Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၄ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၁

သမိုင်းထဲက သင်ခန်းစာ အသစ်များ အဟောင်းများ

စစ်အာဏာသိမ်းပြီးနောက် မိုးမခမှ နေ့စဥ် ရေးသားနေတဲ့ မြင်ကွင်းကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ တနေ့တာ သတင်းအဖြစ်အပျက်များ၊ ပြည်တွင်းမှာ လူတွေဘယ်လို ရင်ဆိုင်နေရလဲ ဘယ်လိုကျော်ဖြတ်နေကြလဲ ဘယ်လို ခံစားနေကြရလဲ ဆိုတဲ့ အငွေ့အသက်၊ နှလုံးခုန်သံ၊ ပင့်သက်ရှိုက်သံ ၊ သက်ပြင်းချသံတွေကို ထင်ဟပ်ဖေါ်ပြတာ၊ နောက်တဖန် ဒီဖြစ်စဥ်ထဲ အရေးတော်ပုံထဲ ပါဝင်နေကြတဲ့ သူတွေ လက်တွေ့ လုပ်ဆောင်နေသူတွေ အနေနဲ့ မမြင်မိ မတွေးမိတာတွေကို တွေးမိအောင် မြင်မိအောင် ရေးသားဖေါ်ပြခြင်းတွေ ပါဝင်ပါတယ်။ တခါတရံ မြင်ကွင်းလို့ ဆောင်းပါးက အမည်ပေးထားသော်လည်း ပြင်ပမှာ မျက်စေ့နဲ့မြင်ရတဲ့ မြင်ကွင်းမျိုးထက် အတွေးမြင်ကွင်းလို မျိုးလည်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။

ပစ္စက္ခကို ကြည့်တာက များပြီး အတိတ်ကိုပြန်သုံးသပ်ခြင်းတွေ၊ ပြန်ငဲ့ကြည့်ခြင်းတွေနဲ့ အရှေ့ကို မျှော်ကြည့်ခြင်းတွေလည်း ပါဝင်တာဖြစ်ပါတယ်။ နေ့အလိုက် သတင်းတွေလည်း ဒီကဏ္ဍမှာ အနှစ်ချုပ် အကျဥ်းချုပ် ဖေါ်ပြတတ်သလို အထက်က အနီးကြည့် အဝေးကြည့် အပေါ်စီးကြည့် ဘေးတိုက်ကြည့်တဲ့ အတွေး အယူအဆတွေလည်း ဖေါ်ပြခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၆ လတာ မှာ မြန်မာပြည်သူတွေကြုံခဲ့ကြရတဲ့ အတွေ့အကြုံတွေ ခံစားချက်တွေ နာကျင်မှုတွေ ကြေကွဲမှုတွေ၊ နောင်တရမှုတွေ၊ နောင်အနာဂတ်ကျ ဒါမျိုးမဖြစ်စေတော့ဘူး မဖြစ်စေရဘူးဆိုတဲ့ သံဓိဌါန်တွေ အမျိုးမျိုး တလှည့်စီကြုံခဲ့ကြရပါတယ်။

အမှန်တကယ်တော့ ဘဝမှာ မကြုံတွေ့ချင်ပေမယ့်လဲ ရှောင်လွှဲမရနိုင်ပဲ ကြုံတွေ့ခဲ့ကြရတဲ့ ဒီအတွေ့အကြုံတွေကနေ မဝေးတဲ့ မနက်ဖြန်အတွက် သင်ခန်းစာတွေ ယူကြ၊ မနက်ဖြန်ရဲ့ နောက်ရက်များအတွက်လည်း သင်ခန်းစာယူကြရမှာ ဖြစ်သလို နောင်မျိုးဆက်တွေအတွက်လည်း မှတ်တမ်းထားရစ်ပြီး သူတို့အတွက်သင်ခန်းစာယူနိုင်ဖို့ အမှားတွေရှောင်လွှဲနိုင်ဖို့ ဖြစ်ပါလိမ့်မယ်။

တချို့သော မှတ်တမ်းတွေ သင်ခန်းစာတွေကို ရေးသားရချိန်မှာ မျက်ရည်နဲ့ နာကျည်းမှုနဲ့ ခံပြင်းမှုနဲ့ ရေးသားခဲ့ကြရတဲ့အချိန်တွေလည်း ရှိပါတယ်။

အစုအလိုက် အပြုံလိုက် ဥပဒမဲ့ သတ်ဖြတ်မှုတွေ၊ အသက်ဆုံးရှုံးသည်အထိ နှိပ်စက်ညှင်းပန်းမှုတွေ ၊ အမျိုးသမီး၊ အသက်ကြီးရွယ်အို၊ အရွယ်မရောက်တဲ့ ကလေးသူငယ်မခွဲခြားပဲ လွယ်လွယ်နဲ့ သေနတ်မောင်း ဖြုတ်ချမှုတွေ၊ လက်စားချေမှုတွေ၊ အရပ်သား၊ လက်နက်ကိုင် မခွဲခြားပဲ အဆုံးစီရင် သတ်ဖြတ်မှုတွေ၊ ရက်စက်မှုတွေက ကိုယ်တိုင် မြင်တွေ့ရခြင်း မရှိတောင်မှ ပြောဆိုတဲ့စကားလုံးတွေ မြင်တွေ့ရတဲ့ သတင်းဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ကို တွေ့ရမြင်ရပြီး မြင်ကွင်းမှတ်တမ်းကို မျက်ရည်နဲ့ နာကျည်းမှုနဲ့ သံဓိဌါန်နဲ့ ရေးခဲ့ရသလို ကိုဗစ်ကပ်ဘေးနဲ့ ရင်ဆိုင်ရချိန် တနေ့တနေ့ ကိုယ့်နဘေးက အိမ်၊ ကိုယ်နဲ့ ရင်းနှီးသူ ချစ်ခင်မြတ်နိုးသူတွေ တယောက်ပြီးတယောက် နောက်ဆုံး ထွက်သက်ရပ်ဆိုင်းသွားကြပြီးနောက် လောကထဲက နေ တိတ်ဆိတ်စွာပဲ သယ်ယူမီးသဂြိုဟ်ကာ မီးခိုးငွေ့ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ရေးရချိန်မှာ အနီးမှာ ဖြတ်သွားတဲ့ လူနာတင်ကား၊ ရုပ်အလောင်းသယ်တဲ့ကားတွေရဲ့ ဥသြသံ၊ သုဿန်မှာ ခါတိုင်း လုပ်ဆောင်တဲ့ မြေနဲ့လုပ်ထားတဲ့ ရေအိုး ပစ်ပေါက်ခွဲတဲ့ အသံတွေ ၊ PPE ဝတ်စုံနဲ့ သေဆုံးသူတွေကို သယ်ယူပေးနေကြတဲ့ မြင်ကွင်းတွေက ကိုယ်တိုင် တွေ့မြင်ကြားသိရင်း ရေးရတာဖြစ်လို့ ရင်နင့်စွာ မှတ်တမ်းတင်ခဲ့ရတဲ့ အချိန်အခါတွေ လို့ဆိုရမှာပါ။

မြင်ကွင်းကဏ္ဍအကြောင်း အနည်းငယ် ပြောပြီးနောက် ဒီနေ့ သတင်းအဖြစ်အပျက်အကြောင်းတွေ ဆီ တင်ပြပါရစေ၊ ဒီနေ့ သတင်းတွေမှာ ခေါင်းကြီးသတင်းဖြစ်နေတာကတော့ အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ် အတည်ပြုမယ့် ကိစ္စဖြစ်ပါတယ်။

အာဆီယံဘက်က ခန့်အပ်သူ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို မြန်မာစစ်ခေါင်းဆောင်တွေကလည်း အတည်ပြုလိုက်ပြီလို့ သတင်းတွေအရ သိရပါတယ်။ အာဆီယံက စစ်ခေါင်းဆောင်တွေက လက်ခံစကားပြောတဲ့ တခုထဲသော နိုင်ငံတကာ အဖွဲ့အစည်းသဖွယ် ဖြစ်နေပြီး စစ်ကောင်စီက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ မင်းကြီးဖြစ်သူကိုတောင် မြန်မာနိုင်ငံလာရောက်ခွင့် မပြုသေးတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်က အာဆီယံနဲ့ စစ်အာဏာသိမ်းအဖွဲ့ ဧပြီလမှာ သဘောတူထားတဲ့ မူငါးချက်ကို ဘယ်လောက်ထိ လက်တွေ့ကျစွာ အကောင်အထည်ဖေါ်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြည်တွင်းက တခြားသတင်းတွေထဲမှာတော့ ကိုဗစ်ကူးစက်ပျံ့နှံ့နေမှု သေဆုံးမှုတွေက ရန်ကုန်မြို့မှာ တန့်သွားပြီး အနည်းငယ် ကျဆင်းလာပေမယ့် သိသိသာသာ နည်းပါးသွားတာတော့မဟုတ်သေးပါဘူး။ နေ့စဥ်လိုလို လူကြီး လူလတ် နဲ့ အချို့လူငယ်အရွယ်တွေအထိ သေဆုံးသွားကြရတာတွေ သတင်းတွေထဲ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ အနည်းငယ် တန့်သွား လျော့နည်းသွားပေမယ့် နယ်မြို့အချို့မှာတော့ ကူးစက်မှု စတင်ခါစ၊ အလယ်ကာလ ကို ဖြတ်သန်းနေရဆဲ ဖြစ်တဲ့ လက္ခဏာတွေလည်း တွေ့ရပါတယ်။ အနယ်နယ် အရပ်ရပ်က သတင်းအများစုမှာ အောက်စီဂျင် စက်ရုံတည်တဲ့ သတင်း တင်သွင်းတဲ့ သတင်းတွေက လွှမ်းမိုးနေတာ တွေ့ရပါတယ်။ အောက်စီဂျင်ထောက်ပံ့နိုင်မှုလုံလောက်ခဲ့ရင် ကူးစက်မှု တပြိုင်နက်ထဲ မြင့်တက်လာချိန် အရေးပေါ် ရှူဖို့ လိုအပ်ချိန်မှာ သေဆုံးမှုကို အတိုင်းအတာတခုထိ လျော့ချနိုင်မယ်လို့ ထင်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစလို့ ဇူလိုင်လကုန်ခါနီးအထိ ရန်ကုန်မြို့နဲ့ အချို့သောမြို့တွေမှာ အောက်စီဂျင် အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ကြရတာလည်း ဖြစ်ပါတယ်။

နောက်သတင်းအကြောင်းအရာ တခုကတော့ ကာကွယ်ဆေးဖြစ်ပါတယ်။ လတ်တလော မြို့နယ်တွေမှာ အသက် ၆၅ နှစ်အထက်နဲ့ အချို့သော ဦးစားပေးအုပ်စုတွေကို တရုတ်နိုင်ငံက ရရှိတဲ့ ကာကွယ်ဆေး ခုသီတင်းပတ်စကတည်းက ထိုးပေးနေကြတာ ဖြစ်ပါတယ်။ အဲသည်ကာကွယ်ဆေးတွေ ရောက်ရှိနေတာ ဇွန်လဆန်းကတည်းကလို့ သိရပါတယ်။

ကာကွယ်ဆေး ထိုးမယ် မထိုးဘူးဆိုတဲ့ အမြင်ကွဲပြားမှုတွေလည်း ရှိနိုင်တာအမှန်ဖြစ်ပါတယ်။ ကာကွယ်ဆေး အမျိုးအစား၊ ထိန်သိမ်းသိုလှောင်မှုအပေါ် သံသယဝင်တာ ၊ နိုင်ငံရေးအရ ဆန့်ကျင်တာ စတဲ့ မတူတဲ့ အကြောင်း ရှုထောင့်တွေနဲ့ အမြင်ကွဲပြားကြတာလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေးသွားထိုးတဲ့ နိုင်ငံရေးသမားတွေကို စစ်ကောင်စီက စောင့်ကြည့်ပြီး ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းတွေလည်း တက်လာပါတယ်။ ဒီဗီဘီသတင်းမှာ - ပုဇွန်တောင်မြို့နယ် လမ်း ၅၀ က ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကျော်အောင်ကို ကိုဗစ်ကာကွယ်ဆေးသွားရောက်ထိုးနှံချိန်မှာ ဖမ်းဆီးထားကြောင်း နီးစပ်ရာအသိုင်းအဝိုင်းကပြောပါတယ်။

အာဆီယံကိုယ်စားလှယ်ခန့်အပ်တဲ့နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီ ရှားမင်းက အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြား ရေးဝန်ကြီး ‌ဒေါ် ဇင်မာအောင်ကို တယ်လီဖုန်း နှင့် ဆက်သွယ်ပြောဆိုပြီး မြန်မာနိုင်ငံကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရ ဝန်ကြီးအဆင့် အရာရှိကြီး တဦးမှ အမျိုးသား ညီညွတ်ရေး အစိုးရထံ ပထမဆုံးအကြိမ် လူသိရှင်ကြား ကြေညာပြီး ဆက်သွယ်ခဲ့ခြင်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

သတိပြုစေချင်တာတခုကတော့ စစ်ကောင်စီက သမိုင်းတပတ်လည် အိမ်စောင့်အစိုးရဖွဲ့နေချိန်မှာ ရွေးကောက်ပွဲအနိုင်ရ CRPH NUG တော်လှန်သောအစိုးရကိုယ်တိုင်ကလည်း ၈၈ အရေးတော်ပုံနောက်ပိုင်းကာလ - NCGUB စင်ပြိုင်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တပ်ပေါင်းစုများ မဟာမိတ်များ၊ CRPP အဖွဲ့အစည်းများ၊ များစွာသော ရန်ပုံငွေလုပ်ငန်းအဖွဲ့အစည်းများတွေနဲ့ လှည့်လည် ကျင်လည်လှုပ်ရှားခဲ့ကြတဲ့ သမိုင်းဖြတ်သန်းမှုများကို ပြန်သုံးသပ်ကြစေချင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခွဲဖြာထွက်မှုတွေဖြစ်လာကြတာ၊ အငြင်းပွားမှုတွေကနေ ပြည်သူလူထုတွေကြားထဲအထိ အမျိုးမျိူးသောကွဲပြားအမြင်တွေ ဖြစ်လာခဲ့ကြတာ၊ တောအုပ်ကြီးတခုထက် သစ်ပင်တပင်ချင်းစီ မြင်ကြ သုံးသပ်ကြတာတွေ ဖြစ်ခဲ့ကြတာတွေကိုလည်း ပြန်တွေးကြည့်ကြစေချင်ပါတယ်။ သည်သင်ခန်းစာတွေမှာ လူတွေကတော့ သည်လူတွေချည်းပဲ ခေါင်းစဉ်တွေသာ ပြောင်းပြောင်း သွားခဲ့ကြတာ။ အိမ်ဟောင်းတွေစွန့်ပြီး အိမ်သစ်တွေ ပြောင်းဆောက်ခဲ့ကြတဲ့ တော်လှန်ရေးအဒွန့်ရှည်စေတဲ့ သဘောထားတွေ လုပ်ရပ်တွေ သတိပြုကြစေလိုကြောင်း။

(သရုပ်ဖော်ပုံ - မြင့်မောင်ကျော်၏ ဖေ့စ်ဘွတ်။ သည်ရက်ပိုင်းအတွင်း ကွယ်လွန်သွားသော အနုပညာရှင်များ၊ ပညာရှင်များ)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar