Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၆ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၁

စစ်အာဏာရှင်၏ အချိုး၊ ကြွေးဟောင်းနဲ့ ကိုဗစ်၏ ချွေစစ်

ဒီနေ့ သတင်းတွေထဲမှာတော့ မျက်နှာဖုံးသတင်းက နယူးယောက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ စေခိုင်းခံရသူ ၂ ဦးတနေ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းဖေါ်ပြခဲ့ပြီး ဒီနေ့မှာတော့ အမေရိကန် တရားရေးဌာနက အမည်နဲ့တကွ ထုတ်ပြန်လိုက်တဲ့သတင်း၊ အမျိုးသားညီညွတ်ရေး အစိုးရကလည်း နွေဦးထီဆိုတဲ့နာမည်နဲ့ ထီဖွင့်မယ့်အကြောင်း သတင်းထုတ်ပြန်လိုက်တာ၊ ရန်ကုန်နဲ့ အချို့နယ်မြို့တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီကို သတင်းပေးလို့ စွပ်စွဲခံရသူ၊ ကြံ့ခိုင်ရေး ပါတီစည်းရုံးရေးမှူး စတဲ့ သူတွေ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ သတင်းတွေ၊ ရန်ကုန်မြို့မှာ အရှိန်အနည်းငယ်ကျသွားပေမယ့် ကိုဗစ်ကူးစက်မှုက နယ်မြို့တွေကို ပျံ့နှံ့မြင့်တက်လာနေတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။

မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြိုးစားသူ ၂ ဦးက အသက် ၂၈ နှစ်နဲ့ အသက် ၂၀ အရွယ် မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးဖြစ်ကြပြီး နယူးယောက်မှာ ရောက်ရှိနေကြသူတွေ ဖြစ်ပါတယ်။ လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ စစ်ကောင်စီရှိတယ် မရှိဘူးဆိုတဲ့ အထောက်အထားတွေတော့ လောလောဆယ်မှာ မရရှိသေးသော်လည်း အတိတ်က အဖြစ်အပျက်တွေနဲ့ နှိုင်းယှဥ်ပြီး ဒါဟာ စစ်ကောင်စီရဲ့ ညွှန်ကြားခိုင်းစေမှု ဖြစ်တယ်လို့ ယူဆကြပါတယ်။ ပြီးခဲ့တဲ့ အန်အယ်လ်ဒီအစိုးရလက်ထက် ရှေ့နေ ဦးကိုနီကို လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခဲ့တဲ့ အဖြစ်အပျက်ကို ကြည့်ရင် စစ်တပ်ထောက်ခံသူ စစ်တပ်ရဲ့ အချို့သော ဆဲလ်တွေနဲ့ ချိတ်ဆက်ကာ အခုလို လုပ်ကြံမှုမျိုး လုပ်ဆောင်တာမျိုးလို့ ယူဆစရာတွေ ရှိပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေမှာလည်း သေနတ်နဲ့ပစ်သတ် လုပ်ကြံခြင်း ဆိုတဲ့ ဖြစ်ရပ်တွေ ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ အခြေအနေဖြစ်ပြီး ခုဖြစ်ရပ်ကတော့ တခြားနိုင်ငံနယ်နိမိတ်ထဲထိ ရောက်ရှိလာခြင်းက ထူးခြားတဲ့ အခြေအနေလို့ ဆိုကောင်းဆိုနိုင်မယ် ထင်ပါတယ်။

ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂမှာ စစ်ကောင်စီကို သစ္စာမခံဘဲ အမျိုးသားညီညွတ်ရေး အစိုးရကို သစ္စာခံမယ်လို့ ရုတ်တရက် ကြေညာခဲ့တာဟာ စစ်ကောင်စီအတွက် အရှိုက်ထိခံရတဲ့ ထိုးနှက်ချက်တခု ဖြစ်စေတာမို့ ဦးကျော်မိုးထွန်းက ဦးစားပေးပစ်မှတ်တခု ဖြစ်ခဲ့တာမျိုး လို့ ခန့်မှန်းကြည့်မိပါတယ်။

နောက်သတင်းတပုဒ်ကတော့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က နွေဦးထီဖွင့်မယ်လို့ ကြေညာလိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လက်ရှိ အောင်ဘာလေထီက လူထုတွေက စစ်ကောင်စီကို အခွန်ငွေ မရအောင် မဝယ်ကြ မထိုးကြရာက ယခင်ရောင်းအားထက် အဆများစွာကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။ အခု နယ်စပ်တနေရာ မှာ အခြေစိုက်တယ်လို့ ယူဆရတဲ့ NUG အစိုးရက နွေဦးတော်လှန်ရေး ကို အစွဲပြုပြီး နွေဦးထီ ဖွင့်မယ်လို့ ကြေညာခဲ့ပြီး ဘယ်လို ဖြန့်ချိမယ် ဘယ်လောက် သတ်မှတ်မယ် ထီလက်မှတ်အနေနဲ့ ရိုက်နှိပ်မှာလား အွန်လိုင်းမှာ ထိုးတဲ့ စနစ်လုပ်မှာလား စတဲ့ အသေးစိတ် အချက်အလက်တွေတော့မ သိရှိရသေးပါဘူး။

ဒါက NUG အစိုးရ အနေနဲ့ ဘဏ္ဍာငွေရှာဖွေခြင်း တမျိုးလည်း ဖြစ်ပြီး လူထုရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ အစိုးရရဲ့ လူထုကို စည်းရုံးလှုံ့ဆော်မှု တခုလည်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဆိုရှယ်မီဒီယာမှာ ကြည့်လိုက်ရင်တော့ CRPH NUG PDF CDM ထောက်ခံသူ မြန်မာပြည်သူများရဲ့ ၎င်းတို့အလှူခံလှုပ်ရှားမှုတွေ ရန်ပုံငွေမြှင့်တင်ရေးတွေ အများအပြား မြင်တွေ့နေရပါတယ်။ ပြည်သူတွေ အလှူငွေတွေ ထည့်ဝင်နေတဲ့ကြားက အလှူခံသူတွေကလည်း မရပ်မနားတန်း ရန်ပုံငွေများတိုးသည်ထက်တိုးအောင် ဆောင်ရွက်နေကြပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအတွက် ပြည်သူတွေ၏ ထောက်ခံမှုတွေနဲ့ တည်ဆောက်နေကြရတာမို့ ဘဏ္ဍာငွေ အမြောက်အများလိုအပ်နေတယ်ဆိုတဲ့ တောင်းဆိုသံတွေမြင့်မားနေတာကတော့ အမှန်ပါပဲ။

ရန်ကုန်မြို့မှာ ကိုဗစ်အရှိန်မြင့်နေတဲ့ ဇူလိုင်လထဲမှာတော့ ဗုံးကွဲမှုတွေ ပစ်ခတ်မှုတွေ အနည်းငယ်ကျဲသွားခဲ့တာ သတိပြုမိပြီး ယခု သြဂုတ်လဆန်း ကိုဗစ်သေဆုံးမှု အနည်းငယ်ကျဆင်းလာတဲ့ နောက် ဗုံးကွဲမှုတွေ သေနတ်နဲ့ အနီးကပ် ပစ်ခတ်လုပ်ကြံမှုတွေ ပြန်လည် ကြားသိလာရပါတယ်။ ယနေ့တရက်ထဲ ရန်ကုန်မြို့ရဲ့ ၃ နေရာလောက်မှာ ဗုံးကွဲမှု ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ၂ ရက်အတွင်း လှိုင်မြို့နယ်မှာ စျေးဆိုင်တဆိုင်ရဲ့ ဆိုင်ရှင်ကို ပီပီအီး ဝတ်ဆင်ထားတဲ့ သူတွေက အနီးကပ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တာတွေ ဖြစ်ပွားခဲ့ပါတယ်။ အလားတူ ပဲခူးတိုင်းမှာ ကြံ့ခိုင်ရေး အမတ်ဟောင်း တယောက် သေနတ်နဲ့ ပစ်သတ် လုပ်ကြံခံရတဲ့ သတင်းတွေလည်း ဖတ်ရှုရပါတယ်။

မွန်ပြည်နယ် သိမ်ဇရပ်မှာတော့ ပရဟိတ ကူညီရေးအသင်းပိုင်ကားတစီးကို မြို့အဝင်ဆိုင်းဘုတ်အနီး ဖြတ်သန်းစဥ် မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်လည်း ယနေ့နေ့ခင်းပိုင်းက ဖြစ်ပျက်ခဲ့ပါတယ်။ ခုနေအခါမှာ မြို့ပေါ်မှာ ၊ လမ်းခရီးတွေပေါက်ကွဲမှုတွေဟာ ထူးခြားတာမဟုတ်တော့တဲ့ သတင်းတွေ တဖြည်းဖြည်းဖြစ်လာနေပြီး အများအားဖြင့် လူထိခိုက်မှု မရှိတာများသော်လည်း တချို့သော အခြေအနေမှာ လူသေဆုံးတာ ဒဏ်ရာရတာတွေလည်း ရှိပါတယ်။

အခြားသတင်းတပုဒ်က ကြံ့ခိုင်ရေးပါတီနဲ့ အခြား ၂၈ ပါတီက အာဏာသိမ်း စစ်ကောင်စီအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ ထုတ်ပြန်ချက် တနေ့က ထုတ်ပြန်ခဲ့ကြပြီးနောက် ဝ အမျိုးသားပါတီတွင်းမှာ ပါတီခေါင်းဆောင်တွေ အားလုံးရဲ့ သဘောတူညီချက်မရှိပဲ ဥက္ကဌ တဦးထည်းက သူ့သဘောနဲ့ သူဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ နောက်ဆက်တွဲ ဖြေရှင်းကန့်ကွက်ချက်တွေ ထွက်ပေါ်လာတဲ့ သတင်းဖြစ်ပါတယ်။

၈လေးလုံး နှစ်ပတ်လည် ရောက်တော့မှာမို့ မြန်မာပြည်တွင်းက တော်လှန်ရေးလှုပ်ရှားမှုတွေ စိတ်လာသလို စစ်ကောင်စီကလည်း ဖမ်းဆီးမှုတွေ ပိတ်ဆို့မှုတွေ တိုးမြှင့်လာပါတယ်။ ၈၈ အရေးတော်ပုံနှစ်ပတ်လည်အတွက် ကြွေးကြော်သံက ‘၈၈က သွေးကြွေးဟောင်း ၂၁မှာ အပြီးတောင်း” လို့ ဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အကြွေးတောင်းတာ မကြိုက်ဘူးလို့ ပြောဖူးပါတယ်။ သစ်ခုတ်သမားတွေ မလိုတော့ဘူး ပန်းပုသမားတွေပဲ အလိုရှိတယ်လို့လည်း ဆိုခဲ့တယ်တဲ့။ အခုချိန်မှာတော့ စစ်အာဏာရှင်တွေနဲ့ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး” ဆိုတဲ့ သဘောထားက ရှေ့တန်းရောက်လာတာမို့ ၈၈ က သွေးကြွေးဟောင်းတွေကို ၂၁ မှာ အပြီးတောင်းမယ်လို့ ထုတ်ဖော်ကြတာဆိုရပါမယ်။ ’၈၈ က အချိုးတွေ ၂၁ မှာ လာမချိုးနဲ့” လို့လည်း နွေဦးတော်လှန်ရေးမှာ မျိုးဆက်သစ်တွေက လမ်းမများမှာ အစောပိုင်းကတည်းကကြွေးကြော်ခဲ့ကြပြီးပြီမို့ စစ်အာဏာရှင်တွေ၏ အချိုးတွေကို တုန့်ပြန်ဖို့ နွေဦးတော်လှန်ရေးက နိုင်ငံရေးနည်း စစ်ရေးနည်းတွေနဲ့ပါ ရွေးချယ်ထားပြီးပြီမို့ သစ်ခုတ်သမားတွေကော ပန်းပုသမားတွေပါ အတူတူ တိုက်ပွဲဝင်နေကြပြီလို့ ဆိုရမယ် ထင်ပါတယ်။

နောက်သတင်းတပုဒ်ကတော့ ကိုဗစ်ကူးစက်ပျံ့နှံ့မှုနဲ့ လူတွေဘယ်လို ကာကွယ်ကုသနေကြသလဲ ဆိုတဲ့သတင်းဖြစ်ပါတယ်။ သြဂုတ်လ ၆ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရတော့ အတည်ပြု လူနာ ၃၆၀၀ နီးပါး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၂၇၄ ဦးရှိတယ်ဆိုပါတယ်။ အရင့်အရင်လည်း ပြောခဲ့တဲ့အတိုင်း ကျန်းမာရေးဝန်ကြီးဌာန ကိန်းဂဏန်းဟာ အဖြစ်အပျက်ရဲ့ အစိတ် အပိုင်းတခုကိုသာ ကိုယ်စားပြုတဲ့ သဘောဖြစ်လို့ ကိုးကားကိန်းဂဏန်း တခုအဖြစ်သာ မှတ်ယူတာဖြစ်ပါတယ်။ အတည်ပြုလူနာကိန်းဂဏန်းတွေက ၅ထောင်ကျော် ၆ ထောင်နီးနီးရောက်ရှိခဲ့ရာမှ အခုအခါ ၃ထောင်နဲ့ ၄ ထောင်ကြားထိ ကျဆင်းလာပေမယ့် သေဆုံးမှု ကိန်းဂဏန်းတွေက သိသိသာသာ မကျဆင်းသေးတာ တွေ့ရမှာဖြစ်ပါတယ်။

ခုရက်ပိုင်း မန္တလေးမြို့တို့လို ရှမ်းပြည်တောင်ပိုင်း မြို့နယ်တွေလိုမျိုးမှာ ကူးစက်မှုတွေ ပိုမိုမြင့်တက်လာနေတာလည်း သတိပြုမိပါတယ်။ ရန်ကုန်မြို့မှာတော့ ကူးစက်မှု ဖြစ်ပွားမှုက အမြင့်ဆုံး အခြေအနေထိ ရောက်ရှိခဲ့ပြီး အသေအပျောက် ကိန်းဂဏန်းအနေနဲ့လည်း အခြားသော မြို့တွေ တိုင်းတွေ ပြည်နယ်တွေထက်ကို ကျော်ဖြတ်ပြီးခဲ့ပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့ အတွေ့အကြုံကနေ ကျနော်တို့တွေ ကာကွယ်မှု ကုသမှု ကြိုတင်ပြင်ဆင်မှု နဲ့ပတ်သက်လို့ လုံလောက်တဲ့ ဆင်ခြင်မှုတွေနဲ့ သင်ခန်းစာတွေယူနိုင်ခဲ့ကြရဲ့လားတော့ မပြောနိုင်သေးပါဘူး။ ထိရောက်တဲ့ သင်ခန်းစာနဲ့ ပြင်ဆင်မှုတွေဆိုတာ ဘယ်တော့မှ အချိန် နောက်မကျပါဘူး။ သို့သော်လည်း ကိုဗစ်က စစ်ကောင်စီဘက်မှ ကူတိုက်နေတဲ့ “ချွေစစ်” ဖြစ်နေတယ်လို့ ဆိုရမလားမသိပါ။ လူကြီး လူငယ်မရွေး ပညာရှင်တွေ အရေးတော်ပုံဘက်တော်သားတွေ ခေါင်းဆောင်တွေ နိုင်ငံရေး လူမှုရေးသမားတွေ များစွာကို အမှည့်ချွေ အစိမ်းချွေ ချွေပစ်နေတာမို့ အနာဂတ်ပြည်သစ်တည်ဆောက်နိုင်ဖို့ အင်အားတွေ အလဟသပြုံးတီးနေသလို ဖြစ်နေပါတယ်။ စစ်ကောင်စီကို attrition warfare နဲ့ အင်အားတွေ တဖြေးဖြေးချင်း ပြုံးတီးအောင် ချွေစစ် ဆင်နွှဲပစ်မယ်လို့ နွေဦးတော်လှန်ရေးအစပိုင်းက ကြွေးကြော်ခဲ့ကြပါတယ်။ အခုတော့ ကိုဗစ်က ပြည်သူတွေကို ချွေပစ်နေတာကိုလည်း တော်လှန်ရေးခေါင်းဆောင်တွေက သတိကြပ်ကြပ်ပြုကြစေချင်ကြောင်းပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar