ နားမလည်နိုင်ဘူး။

------------××××××---------------

(အခန်း-၁)

ကျွန်တော်သတိထားမိတဲ့အချိန်မှာတော့ တော်တော်ကိုနောက်ကျနေပါပြီ။ ကျွန်တော့်အခန်းမှာကျွန်တော့်အတွက်နေစရာတောင်သိပ်မကျန်တော့သလောက်ပါပဲ။ ဒီကောင်တွေဘယ်ကဘယ်လိုဝင်လာတာလဲဆိုတာ စဉ်းစားလို့ကိုမရတာ။ ကျွန်တော့်မွေးစားအဖေသေပြီးနဲ့နောက်မှ ဒီကောင်တွေကိုကျွန်တော်စမြင်ရတာပဲ။ အိပ်မက်မက်နေသလားတောင်ထင်ရတယ်။ ဒါပေမယ့်မဟုတ်ဘူးဗျ။ တကယ်ကြီးဖြစ်နေတာ။ ကျွန်တော့်၀ရန်တာကနေကြည့်လိုက်ရင် ခေါင်မိုးနီနီလေးတွေကို မြင်ရတယ်။ နိမ့်လိုက်မြင့်လိုက်ခေါင်မိုးလေးတွေပါပဲ။ မြို့ပြင်ဆိုတော့ တောနဲ့နီးတာလည်းပါမှာပေါ့လေ။ ကျွန်တော်ကသာကိုယ့်ကိုယ်ကိုယ်မြို့ကြီးပြကြီးမှာနေတယ်လို့အထင်ရောက်နေတာ။ တကယ်က ကျွန်တော်နေတာက မြို့ပြင်ဆင်ခြေဖုံးရပ်ကွက်မှာလေ။ ဒီတော့ တော ကောင်တွေများတာမဆန်းပါဘူး။ကျွန်တော်ပြောတဲ့တောကောင်တွေဆိုတာတခြားမဟုတ်ဘူးဗျ။
ခြင်္သေ့တွေ။

ဒီကောင်တွေကျွန်တော့်အခန်းထဲကိုဘယ်လိုကဘယ်လိုရောက်လာတယ်ဆိုတာစဉ်းစားလို့ကိုမရတာ။ ကျွန်တော်တွေးကြည့်ရသလောက်ကတော့ ခေါင်မိုးတွေပေါ်ကနေလာတာဖြစ်နိုင်တယ်။ တခုသောနေ့တနေ့မှာ ကျွန်တော်သတိမထားလိုက်မိခင်မှာပဲ ခြင်္သေ့တကောင်ကိုစတွေ့တာပဲ။ လည်ဆံမွှေးတွေနဲ့။ဖြစ်ချင်တော့ခြင်္သေ့က သူ့ကောင်မလေးပါခေါ်လာသေးတာပဲ။ ခြင်္သေ့မတွေကတော့ လည်ဆံမွှေးမပါဘူးပေါ့။ ခြင်္သေ့ထီးနဲ့ခြင်္သေ့မနဲ့ ကျွန်တော့်အခန်းထဲခပ်တည်တည်ဝင်နေတာလည်း ကျွန်တော့်အတွက်သိပ်ပြီးထိတ်လန့်စရာကိစ္စလို့တော့ မထင်မိဘူးလေ။ ကျွန်တော့်အခန်းထဲကိုခြင်္သေ့တကောင်တိုးတိုးလာတိုင်းကျွန်တော့်အခန်းက ခြင်္သေ့တကောင်စာနေရာလွတ်တွေဖြစ်ဖြစ်လာတာလည်း ကျွန်တော်သိနေတာကိုး။ ဒီတော့ကျွန်တော်လည်းခြင်္သေ့တွေနဲ့နေသား ကျလာတယ်ဆိုပါတော့။ ဒီအဟိတ်တိရစ္ဆာန်ဖြစ်တဲ့ခြင်္သေ့တွေဟာ သူတို့အစာအိမ်အတွက်လိုအပ်လာရင် ကျွန်တော့်ကိုကိုက်ဖြတ်စားသောက်မယ်ဆိုတာလည်းကျွန်တော်သိပြီးသားပဲ။ ခက်တာက ဒီတိရစ္ဆာန်တွေဟာ ကျွန်တော့်ကိုဘယ်တော့မှကိုက်ဖြတ်စားသောက်နိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ယုံတယ်။ ဘာ့ကြောင့်ဆိုတော့ ဒီကောင်တွေဟာ တိရစ္ဆာန်တွေဖြစ်နေတာကိုး။ ဒီကောင်တွေ ကျွန်တော့်အခန်းကိုရောက်လာတယ်ဆိုတာလည်း ဆင်ခြေဖုံးကအသားစိမ်းငါးစိမ်းတွေစားပြီး ဗိုက်ပြည့်မှရောက်လာတာလေ။ ဒီတော့ကျွန်တော်မစိုးရိမ်ဘူး။ ကြောက်လည်းမကြောက်ဘူး။

ခြင်္သေ့တွေဟာကြောက်စရာသတ္တဝါတွေလို့တစ်ခါမှကိုမစဉ်းစားဖူးတာ။ ကြောက်စရာကောင်းတဲ့သတ္တဝါတွေဆိုတာ တိုက်ခန်း၀ရန်တာကနေကျွန်တော့်တိုက် ခန်းထဲရောက်လာနိုင်တဲ့အထိ မစွမ်းနိုင်ကြပါဘူး။ ဒီခြင်္သေ့တွေဟာ ဘာကောင်မှမဟုတ်ဘူး။ အစွယ်တွေရှိနေလို့သာ ကြောက်စရာကောင်းတယ်လို့ထင်ရတာ။တကယ်ကအဲဒီလိုမဟုတ်ဘူး။ ဒီကောင်တွေကျွန်တော့်အခန်းရောက်လာရင် သိုးတွေလိုငြိမ်ကုပ်နေတာများတယ်။ တခုခုကိုအကြံထုတ်နေတာမျိုးပေါ့။ ဒါမှမဟုတ် နွားတွေလိုဗိုက်ထဲကအစာကိုပြန်ထုတ်ပြီးစားမြှုပ်ပြန်နေတာမျိုးပေါ့။ တခါတရံ ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူတူထိုင်ပြီးတီဗွီတွေဘာတွေတောင်ထိုင်ကြည့်နေလေ့ရှိတယ်။ ဒီခြင်္သေ့တွေဟာ အနုပညာအကြောင်းတော့ ဘာမှနားလည်တဲ့ကောင်တွေမဟုတ်ဘူး။ နားမလည်ဆိုတိရစ္ဆာန်တွေဖြစ်နေတာကိုး။ခြင်္သေ့တွေဟာ အရုပ်တွေနဲ့အရောင်တွေကိုအပျင်းပြေထိုင်ကြည့်နေတာမျိုးလောက်ပဲရှိတယ်။

ဖြစ်ချင်တော့ တနေ့တခြား ကျွန်တော့်အခန်းထဲကိုခြင်္သေ့တွေအများကြီးရောက်ရောက်လာတာပဲ။ တကောင်တိုးပြီးရောက်လာတိုင်း ကျွန်တော့်အခန်းကငါးပေလောက်ကျယ်ကျယ်သွားတယ်။ ဒီခြင်္သေ့တွေဟာ ကိုယ့်နေရာကိုယ်တော့ရအောင်ချဲ့ထွင်နိုင်တဲ့ကောင်တွေပါပဲ။ တရက်ကတော့ နွားတကောင်ကိုပါခေါ်လာသေးတယ်။ နွားကလည်း တကယ့်ကိုနွားချောချောတယ်လို့ပြောလို့ရတယ်။ နွားတွေချောတယ်ဆိုတာ ဘယ်လိုလဲဆိုတာနွားပွဲစားတွေကပိုသိတယ်။ ကျွန်တော်ကအဲဒီလောက်ရှင်းမပြတတ်ဘူး။ တော်တော်ကိုတောင့်တောင့်တင်းတင်းနဲ့ အထာကျတဲ့နွားမျိုးတွေပေါ့ဗျာ။ ခြင်္သေ့တွေနဲ့ပေါင်းပြီး မြက်စားနေတဲ့နွားပေါ့။

ခြင်္သေ့တွေကလည်းနွားတွေကိုကြုံရင်ကြုံသလိုအခွင့်အရေးတွေပေးလေ့ရှိတယ်။ မြ၀တီရုပ်သံကို ခြင်္သေ့တွေနဲ့သူတို့ရဲ့မိတ်ဆွေနွားတွေ အတူတူထိုင်ကြည့်နေတာမျိုးပေါ့။ အဲဒီအချိန်မျိုးဆို နွားချောချောတယ်ဆိုတဲ့နွားတွေဟာ သူတို့ရဲ့ဖင်လေးတွေကိုတွန့်တွန့်ပြီး ကနေတတ်သေးတယ်။ ထားပါ။ ဒါကနွားနဲ့ခြင်္သေ့ရဲ့မိတ်ဖြစ်ဆွေဖြစ်အခန်းကဏ္ဍဆိုပါတော့။

ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်ရတဲ့နေ့တနေ့လည်းရှိသေးတယ်။ အဲဒီနေ့ကတော့ ခြင်္သေ့တွေက သူတို့ရဲ့မိတ်လိုက်ဖော်မိတ်လိုက်ဖက်တွေနဲ့ ကျွန်တော့်အခန်းမှာပါတီပွဲကြီးကျင်းပကြတာပါပဲ။ ခြင်္သေ့တွေအရူးထတာကို ကျွန်တော်ကအကြိမ်တစ်သန်းလောက်မြင်ဖူးနေတဲ့ကောင်ဆိုတော့ သိပ်မထူးခြားဘူး။ဖြစ် ချင်တော့ ခြင်္သေ့တွေကြားထဲမှာ လမ်းဘေးခွေးတကောင်ပါလာတာပဲ။ လမ်းဘေးခွေးဆိုတာ တကယ့်လမ်းဘေးခွေးနော်။ ခွေးဝဲစားလို့တောင်ပြောလို့ရတယ်။ကျွန်တော့်အခန်းထဲကိုရောက်လာတဲ့လမ်းဘေးခွေးကတော့ တကယ်ကိုအထာ ကျတယ်။ အဖြူအမည်းအကွက်ကြားလေးနဲ့။ ပြောင်ပြောင်တင်းတင်းအသား အရေလည်းရှိတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ဘူးဒေါ့(ခွေးဘီလူး)ပုံစံမျိုး။ လုံးလုံးကျစ်ကျစ်ကလေး။ ခြင်္သေ့တွေရဲ့ပါတီမှာ ဒီဘူးဒေါ့လိုလိုဖြစ်နေတဲ့မြန်မာလမ်းဘေးခွေးတကောင်က တော်တော်ကိုအရာရောက်နေတာ။ သောက်ကျိုးနည်းခြင်္သေ့တွေဗျ။ ခွေးဝဲစားတကောင်ကိုတောင် ခြင်္သေ့တွေက တခမ်းတနားနေရာပေးတာ။ ကျွန်တော်လည်း သိပ်တော့မအံ့ဩပါဘူး။ ခြင်္သေ့တွေအားလုံးဟာ ရူးချင်ရူး၊ မရူးရင်ပေါနေတဲ့ကောင်တွေချည်းပါပဲ။

နေဦးဗျ။ ခြင်္သေ့တွေမှာအထာကျတာတခုတော့ရှိတယ်။ ဒီကောင်တွေအားလုံးမှာ ရည်မှန်းချက်ပန်းတိုင်လည်းရှိသဗျ။ ဒီကောင်တွေအားလုံး ကျွန်တော့်အခန်းထဲရောက်တဲ့ အထိခေါင်မိုးတွေကိုကျော်ဖြတ်ပြီးရောက်လာတာ အလကားမဟုတ်ဘူး။ ဒီကောင်တွေအားလုံးက ကျွန်တော့်မွေးစားအဖေရဲ့တရားမဝင် မယားပါ သားတွေဖြစ်နေတာကိုး။ သူတို့မှာအတောင်ပံတွေမရှိပေမယ့် ကျွန်တော့်အခန်းကိုရောက်အောင်လာနိုင်တာလည်း အဲဒါကြောင့်ပဲ။ ဒါ့ကြောင့်ပဲ သူတို့ရဲ့လက်ပါး စေခွေးတွေနွားတွေကို ခေါ်လာနိုင်တာကိုး။ ဒီအကြောင်းကိုကျွန်တော်သိနေတာလည်း ကြာပါပြီ။ ဒီခြင်္သေ့တွေလူသားမစားသရွေ့ ကျွန်တော်ကဘာမှကိုဝင်ပြီးမပြောတာ။ ဒီကောင်တွေကလည်း လူသားမစားဘူးဗျ။ ဘာမှကိုမစားဘဲနေနိုင်သလိုကို ဟန်ဆောင်ကောင်းတဲ့ကောင်တွေ။

ခြင်္သေ့တွေရဲ့ဟန်ဆောင်မှုအကြောင်းလည်း ကျွန်တော်ကသိတယ်။ ဒီကောင်တွေရဲ့အဓိကရည်ရွယ်ချက်ကမြို့ထဲကိုဝင်နိုင်ဖို့ပဲ။ မြို့ထဲကိုဝင်နိုင်ဖို့က ကျွန်တော့်အခန်းကနေသွားမှဖြစ်မယ်လေ။ ကျွန်တော့်အခန်းရဲ့တံခါးမကြီးကိုဖြတ်သွားမယ်။ ပြီးတော့ ကျွန်တော့်တိုက်ခန်းကအဆင်းလှေကားတွေကိုဖြတ်လျှောက်သွားမယ်။ ပြီးရင် ကျွန်တော်တို့မြို့ရဲ့ပြည်သူ့ရင်ပြင်ကိုရောက်မယ်။ ပြည်သူ့ရင်ပြင်ရဲ့အမြင့်ဆုံးတောင်ကုန်းလေးထိပ်မှာ ကျွန် တော်တို့တိုင်းပြည်ရဲ့လွတ်လပ်ရေးကျောက်တိုင်ကြီးရှိတယ်။ ခြင်္သေ့တွေရဲ့ရည်ရွယ်ချက်က အဲဒီနေရာကိုရောက်အောင်သွားနိုင်ဖို့ပဲ။ လွတ်လပ်ရေးကျောက်တိုင်နားရောက်ရင် ခြင်္သေ့အုပ်စုကြီးအတွက် ကြွေးကြော်သံတခုကြွေးကြော်ဖို့ရှိတယ်။

××××

(အခန်း -တစ်ဒဿမငါး)

အခန်းထဲမှာကျွန်တော်အိပ်မွေ့ချခံလိုက်ရတယ်။ ကျွန်တော့်မွေးစားအဖေရဲ့မကောင်းတဲ့အကျင့်တွေကြောင့်ဆိုပါတော့။ အဲဒီနေ့က ကျွန်တော်ဆေးခြောက်တွေသောက်တာများသွားတယ်။ တော်တော်ဟိုက်သွားတယ်။ ကျွန်တော်ရယ်ရယ်မောမောနဲ့အိပ်ရာထဲဘုန်းဘုန်းလဲနေချိန်မှာ ကျွန်တော့်တိုက်ခန်းသော့ကို ခြင်္သေ့တွေကရသွားတယ်။ ဒီတော့ခြင်္သေ့တွေနဲ့သူတို့ရဲ့လက်ပါးစေနွားတွေ၊ လမ်းဘေးခွေးတွေကိုခေါ်ပြီး ပြည်သူ့ရင်ပြင်ထဲကိုသွားကြတယ်ဆိုပဲ။ ပြည်သူ့ရင်ပြင်ထဲက လွတ်လပ်ရေးကျောက်တိုင်ကြီးနားရောက်တော့ ခြင်္သေ့တွေက အနှစ် နှစ်အလလကသူတို့ရဲ့မျှော်လင့်ချက်တွေကို ကြွေးကြော်သံအနေနဲ့ မိန့်ခွန်းပြောတယ်ဆိုပဲ။ ခြင်္သေ့တွေရဲ့ကြွေး ကြော်သံကရိုးရှင်းပါတယ်။

“ငါတို့ဟာခြင်္သေ့တွေဆိုပေမယ့် တကယ်တော့ငါတို့ဟာ ခြင်္သေ့တွေမဟုတ်ဘူး။ ငါတို့ဟာဖွတ်တွေ။ ငါတို့ဟာ ခြင်္သေ့အယောင်ဆောင်ထားတဲ့ဖွတ်မျိုးနွယ်ဝင်တွေဖြစ်တယ်ဆိုတဲ့အကြောင်း တခဲနက်ကြွေးကြော်ပြီး မြို့ထဲကအမှိုက်ပုံတွေကြားထဲကိုပြန်သွားနေကြတယ်ဆိုပဲ”

ဒီသတင်းကိုမနက်မိုးလင်းလို့တီဗွီဖွင့်ကြည့်ချိန်မှာ မြဝတီရုပ်သံလိုင်းကနေလွှင့်တယ်။ ကျွန်တော်ဆေးခြောက်ပါတဲ့ဆေးပေါ့လိပ်တလိပ်ကိုဖွာရှိုက်ရင်း မှတ်ချက်ချမိတယ်။
“ဪ . . ခြင်္သေ့ဆိုတာ ဖွတ်မျိုးနွယ်ကဆင်းသက်လာတာကိုး”။။

မိုးဖွဲ့တိမ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar