Breaking News

အောင်ဒင် - “ကလေးတွေ မငိုတတ်တော့ပါ"



အောင်ဒင် - “ကလေးတွေ မငိုတတ်တော့ပါ"

(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၁

အရင်တုန်းက
သိပ် အငိုသန်တဲ့ ကလေးပေါ့
နို့ဆာတဲ့အခါ ငိုတယ်
ရာသီဥတု ပူပြင်းတဲ့အခါ ငိုတယ်
အမေ့ရင်ခွင်ထဲ အိပ်မရတဲ့အခါ ငိုတယ်
အဖေ အလုပ်သွားတဲ့အခါ ငိုတယ်
ဘာအကြောင်းနဲ့ ဖြစ်ဖြစ်၊ အာခေါင်ခြစ်ပြီး ငိုတတ်တယ်…။

အဲဒီညက
သူတို့အိမ်လေးထဲ ဖက်ဆစ်တွေ ဝင်ရောက်လာတဲ့အခါ
သူက သူ့အမေရဲ့ ရင်ခွင်ထဲမှာပေါ့
ဖက်ဆစ်အကြမ်းဖက်သမားတွေ ရိုက်နှက်ပြီး ခေါ်ဆောင်သွားတဲ့
သူ့အဖေအတွက် ဝမ်းနည်းပြီး သူငိုတော့
ဖက်ဆစ်ငရဲသားတွေက သူ့ကိုပါ ကြိမ်းမောင်းဟိန်းဟောက်
သူ့ငိုသံတွေ ပျောက်ဆုံးသွားခဲ့ရတယ်…။

အမေက သူ့လက်ကိုဆွဲပြီး
လွတ်မြောက်နိုင်မယ်ထင်ရတဲ့ နယ်မြေကို ထွက်ပြေး
ကြမ်းတမ်းအေးစက်တဲ့ ခရီးရှည်ညများ
တောအထပ်ထပ်များ၊ တောင်အစွယ်စွယ်များ
မြင်မြင်ရာ လက်တည့်စမ်း ပစ်ခတ်ကစားနေတဲ့
ဖက်ဆစ်တွေရဲ့ သေနတ်ကျည်ဆံတွေကြားထဲမှာ
ခြင်တွေကိုက်ပေမယ့် သူမငိုရဲ
ကြောက်လန့်ပေမယ့် သူမငိုရဲ
ဗိုက်ဆာပေမယ့် သူမငိုရဲ
သူ့ငိုသံတွေ ပျောက်ဆုံးခဲ့တယ်…။

သူ့လက်ကို ဆုတ်ကိုင်ထားတဲ့
အမေရဲ့ လက်တွေဟာ အေးစက်လို့
သူ့အမေဟာ အသံမထွက် တိတ်ဆိတ်လို့
သူ့အမေဟာ သူ့ဘေးမှာ လဲလျောင်းငြိမ်သက်လို့
သူ့အမေဟာ သူဘယ်လို လှုပ်နှိုးနှိုး တုန့်ပြန်ခြင်းမရှိလို့
နားမလည်ခြင်းတချို့နဲ့၊ သူငိုချင်ရဲ့
ဒါပေမယ့်၊ သူငိုနိုင်စွမ်း မရှိတော့…။

ကလေးတွေ မငိုတတ်တော့ပါ
သူတို့ရဲ့ မျက်ဝန်းအိမ်ထဲ
စွဲမြဲစွာ ထင်ကျန်ရစ်ခဲ့တာက
အာဏာလု ဖက်ဆစ်ခေါင်းဆောင်ရဲ့
ကျက်သရေကင်းမဲ့တဲ့၊ အရောင်ခပ်မွဲမွဲ မျက်နှာ….။။။




(ဩဂုတ် ၄၊ ၂၀၂၁)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar