Breaking News

ဖုန်းမြင့် - ''ပြည်သူသာအမိ ပြည်သူသာ အဖ'' -(၈)-လေးလုံးအရေးတော်ပုံတွင်ပါဝင်ခဲ့သည့် တပ်မတော်(လေ)မှတပ်သားဟောင်းကြီးတဦး၏ အတွေ့အကြုံမှတ်တမ်း"

Photo - Crd
ပြည်သူသာအမိ ပြည်သူသာ အဖ (ဒုတိယပိုင်း)
ဖုန်းမြင့် 
(မိုးမခ) သြဂုတ် ၆၊ ၂၀၂၁

(ယမန်နေ့က အဆက်)

စစ်စောင်ကြားအစိမ်းပေါ်တွင် (ပြုပြင်ထိန်းသိမ်းရေးလေတပ်စခန်းမင်္ဂလာဒုံ ) ဟူသောဆိုင်းဘုတ်ကိုင်၍ တိတ် ဆိတ်စွာချီတက်လာသောစစ်ကြောင်းသည် စော်ဘွားကြီးကုန်းထိပ်ရောက်သည်နှင့် “ ဒီမိုကရေစီ ရရှိရေး ဒို့အရေး ဒို့အရေး ” “တပါတီစနစ် ဖျက်သိမ်းပစ် ဖျက်သိမ်းပစ်” ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ၊ ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး” “ဒို့ရဲ့သွေး ဗတွ နီရဲ့လားဟေ့၊ နီတယ်ဟေ့ နီတယ်ဟေ့” ဆိုသောကြွေးကြော်သံများကို အော်ဟစ်လိုက်ရာ ပထမတော့ လူတွေကြောင် ကြည့်နေကြသည်။ (မိုးလင်းစဖြစ်၍ လူတွေသိပ်အပြင်မထွက်ကြသေး၊ အချို့ဆိုင်ဖွင့် စ၊ အချို့အိမ်တံခါးများ ဖွင့်စ၊ အချို့မျက်နှာသစ်စ ရှိသေးသည်။ ) ကျွန်တော်တို့လမ်းထဲသို့ ၁၀ ကိုက် ၁၅ ကိုက်ခန့်ဝင်မိမှသက်ဝင်လှုပ်ရှားလာကြသည်။ 

အိမ်အပြင်တံခါးဝတွင်ရပ်နေသောအသက်(၅၀)ကျော်ရှိအဘကစတင်၍ “ဟာ ဟေ့- ဒါမှဒို့တပ်မတော်ကွ ဒို့တပ်မတော် ” ဟု ကျယ်လောင်စွာအော်ရင်း အိမ်ပေါ်မှပြေးချလာကာ ရှေ့မှရဲဘော်တဉီးကို ပြေးဖက်သည်။ 

မကြာပါ၊ အိမ်တိုင်းအိမ်တိုင်းမှ ဝမ်းသာအားရအော်ဟစ်ပြေးထွက်လာရင်း လက်ခုပ်သြဘာ ပေးကြသည်။ အဘွားအရွယ်တယောက်ကလည်း “ဝမ်းသာလိုက်တာဝမ်းသာလိုက်တာ ဒါမှငါ့သားတွေ ”ဟုပြောရင်း မျက် ရည်များစီးကျလာသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။ ကျွန်တော်တို့လည်း ပြည်သူတို့၏ လှိုက်လှဲစွာကြိုဆိုမှုကို မဖော်ပြနိုင်လောက်အောင် ကြည်နူးဝမ်းသာမိကြသည်။
ဒီလိုချီတက်လာရင်း အင်းစိန်ရန်ကုန်လမ်းမကြီးပေါ်သို့ ခြေချမိကြပြီ။ (လမ်းကျယ်ဖြစ်သောကြောင့် ) ပထမတော့လူတွေ ခပ်ဝေးဝေးမှသာလက်ခုပ်သြဘာပေးကြသည်။ နောက်ဘယ်လိုကဘယ်လို၊ အနားရောက်လာကြသည်မသိ။ လမ်းတဖက်တချက်တွင် လူတွေပြည့်လာသည်။ အချို့ကိုယ်ပိုင်ကားစီးသူ များက ကားကိုရပ်ပြီး ကျွန်တော်တို့နီးလာတော့မှ ကားထဲမှထွက်ပြီး လှိုက်လှဲဝမ်းသာစွာနီးစပ်ရာတယောက်ခြင်းကို လက်ဆွဲနှုတ်ဆက်ကြိုဆိုသည်ကို ထူးကဲစွာကြုံတွေ့ရသည်။ 

သပိတ်နားသည့်နေ့လား၊ စောသေးလို့လားမသိ။ လမ်းပေါ်တွင်ချီတက်လာသည်မှာ ကျွန်တော်တို့ လေတပ်တဖွဲ့တည်းသာ ထူးထူးခြားခြားဖြစ်နေသည်။ ကျွန်တော်တို့ကို ဝမ်းသာအားရ ခုန်ပေါက်ကြိုဆိုနေသော လူထုကြီးသည် လမ်းဘေးဝဲယာတဖက်တချက်တွင် ပြည့်ကြပ်ညှပ်နေသည်။ (ပိုပြောသည်မထင်လိုက်ပါနှင့်) အော်-စစ်သားချင်းတူပေယ့် ပြည်သူကြည်ဖြူသည့်သူနှင့်မကြည်ဖြူသည့်သူ မည်သို့ကွာခြားသွားသည်ကို မျက်ဝါး ထင်ထင်တွေ့လိုက်ရပါကလား။ 

ကမာရွတ်မြို့နယ်ထဲဝင်လိုက်သည်နှင့် ကျွန်တော်တို့ကိုပန်းစည်းများနှင့်ကြိုဆိုနေသော တက္ကသိုလ်ကျောင်းသူကျောင်းသားအုပ်ကြီးကို လမ်းဘေးဝဲယာ တဖက်တချက်တွင် တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလို ဝဲယာတဖက်တချက်မှ ကျောင်းသူများက အတွင်းစည်း၊ ကျောင်းသားများက အပြင်စည်းယူလျက် လက်ချင်းဆက်ကာ ကျွန်တော်တို့ရဲဘော်တတွေကို အလယ်မှလိုက်ပါစေပြီး မန္တလေးဆောင်ရောက်သည်အထိ  စောင့်ရှောက်ခေါ်ဆောင်သွားသည်။ 
ကျွန်တော့်စစ်သက်တလျှောက် သည်လိုကြိုဆိုမှုမျိုးမကြုံစဖူးခဲ့။ မိုးဟိန်း၊ မိုးသီးဇွန်နှင့်အခြားအမည်မသိ ကျောင်းသားခေါင်းဆောင်များက တဉီးပြီးတ ဉီး စင်မြင့်ပေါ်တက်ကာ ကျွန်တော်တို့ပူးပေါင်းလာသည့်အတွက် မည်မျှအားတက်ဝမ်းသာသည်တို့ကို မငြီးငွေ့အောင်ပြောသွားနိုင်သည်။ ပြည်သူအားလုံး တပ်မတော်(လေ)နှင့်အတူ ချီတက်ဆန္ဒပြကြရန်လိုက်လံနှိုးဆော်နေပြီဖြစ်ကြောင်း ပြောသည်။ 

မကြာခင်သတင်းထောက်များနှင့်အတူ ဦးတင်ဦး(ယခုNLD)၊ ဦးအောင်ကြီးတို့ရောက်လာကြပြီး ဝမ်းသာအားရစကားပြောသည်။ ဒါရိုက်တာမောင်တင်ဦးက မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးသည်။ (၁၀) နာရီခန့်တွင်ချီတက်ဆန္ဒပြရန် စတင်ပါ်တော့သည်။ 
မိန်းတံခါးဝရောက်သည်နှင့် ကျောင်းသူကျောင်းသားများနှင့်ကြိုတင်စောင့်ဆိုင်းနေကြသော လမ်းအပြည့်လူထုကြီးသည် အလွန်ကျယ်လောင်သောသြဘာလက်ခုပ်သံနှင့်အတူ “ ဒါမှဒို့တပ်မတော်(လေ)ကွ” ဟု အော်ဟစ်ကြသည်။

လှည်းတန်း၊ ကြည့်မြင်တိုင်၊ အလုံ၊ ဗိုလ်ချုပ်လမ်းအတိုင်းချီတက်ရာလမ်းတလျှောက်လုံးတွင် ကျွန်တော်တို့ကိုကြိုဆိုနေကြသော ပြည်သူလူထုကြီးသည် ဘယ်နေရာရောက်ရောက်ပြည့်ကြပ်ညှပ်ကာ ဝမ်းပန်းတသာလှိုက် လှိုက်လှဲလှဲကြိုဆိုနေကြသည်မှာ မကြုံစဖူးထူးကဲလှပေသည်။ 

ချီတက်လာသောကျွန်တော်တို့ရဲဘော်အားလုံးသည် သွေးပင်လယ်ဝေခဲ့သည့်ရှစ်လေးလုံးအရေးအခင်းကြောင့် စစ်သားဆို ရေပင်စစ်မသောက်ချင်လောက်အောင် အရွံကြီးရွံအမုန်းကြီးမုန်းဝေးဝေးက အရှောင်ကြီးရှောင်ခဲ့သည့်ပြည်သူလူထုကြီးသည် ယခုကဲ့သို့ချီတက်ရာလမ်းတလျှောက်လုံး ပြည့်ကြပ်ညှပ်ကာ အောင်သပြေပန်းများနှင့် ဝမ်းပန်းတသာလှိုက်လှိုက်လှဲလှဲကြီးကြိုဆိုကြလိမ့်မည်ဟု လုံးဝလုံးဝကိုမထင်ရေးချမထင်ခဲ့ပါ။ ယခုတော့အထင်နှင့်အမြင် တခြားစီပါလား။ အခြားနားကြီးခြားနားနေပါလား။
ကျွန်တော်သည် မြစိမ်းရောင်နှင့်ရွှေဝါမြေ စစ်ဆင်ရေးအကြိမ်ကြိမ်သွားဖူးပြီး လူထု၏ကြိုဆိုမှုကိုအကြိမ်ကြိမ်ခံရဖူးသည်။ သို့သော် လှိုက်လှဲမှုမရှိ၊ တော် လှန်ရေးပရိတ်များကိုနင်းဖူးသည်။ လှိုက်လှဲစွာကြိုဆိုမှုရှိသော် လည်း ဤကဲ့သို့ ကြီးကြီးကျယ်ကျယ်လှိုက်လှိုက်လှဲလှဲ၊ ဝမ်းပန်းတသာဖက်လှဲတကင်းမကြုံဘူးခဲ့။
Photo - Crd

ဤကဲ့သို့လည်း ချမ်းမြေ့ကြည်နူးမှုအထွတ်အထိပ်မရောက်ဘူးခဲ့။ တပ်မတော်(လေ)သည် စစ်အာဏာရှင်လက် အောက်ကလက်ရုံးတပ် တတပ်ပေမို့ ကျောင်းသားပြည်သူတရပ်လုံးက အမုန်းကြီးမုန်းအရွံကြီးရွံ အနာကြီးနာသင့်ပါလျက် တဖက်စောင်းနင်း တဖက်သတ်ခံထားရပါလျက် ယခုကဲ့သို့နွေးထွေးပျူငှာစွာကြိုဆိုလာသောပြည်သူလူထုကြီး၏မေတ္တာတရားသည် တုနှိုင်းဘွယ်ရာမရှိအောင် ကြီးမားလှသည်။ အမိရင်ခွင်အတွင်းခိုဝင်လာသော သားသမီးမှန်သမျှကို အယုတ်အလတ်အမြတ်မရွေး အကြင်နာတရားအစဉ်ဖုံးလွှမ်းထားသောမိခင်၏ မေတ္တာနှင့်ထပ်တူပါလား။
(အမှန်အတိုင်းပြောရလျှင်) ကျွန်တော်အလွန်ချစ်သော ကျွန်တော့်မေမေသေဆုံးစဉ်ကပင်မငိုခဲ့သော ကျွန်တော်သည် ယခုတော့ဝမ်းသာကြည်နူးမှုဖြင့် မျက်ရည်ရစ်ဝဲကျဆင်းခဲ့ရပြီ။ 

ညနေ(၃)နာရီခန့်တွင် မဟာဗန္ဓုလပန်းခြံအတွင်းသို့ရောက်ရှိတထောက်နားကာ ပြည်သူတို့ကျွေးသော ဒန်ပေါက် ထမင်းနှင့် အအေးပုလင်းများကို အရသာရှိစွာ စားသောက်ကြပါသည်။ 
ထိုသို့စားသောက်နေစဉ် စာရေးဆရာမောင်သော်က(ဗိုလ်မှူးဘသော် )နှင့်အဖွဲ့ ရောက်လာပြီး ကျွန်တော်တို့ကို ဂုဏ်ပြုစကားပြောသည်။ 

ထိုစဉ်မမျှော်လင့်ဘဲ တပ်ကြပ်ကြီးဒေါ်နုနုအေးကိုတွေ့လိုက်သဖြင့် “ဟာ-မာမီ ဘယ်လိုကဘယ်လိုရောက်လာတာလဲ” ဟုအံ့သြစွာမေးမိသည်။ “ငါလည်း ရပ်ကွက်ထဲမနေရဲလို့(လပထ)အိမ်ထောင်သည်လိုင်းမှာနေတာတပတ်လောက်ရှိပြီ၊ ညက နင်တို့အော်တာ လိုင်းထဲမှာအတိုင်းသားကြားနေရတယ်။ လိုင်းတခုလုံး ဆူပွက်နေတာဘဲ၊ နင်တို့အတွက်လည်းစိတ်ပူနေကြတယ်။ 

မနက်ကျတော့ရုံးသာတက်ခဲ့ရတယ်၊ လုံးဝစိတ်မပါဘူး၊ ကားပေါ်မှာကျော်ရီက နင်ဆန္ဒပြတဲ့ထဲပါသွားပြီဆိုတာပြောပြတယ်။ ရုံးရောက်တာနဲ့ ငါလည်းယူ နီဖောင်းလဲပြီး နင်တို့ဆီ တန်းလိုက်လာတာပဲ၊ ဟိုဘက်မှာ ဒို့ဌာနကထွန်းရွှင်တို့၊ ကိုကိုနိုင်တို့အုပ်စုလည်း ပါတယ်”

ကာကွယ်ရေးဝန်ကြီးဌာနတခုလုံးတွင် ကျွန်တော်တို့ကက(လေ) တဖွဲ့သာထူးခြားစွာ ထွက်ပေါ်လာခြင်းဖြစ် သည်။ ပို၍ထူးခြားတာက တပ်ကြပ်ကြီးထွန်းရွှင်အပါအဝင်(၄)ယောက်သည် ကက(လေ)ဗဟိုဆက်သွယ်ရေးမှ ဝါရင့်ဆက်သွယ်ရေးသမားများဖြစ်သဖြင့် လေတပ်တခုလုံး၏ထိန်းချုပ်ဆက်သွယ်ရေးလုပ်ငန်းများ ကသိ ကအောက် ဖြစ်ခဲ့ရသည်။ 

ခဏအကြာတွင် ကျောင်းသားသမဂ္ဂအဖွဲ့နှင့်ရဟန်းပျိုသမဂ္ဂအဖွဲ့တို့မှကျွန်တော်တို့၏လုံခြု့ရေး၊ နေထိုင်ရေးအတွက် ဆွေးနွေးကြသည်။ တပ်ကြပ်တင်ကြိုင်က ကျွန်တော်တို့အပြီးပိုင်ထွက်လာတာဖြစ်၍ သင့်တော်ရာသပိတ်စခန်းတခုကို စီစဉ်ပေးရန်ပြောသည်။ နောက်ဆုံးတွင် သရက်တောကျောင်းတိုက်တွင် သပိတ်စခန်းဖွင့်ရန် အတည်ပြုလိုက်သည်။
ကျွန်တော်တို့သရက်တောကျောင်းတိုက်သို့ ရောက်ရှိချိန်တွင် နည်းနည်းနောနောမဟုတ်သော လူထုကြီးက စောင့်ကြိုနေသည်။ ကျွန်တော်တို့တန်းစီဝင်လာသောအခါ အသက် (၅၀)ကျော် ရည်ရည်မွန်မွန် အန်တီတယောက်နှင့်သူ၏နောက်မှပါလာသော အမျိုးသမီးတစုကလှိုက်လှိုက်လှဲလှဲကြိုဆိုပြီး ကျွန် တော်တို့အတွက်ဆိုကာ အကျႌလုံချည်နှင့်လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို တဦးချင်းလိုက်လံဝေငှသည်။ အခြားအဖွဲ့အစည်းအသီးသီးမှလည်း ထို့အတူပင်။ 

စားသောက်ရေးအတွက်မူ ကျောင်းသားကျောင်းသူများဦးစီးပြီး ကျွန်တော်တို့အတွက် စီမံခန့်ခွဲပေးသည်။ ကျွန်တော်တို့သည် ဘုရင့်နောင်ထုံးနှလုံးမူ၍ တပ်နှင့်လုံးဝအဆက်ဖြတ်လိုက်ပြီး အခိုင်အမာသပိတ်စခန်းအဖြစ် အတည်ပြုလိုက်သည်။
ကျွန်တော်သည်(ကကလေ)မှ ဖြစ်သော်လည်း ကက(လေ)နှင့် အတူမနေ၊ (လပထ) လူပျိုဆောင်တွင်အနေကြာခဲ့သော ကျွန်တော်သည်(လပထ) အဖွဲ့နှင့်ပင်သွားအတူ လာအတူစားအတူဖြစ်နေသောကြောင့် စခန်းချသော အခါတွင်လည်း (လပထ) အဖွဲ့နှင့်ပင် အတူနေ အတူချီတက်ဆန္ဒပြခဲ့သည်။
(၁၀)ရက်နေ့ မနက်(၈)နာရီတွင် ကျွန်တော်တို့အုပ်စု(လုံခြုံရေးတပ်စုတစုချန်၍)ချီတက်ဆန္ဒပြရန် ပြင်ဆင်ကြသည်။ ထိုစဉ်တပ်ကြပ်တင်ကြိုင်ဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည်ပို့လိုက်သော ဂုဏ်ပြုသဝဏ်လွှာကိုဖတ်ပြသည်။

ထိုသဝဏ်လွှာတွင် ‘ထိုသို့ပြည်သူ့ရင်ခွင် ခိုဝင်လာပြီး ပြည်သူနှင့်အတူ ပူးပေါင်းလိုက်သည့်အတွက်အလွန် တရာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ထိုသို့ ဆန္ဒပြရာတွင် လက်နက်လုံးဝမပါစေဘဲ ငြိမ်းချမ်းစွာဆန္ဒပြရန်တို့ပါဝင်သည်။ 
(၁၁)ရက်နေ့မနက်တွင် အိမ်ထောင်ရှင်မအသင်းမှ စပါယ်ရှယ်မုန့်ဟင်းခါးချက်ယူလာပြီးရဲဘော်များကို ကိုယ် တိုင်ကျွေးကြသည်။ အဖွဲ့အစည်းအသီးသီးမှလာပို့ကြသည့် အကျႌလုံချည်၊ စီးကရက်၊ ဆေးပေါ့လိပ်၊ မုန့်မျိုးစုံတို့ကလည်းအလျှံပယ်ပင်။ ပြည်သူတရပ်လုံး၏ကျေးဇူးတရားသည် ကြီးမားလှဘိသည်။ 

မနက်(၉)နာရီခန့်တွင် ကျွန်တော်တို့ချီတက်ကြပြီးအပြန်တွင် ရန်ကုန်ဆေးရုံကြီးရှိသပိတ်စခန်းသို့သွားရောက်ကာ ဟောပြောပွဲများကို နားထောင်သည်။ ဆေးရုံကြီးကွင်းပြင်တခုလုံးနှင့် အပေါ်ထပ်အောက်ထပ်တခုလုံး လူများပြည့်ကျပ်ညှပ်နေသည်။ ရှေ့နေကြီးများအသင်းမှ ဥပဓိရုပ်ကောင်းကောင်း ရှေ့နေတယောက်ကလည်း အာဝဇွန်း ရွှင်ရွှင်ဖြင့်ပြောသွားသည်မှာ ပျင်းရိဘွယ်မရှိ၊ လူတွေတဝါးဝါးတဟားဟားပင်။

နောက်တဖွဲ့စင်ပေါ်သို့တက်လာပြန်သည်။ မိုဟိန်းနှင့်မိုးသီးဇွန်တို့ပင်။

မိုးသီးဇွန်က သူတို့၏တောင်းဆိုမှုများကို ဖတ်ပြသည်။ သူပြောတာတွေအနက်တခုကိုတော့ သေသေချာချာ မှတ်မိနေသည်။ ‘ ထမင်းစားရမဲ့ အရွယ် ရောက်မှ နို့ချိုတိုက်ကျွေးတာ ကျွန်တော်တို့မလိုချင်’ ဆိုသော စကားပင် ဖြစ်သည်။

နေ့လယ်(၁)နာရီခန့်တွင် တပ်မှရဲဘော်များကျွန်တော်တို့ဆီလာလည်ပြီး ဝမ်းသာအားရစကားပြောကြသည်။ အိမ်ထောင်သည်လိုင်းမှကျွန်တော်တို့ အဆောင်တွင်ရှိစဉ်က ဟင်းလာလာရောင်းသော အဒေါ်တယောက်က “ နင်တို့မရှိတာဟယ် ဘယ်လိုကြီးမှန်းကိုမသိဘူး။ အားလုံးခြောက်ကပ်နေတာပဲ အိမ်ထောင်သည်လိုင်းတခုလုံး ဘယ်သူမှမပျော်ကြဘူး။ နင်တို့ကိုပဲသတိရနေကြတယ်။ ဇော်ဝင်းနဲ့စာကလေးကြောင့်ဆိုပြီး ပက်ပက်စက်စက်ကျိန်ဆဲကြတာကြောက်ဖို့တောင် ကောင်းတယ်။ နင်တို့မရှိတာ ငါတို့လည်း ဟင်းမရောင်းရဘူး။ နင်တို့အကျွေးယူစားထားတဲ့ဟင်းဘိုးတွေလဲဆုံးပြီ” ဟုပြောပြ သည်။    
မွန်းလွဲ (၂ ) နာရီခွဲခန့်တွင် အိမ်ထောင်ရှင်မအသင်းမှ ကျွန်တော်တို့နှင့်လာရောက်တွေ့ဆုံပြီး ရင်းနှီးစကားပြောကြသည်။ ထိပ်တန်းအရာရှိကြီးတဦး၏ ဇနီးဖြစ်ပုံရပြီး ရည်မွန်လေးစားဖွယ်ကောင်းသောအန်တီကြီးတဦး၏ ပြောသောစကားကို ယခုထိသံမှိုစွဲသကဲ့သို့ မှတ်မိနေသေးသည်။ 

“(၉) ရက်နေ့သားတို့မင်္ဂလာဒုံလေတပ်က ထွက်လာတယ်ဆိုတာ ကြားတာနဲ့ အန်တီဖြင့်ဝမ်းသာလွန်းလို့ မျက် ရည်တောင်ကျမိတယ်ကွယ်။ အန်တီ့သမီးတွေကို ‘ဟဲ့ဟဲ့ ရဲဘော်တွေကျွေးဖို့ဘာရှိလဲထုတ်စမ်းထုတ်စမ်း’ လို့ပြောပြီးရှာခိုင်းတာ ပေါင်မုန့်ခြောက် (၂)ထုတ်ဘဲတွေ့လို့ အန်တီစိတ်မကောင်းဖြစ်ရသေးတယ်။ အန်တီလည်း အိမ်ကအပြေးအလွှားထွက်လာပြီး လမ်းပေါ်ရောက်တော့ မင်းတို့ကိုပစ်ဘို့ဆိုပြီး ထွက်လာတဲ့တပ်မ(၂၂) ကိုတွေ့ရတော့တာပါပဲကွယ်။ အန်တီဖြင့် မျက်စိတွေပြာထွက်သွားတာပဲ။ ဘယ်လိုကနေဘယ်လို သူတို့ရှေ့ ရောက်သွားသလဲမသိဘူး။ လက်နှစ်ဘက်မြှောက်ပြီး [please please)ဆိုပြီး မပစ်ဖို့တားတာပေါ့ကွယ်။ သူတို့လည်းကြောင်သွားပြီးရပ်နေကြတယ်။ နောက်မှလှည့်ထွက်သွားကြတယ်။ အန်တီဖြင့် ရင်တွေတုန်လိုက်တာအရမ်းဘဲကွယ် ” 
Photo- Crd

သားတို့တတွေဟာ စစ်ဥပဒေအရတော့ တပ်ပြေးတွေပေါ့ကွယ်။ ဒါပေမယ့် အန်တီတို့ကတော့ဒီလိုမသတ်မှတ်ဘူး။ ပြည်သူတွေဘက်က ရဲရဲဝံ့ဝံ့ရပ်တည်တဲ့ သူရဲကောင်းတွေအဖြစ်သာ တန်ဘိုးထားတယ်။ ရှေ့ရှောက်လဲ ပြည်သူတွေဘက်က ရပ်တည်ပါ၊ ကာကွယ်ပါ၊ ပြည်သူ တွေရဲ့အကျိုးကိုဆောင်ရွက်ပါ။ အန်တီတို့တတွေ သားတို့ကိုအများကြီးအားကိုးတယ်။ သားတို့ဘက်က ရပ်တည်ပေးဖို့လည်း အဆင်သင့်ပဲ။ သားတို့လိုအပ်တာတွေ အကုန်ဆောင် ရွက်ပေးမယ်။ မင်းတို့တတွေအားလုံး အန်တီ့သားတွေပါပဲကွယ်။ အန်တီ့သားတွေ ထက်တောင် ပိုချစ်ပါတယ်။ အဲဒီတော့ မင်းတို့လေးတွေကို အန်တီရဲ့ သားလို့သတ်မှတ်လိုက်ပါပြီ။ ” 

အားလုံးရင်ထဲတွင် မဖော်ပြနိုင်လောက်အောင်ဝမ်းသာကြည်နူးမှုများ လှိုက်တက်လာကြကာ မျက်ရည်များပင်ဝဲနေကြသည်။

 ‘အော်-ပြည်သူသာအမိ ပြည်သူသာအဖ’ဆိုတာ ယခင်တုန်းကတော့ ကျွန်တော်တို့တပ်ထဲဝင်လာကတည်းက ကြားနေကြစကား၊ သို့သော်အမှန်ဝန်ခံရလျှင် ကျွန်တော်တို့လေးလေးနက်နက်မတွေးခဲ့၊ မစဉ်းစားခဲ့၊အမှတ်တမဲ့နေခဲ့သည်။ ပြည်သူတွေနှင့် ထိတွေ့မှုနည်းခဲ့ကြ သည်။ ပြည်သူတွေနှင့်ကင်းကွာခဲ့ကြသည်။ မြစိမ်းရောင်၊ ရွှေဝါမြေစသော စစ်ဆင်ရေးတွေထွက်ခဲ့မှုကြောင့် ပြည်သူတွေ၏ခံစားချက်ကို အနည်းအကျဉ်းသိခဲ့ရသည်။
ယခုပြည်သူဆိုတာပျောက်ပြီး တပ်မတော်သာအမိ တပ်မတော်သာအဖဆိုပြီးပြည်သူတွေကို အမှောင်တိုက်ထဲ ထည့်ထားကြသည်။ အကျဉ်းချထားကြသည်။ စော်ကားချင်တိုင်းစော်ကားနေကြသည်။ 

ယခု ပြည်သူသာအမိ ပြည်သူသာအဖ ဆိုသည့်စကားကို စာတွေ့မဟုတ်၊ ကိုယ်တွေ့သိခဲ့ရပြီ။ ခံစားတတ်လာရပြီ။ ပြည်သူတွေရဲ့တန်ဘိုး အဘိုးဖြတ်မရအောင် ကြီးမားကြောင်း ပို၍သိခဲ့ရပြီ။ ပြည်သူတွေသည် ကျွန်တော်တို့၏ကျေးဇူးရှင်၊ ယခု ကျွန်တော် စားနေ ဝတ်နေသုံးနေတာတွေသည် ကျွန်တော်တို့ကိုယ်ပိုင်ငွေကြေး ကိုယ် ပိုင်အစွမ်းအစဖြင့် စားနေ ဝတ်နေသုံးနေတာမဟုတ်။ ကျွန်တော်တို့မိဖရင်းတွေကျွေးနေပေးနေတာမဟုတ်။ တပ်က ကျွေးနေ ပေးနေတာမဟုတ်၊ ပြည်သူတွေမရှိသည့်ကြားက ကျွေးနေပေးနေကြသည်။ ထမင်းထုတ်တွေဖွင့်ကြည့်လိုက်လျှင်  ကောင်းပေ့ညွန့်ပေ့ဆိုသော ထမင်းဟင်းများကိုတွေ့ရသည်။ ချိုချဉ်သကြားလုံးများထည့်ပေးလိုက်သေးသည်။ ပြည်သူတွေတောင်ကျွန်တော်တို့လောက် ကောင်းကောင်းစားရမည်မထင်။

အဝတ်အစားဆင်ပေးသည်။ တယ်လီဗေးရှင်း ရေဒီယိုကက်ဆက်အပိုင်စားပေးထားသည်။ မိဘရင်းပင် ဤသို့ထားနိုင်ပါမည်လား။ ပြည်သူတို့၏မေတ္တာစေတနာသည် ကြီးမားဘိသည်။ ကျွန်တော်တို့ဘေးမသီရန်မခအောင် အားလုံးက ဝိုင်းဝန်းစောင့်ရှောက်ပေးသည်။ ကျွန်တော်တို့အပြင်မထွက်လိုက်နှင့် ထွက်လိုက်သည်နှင့် ပြည်သူတွေဝမ်းပန်းတသာလှိုက်လှိုက်လှဲလှဲကြိုဆိုကြသည်။ စစ်တပ်ကိုခါးခါးသီးသီးရွံမုန်းနေသော ပြည်သူတို့သည် ‘ဒို့ကိုနှိပ်ကွပ်ခဲ့သည့် အယုတ်တမာအာဏာရှင်၏အစွယ်အပွားတွေ’ဟု သာသဘောထားပြီး ကျွန်တော်တို့ကို ဥပေက္ခာပြုအညှိုးထားခဲ့ပါမူ ယခုလောက်ဆို ကျွန်တော်တို့၏ကံကြမ္မာသည် တွေးပင်မတွေးရဲတော့။ 

ပြည်သူတွေသည် ကျွန်တော်တို့၏အမိအဖဆိုပါလျှင် ကျောင်းသူကျောင်းသားများသည် ကျွန်တော်တို့၏ညီငယ်ညီမငယ်များသာ ဖြစ်မည်ပေါ့။ ဒီညီငယ် ညီမငယ်များသည် သူတို့၏အကိုကြီး အကိုလတ်အကိုငယ်ဖြစ်သော ကျွန်တော်တို့ကိုအရိပ်တကြည့်ဖြင့် မျက်နှာညှိုးမှာကိုပင်မကြည့်ရက်။

သူတို့စွမ်းဆောင်နိုင်သည့်အတိုင်းအတာအထိ အစွမ်းကုန်ဖြည့်ဆည်းပေးကြသည်။ သူတို့၏ကိုယ်ခန္ဓာကို တံတိုင်းသဖွယ်ကာရံပေးထားသည်။ အပြုံးပင်မပျက်ကြ။ မညီးညူကြ။
ကျွန်တော်တို့ယူရမည့်တာဝန်ကို သူတို့ယူနေကြရပြီ။ သူတို့ကိုနောက်မှာထားပြီး ကျွန်တော်တို့ရှေ့က မားမား မတ်မတ်ရပ်တည်ပေးရမည်ပေါ့။ ကာကွယ်ပေးရမည်ပေါ့၊ ခုတော့ပြောင်းပြန်ဖြစ်နေပါလား၊ ကျွန်တော်တို့ တာဝန်မကျေပါလား၊ ကျွန်တော်တို့အလွန်တာဝန်မဲ့နေလေပြီ။
သေသေချာချာစဉ်းစားလေ အလွန်တရာမှရှက်ဖို့ကောင်းလေလေ။ 

+++++

(၁၃) ရက်နေ့နေ့လယ်တွင် တပ်မှအရာရှိတချို့နှင့်အရာခံဗိုလ်တချို့ ရောက်လာပြီးရဲဘော်များတပ်စခန်းသို့ ပြန်ဝင်လာကြရန် စည်းရုံးကြသည်။ ဤတွင်ရဲဘော်သုံးပုံတပုံလောက်မှာ ဟုတ်နိုးနိုးဖြင့် တပ်ထဲပြန်ဝင်လိုသူများပေါ်ပေါက်လာသည်။ ဤကိစ္စကို အခြေအတင်ဆွေးနွေးကြသည်။ ကျွန်တော့်ဌာနဖြစ်သောကက(လေ)ကလည်း တပ်ထဲပြန်လာရန် မကြာခဏလာပြောသည်။ 

ကျွန်တော်နှင့်ဒေါ်နုနုအေးကလုံးဝပြန်မည်မဟုတ်ကြောင်း ပြန်ပြောသည်။ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ်ထွက်လာပြီးမှ ဘာကြောင့်ပြန်ဝင်ရမည်နည်း။ ပြည် သူလူထုနှင့်ကျွန်တော့်ပတ်ဝန်းကျင်ရှိနီးစပ်ရာတို့က ကဲ့ရဲ့လှောင်ပြောင်ကြပေတော့မည်။ ပြီးတော့ အရေးမယူဘူးဆိုတာ လုံးဝမဖြစ်နိုင်၊ ဒီလိုလုပ်လျှင် ဒီလိုဖြစ်တတ်သည်ကို ဤအရေးအခင်းတွင်မပါဝင်ကတည်းက ကြိုတင်တွက်ဆထားပြီးဖြစ်သည်။ 
ကျွန်တော့်ကိုခုမှ လူအထင်ကြီးအောင်ပြောနေသည်ဟုထင်ကောင်းထင်ကြပေမည်။ သို့သော်ခိုင်လုံသောအကြောင်းပြချက်ဖြင့် ကျွန်တော်ပြောခြင်းသာ ဖြစ်သည်။     
ကျွန်တော်တို့စစ်တပ်တွင် အလကားနေရင်းသောက်မြင်ကပ်ပုဒ်မ(၆၅)ဖြင့် အရေးယူနေတတ်သည်။ ယခုကိစ္စသည် ပုဒ်မ(၆၅)ထက် အဆပေါင်းတရာမကအပြစ်ကြီးလေးသည်။ တန်းပြည့်စစ်မှုထမ်းချိန်ဟုသတ်မှတ်၍ရနိုင်သော ယခုလိုကာလမျိုးတွင် ဂျူတီပို့စ်မှကိုက်(၅၀)အကွာထွက်မိလျှင်ပင် ပစ်သတ်ခွင့်ရှိလေရာ ယခုကျွန် တော်ရောက်ရှိနေသောနေရာမှာဂျူတီပို့စ်မှ မိုင်ပေါင်းများစွာကွာဝေးနေလေပြီ။ ကျွန်တော်တို့ဆန္ဒပြသော စက်တင်ဘာလ (၉)ရက်နေ့သည် ကိုယ့်အိပ်ရာလိပ်ကိုယ်ယူပြီးရုံးသို့လာရမည်ဟု အမိန့်ထုတ်ထားသောအချိန်ကာလဖြစ်သည်။

ပြီးတော့ ကိုယ့်ဌာနအကြောင်းကိုယ်သိသည်။ ကျွန်တော်တို့တပ်မှူး လေ/၁၂၃၁ ဗိုလ်မှူးမြအောင်သည် ဤကိစ္စကိုတာဝန်ယူမည်မဟုတ်။ စခန်းမှူးဗိုလ် မှူးကြီးဘဆန်းကလည်း စစ်စည်းကမ်းနှင့်ပတ်သက်လျှင် တရွေးသားမျှအလျှော့ပေးလိမ့်မည်မဟုတ်။ မျက်နှာအနေအထားကပင် ဘယ်အချိန်ကြည့်ကြည့် (ကျွန်တော်တွေ့ရသည့်အချိန်တိုင်း) တင်းမာနေသည့်သူ၊ ဒီတော့တာဝန်ယူသည်။ ဘာမျှမဖြစ်စေရဆိုသည်မှာ ရေပေါ်အရုပ်ရေးလျှင် ထင်ချင်ထင်မည်။ စကားလေးတခွန်း (သတိမထားမိဘဲ) အမှတ်မထင်ပြောမိသည့်အတွက်ပင် ရေကြည်အိုင်ရောက်ပြီး ဘဝပျက်ဖူးသူတို့ရှိခဲ့ဖူးသည်။

ကတိအထပ်ထပ်ပေးပြီး အရေးမယူဆိုသည့်တိုင် တပ်ကိုပြန်သွားလျှင် အလိုလိုမျက်နှာငယ်ရတော့မည်။ စောင့်ကြည့်ခံရတော့မည်။ ကိုယ်မှန်သည်ထင်၍ လုပ်လိုက်သည့်ကိစ္စကိုမှားပါသည်ဟု ခံဝန်ချက်ပေးရတော့မည်။
( စစ်တပ်၏အစိတ်အပိုင်းတစိတ်တဒေသဖြစ်သည့်ကျွန်တော်တို့သည် စစ်တပ်၏မှားယွင်းသောလုပ်ရပ်များကြောင့်) ပြည်သူလူထုရှေ့ဝန်ချတောင်းပန် ဒူးထောက်ရသည်က လိပ်ပြာသန့်လှသည်။ ပြည်သူသာအမိ ပြည်သူသာအဖ မဟုတ်ပါလား ။
+++

( နက်ဖန် ၈-လေးလုံးနေ့တွင်နိဂုံးပိုင်း ဆက်ဆက်တင်ပါမည် )
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar