မိုးမခမိုးမခအက်ဆေး - ခင်လေး (Aotearoa) ' ရန်စွယ်ကြားက လှဥမ္မာဖြစ်နေတဲ့ အော်ကလန် '
မိုးမခအက်ဆေး
စက်တင်ဘာ ၇၊ ၂၀၂၁
' ရန်စွယ်ကြားက လှဥမ္မာဖြစ်နေတဲ့ အော်ကလန် '
ခင်လေး (Aotearoa)
ဒီနေ့ည သန်းခေါင်မှာ အော်ကလန်ရဲ့ တောင်ဘက်က မြို့တွေ အကုန်လုံး သတိပေးချက် အဆင့် ၃ ကို ပြောင်းပါမယ်။ သူတို့ ဆီက စားသောက်ဆိုင်တွေ ဖွင့်လို့ ရတော့မှာပေါ့။ ဆိုင်ထဲလူတွေ ဝင်လို့မရပေမယ့် အိမ်ကို ဝယ်စား မှာစားလို့ ရတော့မှာ။ အော်ကလန်ကတော့ အဆင့် ၄မှာပဲ ၂ ပတ် ဆက်နေရဦးမတဲ့။ KFC လေးတောင် မှာစားလို့ မရဘူးဆို ဝမ်းနည်းနေကြတဲ့သူတွေ သတင်းထဲမှာ ပါလာလေရဲ့။ တစ်ယောက်နဲ့ စလိုက်တဲ့ ဒယ်လ်တာဟာ ဒီနေ့အထိ ၁၄ ရက်အတွင်းမှာ ၆၁၂ ယောက်အထိ ရောက်သွားပြီ။ မနေ့က ကူးတဲ့သူ ၅၃ ယောက် ဒီနေ့ ၄၉ ယောက်ဆိုတော့ ကျလာပြီ၊ ပိုးကူးနိုင်နှုန်း နည်းလာပြီဆိုတဲ့ သဘောပေါ့။
အဲဒီလို စိတ်နည်းနည်း အေးရသလို ဖြစ်နေတုန်းမှာ ဗြုန်းဆို မနေ့က ကာကွယ်ဆေးထိုးပြီး အမျိုးသမီးကြီး တစ်ယောက်ဆုံးသွားတဲ့ သတင်းတက်လာတော့ စိတ်မကောင်းဖြစ်ရပြန်ရော။ နှလုံးကြွက်သားရောင်တဲ့ရောဂါအပြင် အခြားရောဂါအခံတွေပါရှိလို့တဲ့။ ကိုယ့်အိမ်က လူတွေက ဒီနေ့မနက် သွားထိုးရမှာဆိုတော့ စိတ်တွေပူ၊ ရှိသမျှ အားဖြစ်မယ့်ဟာတွေ ချက်ကြွေး၊ ခုချိန်ထိတော့ အဆင်ပြေဆဲပဲ၊ ကိုယ်ထိုးတုန်းက ဒုတိယနေ့မှာ နေမကောင်းဖြစ်တာဆိုတော့ နက်ဖန်အထိ စိတ်ပူနေဦးမှာ။
မနေ့ညက မက်သျူးညောင်လေး အပြင်ထွက်မယ်ဆို တံခါးဖွင့်ပေးတော့ လျှပ်စီးတွေလက် မိုးတွေချုန်း လေတွေတိုက်နေတာ တွေ့လိုက်ရတယ်။ ကလေးတွေကတော့ ပျော်လို့။ သမီးလေးငယ်ငယ် ဘန်ကောက်မှာနေတုန်းကမိုးချုန်းရင် ကြောက်မှာစိုးလို့ လျှပ်စီးလက်တာတွေ့ကထဲက သူ့နားလေးကို ပိတ်ပြီး သမီးရေ ဒေဝေါကြီးအသံ အကျယ်ကြီး ကြားရတော့မယ်၊ နားပိတ်ထားကြမယ်လို့ပြောရင် ခိခိ ခိခိနဲ့ သိပ်သဘောကျတာ။ အမေက ကစားနေတယ်လို့ သူထင်တယ်လေ။ ခုထိ မိုးချုန်းသံကြားရင် ပျော်တုန်း။
ဒါပေမယ့် ဒီနေ့သတင်းဖွင့်လိုက်တော့ အော်ကလန်အနောက်ပိုင်းမှာ ရေကြီးလို့ အိမ်ပေါင်း ၅၀ ကျော်လောက် ရေမြုပ်သွားသတဲ့။ စိတ်မကောင်းစရာ၊ ဝန်ကြီးချုပ်က ရေဘေးဒဏ်ကနေ ကယ်တင်ဖို့ အရေးကြီးပါတယ်၊ သတိပေးချက် အဆင့် ၄ မှာဆိုပေမယ့် အကူအညီလိုရင် ခေါ်ကြပါ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်၊ ကယ်ဆယ်ရေးသမားတွေလဲ ကြိုးစားကူညီနေကြပါတယ်လို့ ပြောသွားပါတယ်။ ကယ်ဆယ်ရေးစင်တာတွေမှာလဲ လိုတာတွေ လုပ်ကြပါ အဲဒါက ပိုအရေးကြီးပါတယ်လို့လဲ ပြောသေးရဲ့။ တချို့တွေက မြင်းလေးတွေ မွေးထားတာ ရေတက်လာတော့ အိမ်ပေါ်ထပ်တင်ထားကြသတဲ့။ လူနှစ်ယောက်ကတော့ ရေထဲမြောပါသွားတဲ့ မြင်းလေးကို လိုက်ကယ်ကြတာ တစ်ယောက် စက်လှေပေါ်ကကျပြီး မြင်းကယ်ရာကနေ လူကယ်ရပြန်ရောတဲ့။
30.08.2021 တနင်္လာနေ့ (7:30 p.m.)
အဲဒါနဲ့တင် မပြီးသေးပါဘူး။ သောကြာနေ့ နေ့လည်ပိုင်းမှာ ကိုယ်တို့ ဘုန်းကြီးကျောင်း ရှေ့နားလေးတင်ရှိတဲ့ စူပါမားကက်ထဲကို အကြမ်းဖက်သမားတစ်ယောက်က စျေးဝယ်ဖို့ဆိုဝင်လာပြီး ၁၀ မိနစ်လောက်လဲကြာရော ဆိုင်ထဲမှာရောင်းနေတဲ့ ဓါးဆွဲပြီးလိုက်ထိုးတာ လူ ၇ ယောက် ဒဏ်ရာရသွားပါလေရော။ သူ့ကိုတော့ စက္ကန့် ၆၀ အတွင်းပစ်ဖမ်းတာ သေသွားတယ်လို့ဝန်ကြီးချုပ်ကပြောတော့ အထင်တွေများကြီးလို့။ တကယ်တော့ ဒီလူဟာ လူတွေကို အန္တရာယ်ပေးနိုင်တယ်ဆိုတာသိထားလို့ ၂၄ နာရီလုံး အရပ်ဝတ်နဲ့ စောင့်ကြည့်ဖို့ စီစဉ်ထားရတဲ့သူတဲ့။ ကိုးဗစ်ကြောင့် လိုက်တဲ့သူက ဆိုင်ထဲအထိဝင်မလိုက်ပဲ နေလိုက်တဲ့အချိန်မှာ ဖြစ်တာတဲ့၊ ဖြစ်ပြီး စက္ကန့် ၉၀ ကြာမှသိလို့ ဝင်လိုက်လာပြီး ပစ်တာတဲ့။ ဒီကလူတွေ အားကြီးယုံလွယ်တယ်။ သနားတတ်တာလဲ လွန်လို့။ အလှူအတန်းကလဲ အလွန်ဝါသနာပါ။ မြန်မာပြည်မှာလို ကဗျည်းထိုးပြီးလှူတာမျိုးမဟုတ်ဘူး၊ လမ်းအတော်များများမှာ ကိုယ်တို့ဆီက အမိုးနဲ့အကာနဲ့ ရေချမ်းစင်လိုသစ်သားအိမ်လေးတွေဆောက် စာအုပ်တွေ အသီးအနှံတွေ စည်သွတ်ဗူးတွေ အခြောက်အခြမ်း စားစရာတွေ ထည့်ထားတတ်သလို တချို့နေရာတွေကျတော့ ရေခဲ သေတ္တာအဟောင်းတစ်လုံးထောင်ပြီး စာအုပ်တွေထည့်ထားတတ်တယ်။ လိုတဲ့သူ ကြိုက်တဲ့အချိန်ယူပေါ့။
နောက်နေ့လဲကျရော ဒယ်လ်တာကြောင့် အသက် ၉၀ အရွယ် အဖွားတစ်ယောက်ဆုံးတယ်ကြားရပြန်ရော၊ နယူးဇီလန်မှာ ကိုးဗစ်ရဲ့ ၂၇ ယောက်မြောက် သားကောင်ပေါ့။ မနေ့ကတော့ မနက် ၁၁ နာရီလောက်က ရောက် လာတဲ့ နေမကောင်းလို့ ကိုးဗစ်စစ်ထားတဲ့ လူနာကို ကျန်တဲ့ လူနာတွေနဲ့ ရောထားပြီး ညနေ ၃ နာရီလောက်မှာ ပိုးရှိကြောင်းအဖြေရတော့ အသည်းအသန်ရွှေ့ သူနေတဲ့နေရာကသူတွေကို ခွဲထားဆေးရုံက လူနာဆောင် နှစ်ခုပိတ်၊ ဝန်ထမ်းတွေလဲ အလုပ်ရပ်၊ အိမ်မှာ isolate လုပ်၊ quarantine လုပ်၊ ပေါ့ဆတာတွေကို မီဒီယာက အော်၊ ရှုပ်ရှက်တွေ ခပ်နေတာပါပဲ။
ဒီနေ့ ညနေ အထူးသတင်းမှာတော့ အော်ကလန်ကလွဲလို့ နယူးဇီလန်က ကျန်တဲ့မြို့တွေ အားလုံး သတိပေးချက် အဆင့် ၂ (ဒယ်လ်တာ ၂) ကို ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ကစပြီး ပြောင်းလို့ရပြီလို့ ဝန်ကြီးချုပ်ကပြောသွားပါတယ်။ ပုံမှန် ၂ နဲ့ ဒယ်လ်တာ ၂ ကွာတာကတော့ ဘယ်သွားသွား နှာခေါင်းစည်း တပ်ဖို့၊ ကျန်းမာရေး အတွက် ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်တဲ့ နေရာတွေ ရေကူးကန်တွေမှာ ၂ မီတာ အကွာအဝေးမှာနေကြဖို့ စား သောက်ဆိုင်တွေမှာ ၁ မီတာအကွာမှာ နေကြဖို့ ဆိုတာတွေကတော့ ပုံမှန်နဲ့ ဒယ်လ်တာ ကွာတာတွေပေါ့။
ကိုယ်တို့ အော်ကလန်ကတော့ လာမယ့် အင်္ဂါနေ့ကျမှ အဆင့် ၃ ချမချ သိရမယ်။ ခုလောလောဆယ် တစ်နေ့ကို အယောက် ၂၀ ထပ်ထပ်ကူးနေတာ ၃ ရက်ရှိပြီ။ လူတွေ စည်းကမ်းမရှိပေါ့ဆတာနဲ့ ဘယ်လောက်ကြာကြာ အိမ်ထဲနေရဦးမယ်မသိ။ အပြင်သိပ်မထွက်တဲ့ ကိုယ်တို့မိသားစုအတွက်ကတော့ ပြဿနာ မရှိလှပါဘူး။ ကွန်ပျူတာတစ်လုံးနဲ့အညောင်းထိုင်ရလွန်းလို့ ခါးနာတာတခုပဲ ဆိုးတယ်။
ဘေးရန်ကင်းကြပါစေ။
ခင်လေး (Aotearoa)
17:56 p.m. 06.09.2021 Monday
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar