မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၀ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၀ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၀၊ ၂၀၂၁မြို့ပြ ပျောက်ကြား လှုပ်ရှားမှု နဲ့ လက်နက်ကိုင် တော်လှန်ရေး
ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ထဲက ၄၄ လမ်းသွယ်ထဲ စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်အစုအဖွဲ့ ကို စစ်တပ်နဲ့ ရဲတွေဝင်ဝိုင်းစဥ် တိုက်ပေါ်က လူငယ် ၅ ဦးခုန်ချသွားခဲ့ပြီး အနည်းဆုံး ၃ ဦးသေဆုံးတယ်ဆိုတဲ့ သတင်းက ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဖြစ်အပျက် ဖြစ်ပျက်ပြီး နာရီအနည်းငယ်အတွင်းမှာပဲ လုံခြုံရေးတပ်ဖွဲ့တွေအချင်းချင်းပြောတဲ့ အသံဖိုင်ပါ ဆိုရှယ်မီဒီယာပေါ် ရောက်လာခဲ့ပြီး အလွတ်ခုန်ချလိုက်တာလို့ အသံဖိုင်ထဲမှာ သတင်းပို့ပြောဆိုတာလည်း ကြားသိကြရပါတယ်။
ကျဆုံးသွားသည့် လူငယ်များမှာ မောင်ကောင်းမင်းသန့်၊ မောင်ရဲမင်းဦး၊ မောင်ဝေယံထက်၊ မဝေဝေမြင့်၊ ကိုဝေဇော်၊ မောင်မင်းသစ္စာအောင်တို့ ကွယ်လွန်သွားကြပြီး သီဟကောင်းဆက်နှင့် မပိုးကျော်ကျော်ခန့်မှာ ဖမ်းဆီးရခြင်းဖြစ်ကြောင်း နောက်ထပ်ရသတင်းများမှာ ဖော်ပြထားပါတယ်။
အမှန်တကယ် ခုန်ချတာလား၊ သို့တည်းမဟုတ် လုံခြုံရေးတပ်ဖွဲ့တွေက တွန်းချတာလား ဆိုတာ သဲသဲကွဲကွဲ မသိနိုင်သေးသလို အသေးစိတ်အချက်အလက်တွေ မသိရှိရသေးပါဘူး။ လူငယ်ငါးဦးရဲ့ အဖြစ်အပျက်က ကြားသိရသူတိုင်းကို စိတ်မကောင်းဖြစ်စေ၊ သူတို့ရဲ့ စွန့်လွှတ်မှုကို အသိအမှတ်မပြုပဲ မနေနိုင်အောင် ဖြစ်စေတာ ဖြစ်ပါတယ်။
သူတို့ရဲ့ဆန္ဒအလျောက် ခုန်ချတာဖြစ်စေ၊ စစ်တပ်နဲ့ ရဲက တွန်းချတာဖြစ်စေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာက အနက်ရှိုင်းဆုံးအခြေအနေတွေဆီ ရောက်ရှိနေပြီ ဆိုတာ ပြသညွှန်းဆိုနေတယ်လို့ ဆိုချင်ပါတယ်။
စစ်အာဏာရှင်တွေရဲ့ အာဏာသိမ်းမှု သူတို့ရဲ့ အုပ်ချုပ်မှုကို ဖယ်ရှားဖို့ ဆုံးဖြတ်ထားကြတဲ့ လူငယ်မျိုးဆက်တွေ၊ ရတဲ့ နည်းနဲ့ တွန်းလှန်မယ်လို့ ဆန္ဒပိုင်းဖြတ်ထားကြတဲ့ လူငယ်တွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး မှာ နိုင်ငံရေးအရ ဦးဆောင်မှုအခန်းကဏ္ဍမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဒီအင်အားစုတွေနဲ့ မဟာမိတ်ဖြစ်တဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ ကြားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တဖက်မှာ အာဏာကို ဆုပ်ကိုင်ထားတဲ့ စစ်တပ်တို့က မြန်မာ့နိုင်ငံရေး အခင်းအကျင်း ကစားကွင်းထဲက ကစားပွဲပါဝင်သူတွေ ဖြစ်ပါတယ်။ ပွဲကို ဘယ်လို ဗျူဟာ၊ ဘယ်လို နည်းပရိယာယ်တွေ ချမှတ်ပြီးကစားမလဲဆိုတာ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေက ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ လိုအပ်နေပြီလို့ထင်ပါတယ်။
တဖက်က ရန်သူအဖွဲ့အစည်း စစ်အာဏာရှင် အဖွဲ့အစည်းက တခုတည်းသော အမိန့်ပေးမှုစနစ်အောက်မှာ ရှိနေချိန်၊ အရင်းအမြစ်တွေကို သုံးစွဲကာ အတိုက်အခံတွေကို ချေမှုန်းဖို့ အခွင့်အလမ်းရနေချိန်မှာ မိမိတို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေဘက်က မတူကွဲပြားတဲ့ အင်အားစုတွေ လက်နက်ကိုင် တပ်ဖွဲ့တွေ အဖြစ်နဲ့ ရင်ဆိုင်မယ်ဆိုရင် အနိုင်ရဖို့ ရှည်ကြာလိမ့်မှာ ဖြစ်ပါတယ်။
နိုင်ငံရေး အယူအဆမှာမတူကြ ကွဲပြားမှုကို လက်ခံကြတာ ဒီမိုကရေစီလိုလားသူ ကျင့်သုံးသူတွေအဖို့မှန်ကန်တဲ့ နည်းလမ်းဖြစ်ပါတယ်၊ သို့ပေမယ့် လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖွဲ့စည်းကြတယ်ဆိုရင်တော့ နိုင်ငံရေးအမြင်ကွဲပြားခြင်းကတခြား အမိန့်နဲ့ စုစည်းလိုက်နာမှု မှန်ကန်တဲ့ ခေါင်းဆောင်မှုက မရှိမဖြစ် လိုအပ်လာမှာ ဖြစ်ပါတယ်။
လက်နက်ကိုင် တဖွဲ့ထည်းအဖြစ်မဖွဲ့စည်းနိုင်တဲ့ အနေအထားမျိုးမှာတော့ ဘုံရည်မှန်းချက် တူညီမှု ဘုံသဘောတူညီတဲ့ မဟာဗျူဟာ /နည်းဗျူဟာတွေ ရှိဖို့လိုအပ်မယ် ဖြစ်ပါတယ်။ အဲလိုမဟုတ်ခဲ့ရင် လှုပ်ရှားမှု တိုက်ခိုက်မှု ခုခံမှုတွေဟာ အင်အား ပြန့်ကျဲကာ တဖက်က ချေမှုန်းဖို့ လွယ်ကူမယ့် အနေအထားဖြစ်ပါတယ်။
ဒါကိုဘာကြောင့် ပြောရသလဲဆို ခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အနေအထားက အထက်က အခြေအနေမျိုးနဲ့ အလားသဏ္ဍန်တူလို့ ဖြစ်ပါတယ်။ ပြည်နယ်အချို့ နဲ့ ပြည်မတိုင်းဒေသအချို့ရဲ့ လက်နက်ကိုင် လှုပ်ရှားမှုက သူတို့ ဒေသအလိုက် သူတို့ စီမံကွပ်ကဲပြီး တိုက်ခိုက်နေကြတာ၊ သူတို့ မြို့နယ်အလိုက် ရွာအလိုက် ဆုံးဖြတ်တိုက်ခိုက်နေကြတာတွေ ရှိသလို မြို့ပေါ်မှာလည်း သူ့အဖွဲ့အလိုက် ရန်သူ တဦးချင်း၊ သူတို့ရဲ့ သတင်းပေးဆိုသူတွေကို သုတ်သင်ရှင်းလင်းတာတွေ လုပ်နေတာတွေ ဖြစ်ပွားနေပြီး အဖြစ်အပျက်တွေက တနိုင်ငံလုံးရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့ ဆက်စပ်ပုံဖေါ်နိုင်ခြင်း မရှိမယ့် အဖြစ်မျိုး မြင်တွေ့နေရလို့ ဖြစ်ပါတယ်။
စွန့်လွှတ်လိုက်ရတဲ့ ပေးလိုက်ရတဲ့ အသက်တွေက အရေအတွက် ကိန်းဂဏန်းပဲတိုးသွားပြီး အရည်အချင်းပြောင်းလဲမှုဆီကို ကြီးမားတဲ့ အထောက်အကူမဖြစ်နိုင်ရင် ကြွေလွင့်သွားရတဲ့ လူငယ် လူလတ်ပိုင်းတွေရဲ့ အသက်တွေက နှမြောဖွယ်ကောင်းပြီး အရေးတော်ပုံက ရှည်ကြာမယ့် အဖြစ်မျိုး ကိုစိုးရိမ်ရတာကြောင့် ဦးဆောင်မှုအပိုင်းက အရေးကြီးတဲ့ သုံးသပ်မှု ညှိနှိုင်းမှု ပြန်လည်စုစည်းမှုတွေ လုပ်သင့်ပြီလို့ ထင်မြင်မိပါတယ်။
ဒီနေ့ ကြေကွဲဖွယ်သတင်းနဲ့ စာဖတ်သူတွေ တုန်လှုပ်သွားချိန်မှာ နေပြည်တော်က စာဖတ်သူကြီး ကွယ်လွန်ပြီဆိုတဲ့ စာတွေ ပို့စ်တွေကလည်း ဆိုရှယ်မီဒီယာမှာ တက်လာပါသေးတယ်။ ဒီသတင်းမှားကတော့ ခုနင်က အသက်စွန့်သွားတဲ့ နွေဦးရဲဘော်တို့၏ သတင်းကို လွှမ်းမိုးခြင်းငှာ မစွမ်းသာခဲ့ပါဘူး။ သည်နေရာမှာ မြန်မာပြည်သတင်းနဲ့ ဆိုရှယ်မီဒိယာမျက်နှာစာမှာ ဂျင်းတွေ (သတင်းမှား၊ လုပ်ကြံသတင်း) တွေ ဘယ်လောက်များများ တွယ်ကျယ်နေပြီလဲဆိုတာ သတိထားမိစေပါတယ်။
ဂျင်းသတင်းတွေလိုပဲ ပြည်သူတွေကြားထဲ နွေဦးတော်လှန်ရေးလှုပ်ရှားမှုထဲမှာ နှစ်မြုတ်ပြီး လှိုက်စားနေတဲ့ ဒလံတွေ စစ်ကောင်စီသတင်းပေးတွေ ဘယ်လောက်တောင် များပြားနေသလဲဆိုတာကိုလည်း စဉ်းစားခန်း ဝင်မိစေပြန်ပါတယ်။ တော်လှန်ရေးရဲဘော်တွေထဲမှာ စစ်ကောင်စီ၏ ထောက်လှမ်းရေးတွေ ဒလံတွေ ဝင်ရောက် ပူးကပ်နေထိုင်နေတယ်လို့ ကနဦးသတင်းတွေ ထွက်ခဲ့ဘူးပါတယ်။
လွန်ခဲ့တဲ့ ဇွန်လ မန္တလေးမြို့က တိုက်ခန်းတခုကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းတဲ့ ဖြစ်စဉ်သတင်းမှာတုန်းကလည်း အဆုံးမတော့ တိုက်ခန်းတွင်းက လူငယ်တွေ သွေးမြေကျခဲ့ရတဲ့အပြင် နောက်ရက်ပိုင်းအတွင်း လက်နက်တွေနဲ့ လူတွေ ထပ်မံ ဖမ်းဆီးခံခဲ့ရပြီး အဲသည်ကသတင်းပေးတွေ ဖော်ကောင်တွေရဲ့ သတင်းစာရှင်းလင်းပွဲကို စစ်ကောင်စီက ထုတ်ပြန်ပေးခဲ့ပါတယ်။ အခု ဩဂုတ်လဆန်းပိုင်းမှာလည်း အမေရိကန်ပြည်ရောက် မြန်မာလူငယ် ၂ဦးက NUG ၏ UN သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံတိုက်ခိုက်ဖို့ ကြံစည်ကြတာကို FBI က ဖော်ထုတ်ခဲ့ရာမှာ အဆိုပါလူငယ်တွေဟာ စစ်ကောင်စီထောက်ခံသူတွေဖြစ်သော်လည်း ဒီမိုကရေစီလှုပ်ရှားသူတွေကြားထဲ ပိပိရိရိနေထိုင်ခဲ့ကြတာကို တွေ့ရှိရပါတယ်။ တိုင်းရင်းသားနယ်မြေတွေထဲမှာ စစ်ကောင်စီ သတင်းပေးတွေ ဒလံတွေ ထိုးဖောက်ဝင်ရောက်နေသူတွေ ရှိနေသလားဆိုတဲ့ မေးခွန်းကိုတော့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့က … “ရှိနိုင်တယ်၊ သိတန်သလောက် သိတယ်၊ သူတို့ကို ဘယ်လို ကိုင်တွယ် စောင့်ကြည့်ရမလဲဆိုတဲ့ အတွေ့အကြုံတွေ ရှိပါတယ်” လို့ပဲ ဖြေကြတာ ကြားဖူးပါတယ်။
နွေဦးတော်လှန်ရေးရဲ့ ရဲဘော်တွေ လူငယ်တွေရဲ့ အသက်တွေ အလဟသမဆုံးရှုံးကြဖို့အတွက် ပြည်သူတွေကော တိုက်ပွဲဝင်သူတိုင်းကော ဆက်ပြီးသတိကြီးစွာထား ရုန်းကန်လှုပ်ရှားပေးဆပ်ကြရဦးမှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar