မိုးမခအမှတ်တရပုံရိပ်လွှာများ - ဝင်းမင်းခိုင် "မောင်သင်းခိုင်နဲ့မောင်ခိုင်မာ"
'မောင်ခိုင်မာက နဘေကိုအားသန်တယ် ငါ့ညီရ ... '
ကဗျာဆရာမောင်ခိုင်မာက ရန်ကုန်အင်းစိန်ဇာတိ ဖြစ်မယ်ထင်ပါတယ်။
ကဗျာဆရာထီလာစစ်သူအကူညီနဲ့သစ်ထုတ်လုပ်ရေးဌာနမှာအလုပ်ရပါတယ်၊ ပျဉ်းမနားသူ သူနာပြုဆရာမနဲ့အကြောင်းပါပြီး ပျဉ်းမနားမှာအခြေကျသွားပါတယ်။
သူ့အမျိုးသမီးကအကိုကြီး မောင်သင်းခိုင်ရဲ့သူငယ်ချင်းပါ။ အသားလတ်လတ် မပိန်လွန်းမဝလွန်း သဘောကောင်းသူတယောက်ပါ။
ဆေးပြင်းလိပ်သောက်၊ ကွမ်းစားတဲ့အပြင်၊ ယမကာမြတ်နိုးသူ စာရင်းဝင်တယောက်ပါ။
လူကြီးကဗျာဆရာတွေထဲမှာ ရေးအားအင်မတန်ကောင်းပြီး သူ့ကဗျာတွေကို မဂ္ဂဇင်းတွေမှာ ခပ်စိပ်စိပ်တွေ့နိုင်ပါတယ်။
"ရှင်မရေ" လို့တိုင်တည်ပြီး ကုန်ဈေးနှုန်းတွေတက်တဲ့အကြောင်း၊ ပြည်သူတွေစီးပွားရေးကြပ်တည်းတဲ့အကြောင်းတွေကို ခေတ်ကိုထင်ဟပ် နဘေထပ်ပြီး ညည်းငြူတာတွေ မောင်ခိုင်မာရဲ့ကဗျာတွေထဲမှာ အတွေ့ရများပါတယ်။
အစောပိုင်းကာလတွေမှာ အကိုကြီးမောင်သင်းခိုင်နဲ့ကျနော်တို့ထိုင်တဲ့လက်ဖက်ရည်ဆိုင်ကိုလာထိုင်တတ်ပြီး နောက်ပိုင်းကိုမိုးကျော်အောင်ရဲ့ပန်းရိုးမမှာလာထိုင်ပါတယ်။
ဝင်းမင်းခိုင်ရေ မင်းစဉ်းစားကြည့်
ဒို့ပြည်သူတွေက "ထမင်းစားပြီးပလား"၊"ဘယ်သွားမလို့လဲ"၊"ကျန်းမာရေးဂရုစိုက်အုံး"၊ "ကုန်ဈေးနှုန်းတွေကလဲဟယ် တက်ပြီးရင်ပြန်မကျတော့ဘူး"
"ဟဲ့ကောင်မ ဘာဟင်းချက်လဲ " အစရှိသဖြင့် တနေ့တနေ့ကို စကားလုံးနည်းနည်းပဲသုံးပြီး တနေကုန်သွားကြတာ။
မင်းတို့ငါတို့ကဗျာဆရာတွေ၊ စာရေးတဲ့သူတွေကတော့ ပြောနေတဲ့အကြောင်းရာတွေ၊ သုံးနေတဲ့ဝေါဟာရတွေကစုံ၊ စကားလုံးတွေကသစ်လွင်များပြားတော့ ဒို့စာရေးတဲ့သူချင်းပဲ နားလည်၊ ဒို့ချင်းပဲပြောမှရတာဆိုတော့ ကဗျာဆရာတွေ စာရေးဆရာတွေ အနုပညာသမားတွေရဲ့ဆုံရပ်က စိတ်အေးလက်အေးထိုင် စကားတွေပြောချင်သလိုပြောလို့ရတဲ့ လက်ဖက်ရည်ဆိုင်တွေဖြစ်လာပြီး၊ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုထွန်းကားလာတာပေါ့။
အဲသလိုပြောလို့ ကဗျာဆရာတွေက ပြည်သူနဲ့ကင်းကွာတယ်၊ ပြည်သူရဲ့အပေါ်မှာရှိတယ်လို့ ဆိုလိုတာမဟုတ်ဘူးနော်။
ဖြတ်သန်းတဲ့ပုံသဏ္ဍာန်မတူပေမယ့် ဖြတ်သန်းနေတဲ့ခေတ်ကြီးကအတူတူပဲကွ။
တင်းကြပ်ဖိနှိပ်ထားတဲ့စနစ်ကြောင့် မနက်စာပြီးတော့ညစာအတွက်ပူပင်နေရ၊လူးလားဆွဲရှာဖွေနေရတော့ စကားလုံးတွေ၊ဘာသာဗေဒတွေပါ ရှားပါး ဆင်းရဲကုန်တာပေါ့ကွာ။
မောင်သင်းခိုင်တို့ မောင်လေးမွန်တို့ ကိုဇော်ဝင်းကိုတို့လို လူမြင်ကွင်းက ရုတ်တရက်ပျောက်ပျောက်သွားတတ်တဲ့အထဲမှာ မောင်ခိုင်မာ မပါပါဘူး။
စကားဝိုင်းတွေမှာလည်း သူ့ဆီက နိုင်ငံရေးစကားလုံးတွေ ကြားရခဲပြီး ကျန်တဲ့သူပြောတာကို စိတ်ရှည်လက်ရှည်နားထောင်ပေးတတ်ပါတယ်။
သူ့သား (အမျိုးသမီးဖက်ကပါ) ကိုဝင်းထွန်းက ကျနော်တို့ ကိုမိုးကျော်အောင်တို့၊ ဆရာလေး ကိုကျော်စိန်တို့ေ ရွှဗဂျီမျိုးမင်းဇော်တို့၊ ကိုဇော်ဝင်း၊ ကိုရွှေဖိုးဩ
ကိုဂျွန်လတ်တို့နဲ့အတွဲပါ၊ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသား ပန်းချီလဲရေးပါတယ်။
ကျနော်တို့ပျဉ်းမနားသီတင်းကျွတ်ဟာ ဗမာပြည်ရဲ့အစည်ကားဆုံးပွဲတွေထဲကတခုဖြစ်ပြီး အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေငှားပြီး ဓမ္မာရုံတခုချင်းစီက ဖျော်ဖြေရေးကားတစီးစီ ထွက်ပါတယ်။
ရပ်ကွက်တခုမှာ ဓမ္မာရုံတခုရှိလေတော့ ကားတွေကိုသူ့ထက်ငါကောင်းအောင်အလှဆင်၊ အနုပညာရှင်တွေကိုလဲကောင်းသထက်ကောင်းအောင် ရှာဖွေငှားရမ်းကြပါတယ်။
အပေါ်မှာပြောခဲ့တဲ့ကျနော်တို့အဖွဲ့က သီတင်းကျွတ်မှာထွက်မယ့်ကားတစီးကိုအလှဆင်ပေးခဲ့ကြဖူးတယ်၊ နေ့မအိပ်ညမအိပ်တပတ်လောက် ရေးရပါတယ်၊ ရွှေဗဂျီမျိုးမင်းဇော်က ပန်းချီကျောင်းဆင်းပါ။ သူနဲ့ ကိုဝင်းထွန်းက အဓိကဦးဆောင်ပြီး ကျန်တဲ့သူတွေက သူတို့အောက်လိုင်းကောက်ထားတာကို ဆေးဖြည့်တာတို့၊ တောက်တိုမယ်ရလုပ်ပေးတာတို့နဲ့ စကြ။ နောက်ကြ၊ ပျော်ကြပါးကြနဲ့ မမေ့နိုင်စရာငယ်ဘဝတခုပါ။
မောင်ခိုင်မာကလစာထုတ်ရက် ခရီးစရိတ်ပါ ထုတ်လာလို့ ငွေစကြေးစရွှင်လာရင် ကြက်ဖကြီးလက်ဖက်ရည်ဆိုင်နားက ကြေးအိုးဆိုင်မှာ ကျွေးတတ်ပါတယ်။ သောက်တတ်သူကသောက် မသောက်တတ်သူကစား ပြီးကဗျာအကြောင်းစာအကြောင်းပြောရင်း တနေကုန်တတ်ပါတယ်။
မောင်ခိုင်မာရဲ့အကျင့်တခုက တနေကုန်အရက်ကောင်းတွေဘယ်လောက်ပဲသောက်ခဲ့ သောက်ခဲ့ ပျဉ်းမနားဘူတာနားကသူ့အိမ်ကိုပြန်ပြီဆိုရင် ဘူတာထဲက
ခရီးသွားတွေကိုရောင်းတဲ့ဆိုင်က ချက်အရက်တခွက်ကို အမြဲတမ်းဝင်သောက်တတ်တာပါ။
အကိုကြီးမောင်သင်းခိုင်က မောင်ခိုင်မာရဲ့အစာပိတ်တခွက်လို့ စ တတ်ပါတယ်။
သူပင်စင်ယူပြီး ရန်ကုန်ကိုပြောင်းသွားတော့ ကျနော်တို့နဲ့မတွေ့ရသလောက်ပါပဲ။
ခြေထောက်တွေရောင်နေတတ်လို့ လေထန်ကုန်းကိုလဲ အရောက်အပေါက်နည်းဟန်တူပါတယ်။
ပျဉ်းမနားသားမဟုတ်ပေမယ့် ပျဉ်းမနားကဗျာဆရာတွေအကြောင်းပြောရင် မောင်ခိုင်မာကိုချန်မထားသင့်ဘူးလို့ ကျနော်ယူဆပါတယ်။
ချစ်တဲ့
ဝင်းမင်းခိုင်
၆.၉.၂၁
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar