စိုင်းဇင်ဒီဒီဇုံ - အခန်း (၂) တာချီလိတ်မှ ရှင်းထုတ်ခြင်း
ချန်ကေရှိတ်ရဲ့ တပ်ကြွင်းတပ်ကျန်တွေ ရောက်လာတဲ့အခါတုန်းက ကျိုင်းတုံနယ်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ထဲက စီးပွားရေးအရ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ အမေ့ခံနယ်ဖြစ်တယ်။ ဧရိယာ ၁၂,၄၀၀ စတုရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေ ၂၅၀,၀၀၀ လောက်ရှိတယ်။1ကျိုင်းတုံနယ်ဟာ မြန်မာနိုင်ငံ ရှမ်းနယ်တွေထဲမှာ ဧရိယာအကျယ်ဆုံး၊ လူဦးရေအများဆုံးဖြစ်တယ်။ သံလွင်မြစ်နဲ့ တောင်တန်းအထပ်ထပ် ကာစီးထားတာကြောင့် နိုင်ငံသစ်ထဲမှာ တသီးတခြားဖြစ်နေတယ်။ လူများစုဖြစ်တဲ့ ရှမ်းတွေအပြင် တခြားလူနည်းစုတွေလည်း ရှိပြီး နှစ်ဖက်နယ်စပ်ဒေသတွေမှာ ပျံ့နှံ့နေထိုင်ကြတယ်။ ကရင်၊ ကချင်နဲ့ တရုတ်တွေလည်းပါတယ်။ အားလုံးပေါင်းရင် လူဦးရေရဲ့ သုံးပုံလေးပုံလောက်ရှိပြီး များသောအားဖြင့် နယ်ရဲ့ မြေပြန့်ဒေသမှာ နေကြတယ်။ တောင်ပေါ်တွေမှာတော့ တခြားလူ့အသိုင်းအဝိုင်းနဲ့ သိပ်အဆက်အသွယ် မလုပ်တဲ့ လူမျိုးစုတွေနေတယ်။ အဓိကဝင်ငွေအတွက် ဘိန်းစိုက်ကြတယ်။ ကျိုင်းတုံနယ်မှာ ဗမာလူဦးရေ တစ်ရာခိုင်နှုန်းလောက်ပဲရှိတယ်။ ကျိုင်းတုံနယ်ကို အသက် ၂၂ အရွယ်ရှိတဲ့ ရှမ်းစော်ဘွားက အုပ်ချုပ်တယ်။ ရန်ကုန်ကနေ ဝင်ရောက်စွက်ဖက်မှုလည်း မရှိသလောက်ပါပဲ။ ပထဝီအနေအထား၊ ကုန်သွယ်ရေး၊ လူမျိုးစု ဆက်နွှယ်မှုတွေကိုကြည့်ရင် ကျိုင်းတုံနယ်က ရှမ်းတွေဟာ မြန်မာနိုင်ငံ တခြားဒေသတွေထက်စာရင် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ပိုပြီးနီးစပ်ပါတယ်။
မြန်မာနိုင်ငံ ဗြိတိသျှတို့လက်အောက်ကနေ လွတ်လပ်ရေးရတာ နှစ်နှစ်တာပဲ ရှိသေးတဲ့အချိန်မှာ ပြန်လည်ထူထောင်ရေးတပ်တော်က ကျိုင်းတုံနယ်ရဲ့ ချောင်ကျကျ တနေရာမှာ လာပြီးခိုလှုံနေပါတယ်။ ဒုတိယကမ္ဘာစစ်နဲ့ ဂျပန်တွေ သိမ်းပိုက်အုပ်စိုးမှု ဒဏ်တွေခံထားရတာကြောင့် မြန်မာနိုင်ငံက ဗြိတိသျှ ကိုလိုနီ လုပ်ငန်းအဖွဲ့အစည်းတွေလည်း အားနည်းကုန်ပါပြီ။ မြန်မာနိုင်ငံ စီးပွားရေးကလည်း ချွတ်ချုံကျနေပါတယ်။ လူများစု ဗမာတွေ နဲ့ နယ်ခြားဒေသက လူနည်းစု လူမျိုးစုတွေ ဆိုးဆိုးရွားရွား ကွာခြားချက်တွေ များပြားလှပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဗမာတွေက ဂျပန်တွေနဲ့ ပူးပေါင်းခဲ့ပြီး ရှမ်းကလွဲပြီး နယ်ခြားဒေသတခြားလူမျိုးစုတွေက မဟာမိတ်တွေဘက်က ရပ်တည်ခဲ့ပါတယ်။ လူမျိုးရေးတင်းမာမှုတွေ ပေါ်ပေါက်ခဲ့တဲ့အလျောက် ကျေးလက်ဒေသက ရဲနဲ့ အရပ်ဘက် အုပ်ချုပ်ရေးမှူးတွေဟာ ခွဲထွက်ရေးသမားတွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေ မကြီးထွားလာနိုင်အောင် အစွမ်းကုန် ကြိုးပမ်းနေကြရပါတယ်။
တရုတ်−တိဗက် ဘာသာစကားအုပ်စုဝင် ကရင်လူမျိုး စစ်ရဲတပ်ဖွဲ့ဝင်တွေက ခွဲထွက်ရေးအတွက် လှုပ်ရှားနေတဲ့ ကရင့်အမျိုးသားကာကွယ်ရေးအစည်းအရုံး− ကေအဲန်ဒီအိုနဲ့ သွားပူးပေါင်းခဲ့တဲ့နောက် စစ်ပွဲတွေ ပြင်းထန်လာပါတယ်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီလမှာ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ ရှိတဲ့ လက်နက်တိုက်ကို ကရင်တွေက အကုန်ဖွင့်ယူလိုက်ကြပြီး မြို့တော်ကိုပိတ်ဆို့တိုက်ခိုက်ဖို့ ပြင်ဆင်ပါတယ်။ မွန်လူမျိုး တိုက်ခိုက်ရေးသမားတွေကလည်း ကရင်တွေနဲ့ပေါင်းပြီး ပုန်ကုန်ပါတယ်။ သက်တမ်းနု မြန်မာ့တပ်မတော်မှာပါတဲ့ ကချင်တပ်ဖွဲ့တချို့ကလည်း တောခိုပါတယ်။ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနုက တပ်မတော်ရဲ့ ကရင်လူမျိုး ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ဗမာလူမျိုးတယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး နေဝင်း အစားထိုးခန့်အပ်လိုက်ပါတယ်။ အဲဒီနှစ်အကုန်လောက်မှာ အစိုးရတပ်တွေက ကချင်သူပုန်တွေကို ယူနန်ဘက်ထွက်ပြေးရတဲ့အထိ မောင်းထုတ်လိုက်ပါတယ်။ နိုင်ငံရဲ့ ဒုတိယမြို့တော် မန္တလေးကိုလည်း ပြန်သိမ်းလိုက်နိုင်တယ်။ ကရင်တွေ ရန်ကုန်ကို ဝိုင်းထားတဲ့ ရန်ကလည်း လွတ်မြောက်လာပြီး မြို့ပြဒေသအတော်များများကို ပြန်လည်ထိန်းချုပ်လာနိုင်တယ်။
နိုင်ငံသစ် ညီညွတ်ရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံအစိုးရ အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတော်အတန်ရထားတဲ့ ရှမ်းပြည်နယ်ဟာ စိတ်အနှောက်အယှက်ဖြစ်စရာ တခုပါပဲ။ လွတ်လပ်ရေးရတဲ့အခါ ဗဟိုအစိုးရက ရှမ်းစော်ဘွားနယ် ၃၃ နယ်ကို ရှမ်းပြည်နယ်တခုတည်း အဖြစ်ဖွဲ့စည်းလိုက်ပါတယ်။ ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ မြေဧရိယာ ငါးပုံတပုံရှိပြီး လူဦးရေအရလည်း ရှစ်ပုံတပုံ ရှိပါတယ်။ ပြည်နယ်ကို အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း ရှမ်းပြည်နယ်လို့ ခွဲထားပါတယ်။ အရှေ့ပိုင်းရှမ်းပြည်နယ်ကတော့ ကိုးကန့်နယ် ဖြစ်ပါတယ်။ သံလွင်မြစ်နဲ့ ယူနန် နယ်နမိတ်အကြား၊ ယူနန်ဘက်ကနေ မြန်မာဘက် စီးဆင်းတဲ့ နမ့်တင်မြစ် မြောက်ဘက်မှာမှာ ရှိပြီး ဒုတိယကမ္ဘာစစ်တုန်းက နာမည်ကျော်ကြားခဲ့တဲ့ ခွန်းမင်ကိုသွားတဲ့ မြန်မာပြည်လမ်းမကြီးကို ခွလျက်သားရှိပါတယ်။ တရုတ်လူမျိုးတွေ အများစုနေထိုင်ပါတယ်။ နမ်တင်မြစ်ရဲ့ တောင်ဘက် တောင်တန်းဒေသတွေမှာတာ့ နတ်ကိုးကွယ်တဲ့ ‘ဝ’ လူမျိုးစုတွေဟာ နှစ်နိုင်ငံနယ်နမိတ်မျဉ်းရဲ့ နှစ်ဖက်စလုံးမှာ နေထိုင်ကြပါတယ်။ ‘ဝ’ လူမျိုးတွေကို ဘိန်းစိုက်တဲ့လူတွေအဖြစ် လူသိများကြသလို ခေါင်းဖြတ်တတ်တဲ့ဓလေ့ကြောင့်လည်း လူသိများပါတယ်။ ဒီဓလေ့ကြောင့်လည်း ဗြိတိသျှအာဏာပိုင်တွေက ‘ဝ’ တွေကို သူတို့ဒေသခံ အကြီးအကဲတွေက တဆင့်ပဲ အုပ်ချုပ်ခဲ့ပါတယ်။
ကျိုင်းတုံနယ်−ခေတ်ရေစီးကြောင်းရဲ့ နောက်ထဲက ပေါက်ကွဲလုလု အခြေအနေ
ကျိုင်းတုံနယ်ရဲ့ မြို့တော်ဟာ ကျိုင်းတုံလို့ပဲ ခေါ်ပါတယ်။ လူမျိုးပေါင်းစုံ လူဦးရေ ၂၀,၀၀၀ လောက် နေထိုင်ပြီး တောင်ပေါ်ဒေသက မြေပြန့်တခုဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၇၀၀ လောက် ရှိပါတယ်။ မြို့ရဲ့ အဓိက ရောင်းဝယ်ရေးနေရာတွေမှာ ၁၉၅၀ လောက်တုန်းက သစ်သား အိမ်ဆိုင်လေးတွေကနေ အုတ်အင်္ဂတေတွေ အပြိုင်းအရိုင်း ဆောက်လုပ်နေကြပါတယ်။ အများပြည်သူ အတွက် လျှပ်စစ်မီးနဲ့ ရေ ဖြန့်ဝေပေးနိုင်တဲ့ စနစ်မရှိသေးပါဘူး။ ချမ်းသာသူတွေကတော့ မီးစက်တွေ၊ ကိုယ်ပိုင်ရေတွင်းတွေ ရှိကြတယ်။ မြို့သူမြို့သား အများစုကတော့ အများသုံးရေတွင်း၊ ရေကန်၊ ချောင်းမြောင်းတွေက ရေတွေပဲ သုံးရတယ်။ တယ်လီဖုန်း မရှိသေးပေမယ့် စော်ဘွား အုပ်ချုပ်ရေးအဖွဲ့မှာ ကြိုးမဲ့ဆက်သွယ်ရေးစခန်း တခုရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ထိုင်းတွေ သိမ်းပိုက်အုပ်ချုပ်တုန်းက ဖောက်လုပ်ထားတဲ့ မြေသားလေယာဉ်ကွင်းတခုရှိပြီးပေမယ့် မိုးရွာရင်တော့ သုံးလို့ မရပါဘူး။
ကျိုင်းတုံမြို့ကနေ တောင်ဘက်ကို ဦးတည်ပြီး ၁၀၄ မိုင် ရှည်လျားတဲ့ တလမ်းမောင်းကားလမ်းကနေ တာချီလိတ်−မယ်ဆိုင် နယ်စပ်ကနေဖြတ်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ ချိတ်ဆက်ထားပါတယ်။ ဒီ “အမြန်လမ်း” ကို ဒုတိယကမ္ဘာစစ်တုန်းက ထိုင်းစစ်သားတွေ ဖောက်ခဲ့တာပါ။ အရှေ့ဘက်မှာ အပြည်ပြည်ဆိုင်ရာ နယ်နမိတ် ဖြစ်နေတယ့် နမ့်ဟုတ်မြစ်ရဲ့ လက်တက်ချောင်းလေး တခုက တာချီလိတ်နဲ့ မယ်ဆိုင်ကို ပိုင်းခြားထားပါတယ်။ မယ်ဆိုင်ဆိုတာ ထိုင်းနိုင်ငံရဲ့ မြောက်ဘက်အစွန်အကျဆုံး မြို့တမြို့ဖြစ်ပြီး တရုတ်−ထိုင်း ကုန်သွယ်ရေးမြို့လည်း ဖြစ်ပါတယ်။ ၁၉၅၀ လောက်တုန်းက မြို့နှစ်မြို့ကို လူကူးတံတားလေး တစင်းနဲ့ ဆက်သွယ်ထားပါတယ်။ ကားတွေကတော့ နွေအခါမှာ ရေတိမ်တဲ့ နေရာလောက်က မောင်းဖြတ်ကြပြီးတော့ မေလကနေ စက်တင်ဘာလ မုတ်သုံမိုးရွာသီမှာတေ့ ဝါးဖောင်နဲ့ ဖြတ်ရပါတယ်။ အဲဒီအချိန်တုန်းက ဘိန်းဟာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ နှစ်နိုင်ငံစလုံးမှာ အစိုးရလိုင်စင်နဲ့ တရားဝင်ကုန်သွယ်နိုင်တဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။ ကျိုင်းတုံ အုပ်ချုပ်ရေးအဖွဲ့ ကိုယ်တိုင် ဘိန်းခန်းတွေ ဖွင့်ပြီး အခြားလိုင်စင်ရ ပုဂ္ဂလိကပိုင် ဘိန်းခန်းတွေနဲ့ ပြိုင်ဆိုင်ပါတယ်။ ဘိန်းနဲ့ ဆက်စပ်တဲ့ ကုန်သွယ်ရေးက ရတဲ့ငွေနဲ့ ကျိုင်းတုံနယ် သွင်းကုန်တွေအတွက် ပေးချေနိုင်ပါတယ်။
ထိုင်းဘက်က ထရပ်ကားတွေဟာ လူသုံးကုန်ပစ္စည်းတွေ တင်ပြီး မြောက်ဘက် ကျိုင်းတုံကို လာကြပါတယ်။ အပြန်ကြရင် လမ်းပန်းမြို့က ကုန်သည်တွေအတွက် ဘိန်းတွေတင်ပြီး တောင်ဘက်ကို ပြန်ပါတယ်။ ဥပဒေအရဆိုရင်တော့ ဘိန်းတင်သွင်းဖို့အတွက် ထိုင်းအစိုးရရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ လက်တွေ့မှာတော့ အတော်အတန် လာဘ်ပေးလိုက်ရင်ပဲ အဲဒီဥပဒေ အတားအဆီးတွေကို ကျော်လွှားနိုင်ပါတယ်။ စစ်ပြီးကာလ ဘိန်းကုန်သွယ်ရေးကို တရုတ်လူမျိုး စီးပွားရေးသမားတွေ ကြီးစိုးထားပါတယ်။ ထိုင်းနိုင်ငံက ဝယ်လိုအား ပြည့်မီနိုင်အောင်လို့ ဘိန်းကုန်သွယ်ရေးလည်း တဖြည်းဖြည်း ကြီးထွားလာပါတော့တယ်။
၁၉၅၀ ခုနှစ် အစောပိုင်းလောက်မှာ သုံးနိုင်ငံ နယ်နမိတ် ထိစပ်တဲ့ဒေသဟာ ဝေးလံခေါင်သီပြီး ပြင်ပကမ္ဘာနဲ့ သိပ်အဆက်အစပ် မရှိလှပါဘူး။ ဒေသတွင်းက ပဒေသရာဇ်တွေ၊ မြန်မာ၊ ပြင်သစ်၊ လာအို တော်လှန်ရေး၊ ထိုင်းနဲ့ တရုတ် ဝန်ဆောင်မှုတွေ အာဏာလွန်ဆွဲတဲ့ နေရာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက် မအောင်မြင်တဲ့ အာဏာသိမ်းဖို့ကြံခဲ့သူတွေနဲ့ တခြား လူဆိုးလူပေတွေ လာခိုအောင်းရာလည်းဖြစ်ပါတယ်။ စစ်ပြီးခေတ် ကျိုင်းတုံနယ်ဟာ တိတ်တဆိတ် ခြေပုန်းခုတ်လို့ကောင်းတဲ့ နေရာပါပဲ။ ကျိုင်းတုံမြို့က ပင်လယ်ရပ်ခြား တရုတ်လူမျိုး အသိုင်းအဝိုင်းကလည်း အတော်လေးကြီးပါတယ်။ တရုတ် အသိုင်းအဝိုင်းကရော၊ တရုတ်စာသင်ကျောင်းတွေကရော အားလုံးက အမျိုးသားရေးဝါဒီတွေကို ထောက်ခံသူတွေ ဖြစ်ပါတယ်။ မြို့ပေါ်မှာတောင် ကူမင်တန်အဖွဲ့ ဖွဲ့စည်းလှုပ်ရှားတာတွေ ရှိပါတယ်။ ပြင်သစ်နဲ့ ထိုင်းထောက်လှမ်းရေးတွေကလည်း ပြည်ပြေး လာအို တော်လှန်ရေးသမားတွေ အပေါ် ဩဇာလွှမ်းနိုင်ဖို့ လာပြီးပြိုင်ဆိုင်စည်းရုံးနေကြပါတယ်။ အဲဒီအထဲမှာ အနာဂတ်မှာ ကွန်မြူနစ်နဲ့ ပသက်လာအို ခေါင်းဆောင် ဖြစ်လာမယ့် မင်းသား ဆူဖန်နူဝုန် နဲ့ အဖွဲ့သားတွေလည်း ပါတယ်။ သူတို့အဖွဲ့ကို ဣသရ လှုပ်ရှားမှုအဖွဲ့လို့ခေါ်ပြီး ပြင်သစ်ဆီက လွတ်လပ်ရေးရအောင် လုပ်နိုင်ခဲ့တယ်။3 တရုတ်−ဂျပန် စစ်ပွဲအပြီးမှာ တရုတ်ဖြူ စစ်သားဟောင်း အတော်များများဟာလည်း တရုတ်နိုင်ငံကို မပြန်ကြတော့ပဲ ကျိုင်းတုံမြို့နဲ့ နယ်အတွင်း အခြားကုန်သွယ်မှုအချက်အခြာ နေရာတွေမှာ အခြေချ နေထိုင်ခဲ့ကြပါတယ်။ ၁၉၄၅−၁၉၄၆ ကာလ အင်ဒိုချိုင်းနား မြောက်ပိုင်းကို သိမ်းပိုက်ပြီး အပြန် တရုတ် တပ်မ (၉၃) က စစ်ပြန်တွေကလည်း ကျိုင်းတုံမှာ ထပ်လာနေကြပြန်ပါတယ်။ ၁၉၄၉ ဖေဖော်ဝါရီလမှာ ကွန်မြူနစ်ဘက်တော်သား ပျောက်ကြားတွေကို ယူနန်ပြည်နယ် လန်ချန်းမြို့ကို သိမ်းလိုက်တော့ အမျိုးသားရေးဝါဒီ တရုတ်တွေ ကျိုင်းတုံနယ်ဆီ ထွက်ပြေးလာကြတယ်။ တရုတ်နိုင်ငံက ဒုက္ခသည် အသစ် သုံးထောင်လောက်ဟာ ယူနန်နယ်စပ်ရဲ့ အနောက်ဘက် ကျိုင်းတုံမြို့ရဲ့ မြောက်ဘက် မိုင် ၄၀ အကွာက မိုင်းယန်းမြို့နားမှ ခိုလှုံနေရတယ်။ ကျိုင်းတုံအုပ်ချုပ်ရေးအဖွဲ့က အကူအညီတောင်းလို့ မြန်မာအစိုးရကနေ မြန်မာ့တပ်မတော်က ကချင်တပ်ဖွဲ့တွေကို စေလွှတ်လိုက်တယ်။ တရုတ်ဖြူ စစ်သားဟောင်း ၉၀၀ လောက်ကို လက်နက်ဖြုတ်သိမ်းပြီး ယူနန်ဘက် ပြန်ပို့လိုက်တယ်။ ကချင်တပ်တွေကို ပြန်နုတ်ပြီး ပြည်ထောင်စုရဲ့ တခြားနေရာက သူပုန်တွေကို သွားတိုက်တဲ့အခါမှာတော့ အခုနက ပြန်အပို့ခံရတဲ့လူတွေ အများစုက ပြန်ဝင်လာကြတယ်။ ၁၉၄၉ ခုနှစ်နှောင်းပိုင်းမှာ ကွန်မြူနစ်လိုလားတဲ့ စစ်ဝန်ထမ်းတပ်တွေက လန်ချန်းကနေထွက်ပြီး တရုတ်ဖြူတပ်ပြေး တရာလောက်ကို လိုက်ဖမ်းကြလို့ တပ်ပြေးတွေက မိုင်းယန်း အထိ ရောက်လာတယ်။ တရုတ်ဖြူတပ်ပြေးတွေကို ကျိုင်းတုံအုပ်ချုပ်ရေးအဖွဲ့က ဖမ်းပြီး သူတို့ဆီ လွှဲမပေးဘူးဆိုရင် သူတို့ကိုယ်တိုင် စစ်ကူတွေခေါ်ပြီး ဝင်ဖမ်းမယ်လို့ ကွန်မြူနစ်တွေက ခြိမ်းခြောက်တယ်။
မြန်မာနိုင်ငံ စစ်ရုံးကလည်း အရပ်ဖက်သုံး ဒီစီ−၃ လေယာဉ်တွေကို စင်းလုံးငှားပြီး ကချင်တပ်တွေကို ကျိုင်းတုံဘက်ပို့တယ်။ ထွက်ပြေးလာတဲ့ တရုတ်ဖြူစစ်သားတွေက ကချင်စစ်သားတွေဆီ လက်နက်ချကြတယ်။ ကွန်မြူနစ်လိုလားတဲ့ စစ်ဝန်ထမ်းတွေကလည်း သူများဆီက ငွေညှစ်လို့ ရလာတဲ့ ပိုက်ဆံတွေ၊ လူသုံးကုန်ပစ္စည်းတွေထမ်းပြီး တိတ်တဆိတ်နဲ့ လန်ချန်းကို ပြန်သွားကြတယ်။ အဲဒီအချိန်မှာ ဒေသခံ အာဏာပိုင်တွေ စိတ်ချလက်ချရှိအောင် ဝန်ကြီးချုပ် ဦးနု က မြန်မာ့တပ်မတော် ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးနေဝင်းနဲ့အတူ ကျိုင်းတုံကို လာတယ်။
ကျိုင်းတုံနယ်က ထွက်ခွာဖို့ လီကော်ဟွေး ငြင်းဆန်ခြင်း
၁၉၅၀ နွေဦးကာလမှာ တရုတ်ဖြူ တပ်တော် (၈) နဲ့ တပ်တော် (၂၆) က တပ်ဖွဲ့တွေ ကျိုင်းတုံနယ်ထဲမှာ တဖွဲဖွဲနဲ့ လာရောက်ခိုလှုံကြတာကို မြန်မာအစိုးရက ထူးထူးကဲကဲ ပူပန်မှုမရှိပါဘူး။ ဝင်ရောက်လာသူတွေ အနေနဲ့ အထိန်းသိမ်းခံလိမ့်မယ် ဒါမှမဟုတ် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အင်ဒိုချိုင်းနားဘက်ကို ဆက်လက် ထွက်သွားကြလိမ့်မယ်လို့ မြန်မာဘက်က အကောင်းမြင်ပါတယ်။ တရုတ်ဖြူတပ်ဖွဲ့တွေရဲ့ အင်အားကို လျှော့တွက်ပြီးတော့ မြန်မာအစိုးရက ကျိုင်းတုံနယ်ဆီကို ဂေါ်ရခါးလူမျိုးတပ်ရင်း ဖြစ်တဲ့ အမှတ် (၄) ခြေလျင်တပ်ရင်းက တပ်ခွဲ သုံးခွဲနဲ့ ပြည်ထောင်စုစစ်ရဲ တပ်ခွဲ တခွဲပဲ ပို့လိုက်ပါတယ်။ ဝင်ရောက်ကျူးကျော်သူတွေကို ကျိုင်းတုံနယ်ရဲ့ ချောင်ကျကျ တနေရာမှာ ပိတ်ဆို့ထားဖို့၊ သူတို့ထွက်ခွာ မသွားမချင်း အန္တရာယ်ဖြစ်အောင် မလုပ်ဖို့ အဲဒီတပ်တွေကို အမိန့်ပေးထားပါတယ်။
မိုင်းဖုန်းမှာ ရှိတဲ့ လီကော်ဟွေးရဲ့စခန်းကို မတ်လ ၄ ရက်နေ့မှာ မြန်မာအာဏာပိုင်တွေ သွားရောက် လည်ပတ်ခဲ့တဲ့အခါမှာတော့ ကျူးကျော်ဝင်ရောက်လာသူတွေဟာ အတော်များပြီး လက်နက်ကောင်းစွာ တပ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ပေကျင်းက တရုတ်နီအစိုးရနဲ့ မြန်မာပြည်သူတွေ စိတ်သက်သာရာရအောင် ဆိုပြီး ဗိုလ်ချုပ်ကြီး နေဝင်း4 က ကျိုင်းတုံကို လေယာဉ်နဲ့ သွားပြီး မတ်လ ၁၃ ရက်နေ့မှာ ကျိုင်းတုံစော်ဘွားနဲ့အတူ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ တရုတ်နိုင်ငံက ကွန်မြူနစ်အစိုးရသစ်ကို သတိထားပြီး စောင့်ကြည့်နေရတဲ့ အနေအထားပါ။ ဝင်ရောက်လာတဲ့ နိုင်ငံခြား စစ်သားတွေ အားလုံးကို သူ့တပ်ဖွဲ့တွေက လက်နက်ဖြုတ်သိမ်းမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ကွန်မြူနစ်ဆန့်ကျင်ရေး တပ်ဖွဲ့တွေဆီကို မြန်မာနိုင်ငံကနေ တဆင့် စစ်လက်နက်ပစ္စည်းတွေ ရောက်မသွားအောင်လည်း ပိတ်ပင်တားဆီးမှာဖြစ်ကြောင်း နေဝင်း က ကြေညာပါတယ်။ တာချီလိတ်မြို့ မြူနီစီပယ်ရုံးမှာ ကျင်းပတဲ့ ဧပြီလ ၁ ရက်နေ့အစည်းအဝေးမှာ အမှတ် (၄) ခြေလျင်တပ်ရင်းရဲ့ တပ်ရင်းမှူးက တရုတ်ဖြူတပ် အရာရှိတွေကို ဆယ်ရက်အတွင်း ထွက်ခွာသွားဖို့ အချိန်ပေးလိုက်ပါတယ်။
လီကော်ဟွေးရဲ့ တောင်းဆိုချက်အရ ထွက်ခွာချိန် နောက်ဆုံးရက်ကို ဧပြီလ ၃၀ ရက်နေ့အထိ မြန်မာဘက်က အချိန်တိုးပေးလိုက်ပါတယ်။ နောက်ဆုံးရက် ကျော်လွန်သွားပြီးပေမယ့်လည်း လီကော်ဟွေးဘက်က ထွက်ခွာမယ့် အရိပ်အယောင် လုံးဝမပြပါဘူး။ ဒါကြောင့် မြန်မာဘက်က ကျိုင်းတုံနယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီး မိုးမကျခင် ကျူးကျော်သူတွေကို တိုက်ထုတ်ဖို့ ပြင်ဆင်လိုက်တယ်။ မိုးကျလာရင် ကားလမ်းတွေ သွားလာဖို့ခက်ခဲတဲ့အပြင်၊ ကျိုင်းတုံလေယာဉ်ကွင်းကည်း ပိတ်ထားတော့မှာ ဖြစ်ပါတယ်။ အဲဒီအတောအတွင်းမှာ မြန်မာတပ်တွေက ပျောက်ကြားခေါင်းဆောင် လော်ခုန်းနဲ့ သူ့လက်ထောက် တယောက်ကို ကျိုင်းတုံအနားက လမ်းမကြီးပေါ်မှာ ဒုတိယအကြိမ် ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။5 နောက်လေးရက်အကြာမှာ မြန်မာဘက်က တပ်တွေ၊ စစ်ပစ္စည်းတွေကို လေယာဉ်နဲ့ ကျိုင်းတုံကို ထပ်ပို့ပါတယ်။ အဲဒီအထဲမှာ ဂေါ်ရခါးတပ်သား ၂၀၀ ပါတယ်။ ၂၅−ပေါင်ဒါ အမြောက်နဲ့ ကာလရှည် စစ်ဆင်ရေးအတွက် ထောက်ပံ့ရေးပစ္စည်းတွေလည်းပါတယ်။
မေလ ၂၂ ရက်နေ့မှာတော့ လီကော်ဟွေး က မြန်မာတွေဘက်ကို စာအရှည်ကြီး တစောင်ရေးပို့လိုက်တယ်။ စာထဲမှာ သူ့တပ်ဖွဲ့ ယူနန်ကို ပြန်သွားဖို့အတွက် တောင်းဆိုချက်အနေနဲ့ လော်ခုန်း6 နဲ့ တခြား ပင်လယ်ရပ်ခြား တရုတ်တယောက်ကို လွှတ်ပေးဖို့ တောင်းဆိုထားတယ်။ မြန်မာဘက်က ငြင်းဆိုခဲ့မယ်ဆိုရင် မရေရာတဲ့ အကျိုးဆက်တွေဖြစ်လာလိမ့်မယ်လို့လည်း ခြိမ်းခြောက်ထားသေးတယ်။ သူ့စာကို “လီကျုံး” ဆိုပြီး သူကိုယ်တိုင် လက်မှတ်ထိုးထားတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့တလျှောက်လုံး ဒီနာမည်ကိုပဲ သူသုံးခဲ့တယ်။ မြန်မာဘက်က “လီကျုံး” နဲ့ တာချီလိတ်မြို့က ပင်လယ်ရပ်ခြား တရုတ်အသိုင်းအဝိုင်းက ကိုယ်စားလှယ် တယောက်ကို ဇွန်လ ၃ ရက်နေ့မှာ ကျိုင်းတုံကို လာဆွေးနွေးဖို့ ဖိတ်လိုက်တယ်။ လီကော်ဟွေးက ဒေါက်တာ တင်းဇူရှောက်နဲ့ မာထင်ချန် ကို လွှတ်လိုက်တယ်။ မာထင်ချန် ဆိုတာက တာချီလိတ်က ထင်ရှားတဲ့ တရုတ်လူမျိုး ဘိန်းကုန်သည် တယောက်ဖြစ်ပြီး တရုတ်ဖြူ အကြွင်းအကျန်တွေဘက် ပြောင်းလိုက်တဲ့သူဖြစ်တယ်။ သူ့တပ်ဖွဲ့အနေနဲ့ ယူနန်မှာ ရပ်တည်ဖို့ အင်အား မတောင့်တင်းဘူး ဆိုတာကို လီကော်ဟွေး ကောင်းကောင်းသိတယ်။ မြန်မာဘက်က လှုပ်ရှားမှုကို အချိန်ဆွဲနိုင်အောင် ထွက်ခွာဖို့နောက်ဆုံးရက် ဘယ်လိုပဲသတ်မှတ် သတ်မှတ် သဘောတူခဲ့ဖို့၊ ပြန်လည် ထူထောင်ရေး တပ်တော်က သူ့အပြန်လမ်းကို သူကိုယ်တိုင် ရွေးခြယ်မယ် ဆိုတာတွေကို သူ့ကိုယ်စားလှယ်တွေ ဆွေးနွေးနိုင်အောင် သင်ပေးလိုက်တယ်။
သဘောထားကွဲလွဲမှုတွေဖြစ်လို့ ညှိနှိုင်းဆွေးနွေးပွဲ ပျက်သွားတယ်။ မြန်မာဘက်က တရုတ် ကိုယ်စားလှယ် နှစ်ယောက်7 ကို ဖမ်းလိုက်တယ်။ ဇွန်လ ၈ ရက်နေ့မှာ တာချီလိတ်ကို အရာရှိတယောက် စေလွှတ်ပြီး “လီကျုံး” အနေနဲ့ လက်နက်ချရင်ချ၊ ဒါမှမဟုတ် မြန်မာနိုင်ငံပိုက်နက်က ချက်ခြင်းသွား၊ မလိုက်နာရင် စစ်ရေးအရ ရင်ဆိုင်ရလိမ့်မယ်လို့ ရာဇသံပေးပါတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ မြန်မာအာဏာပိုင်တွေက “ပဉ္စမ မဏ္ဍိုင်” တက်ကြွလှုပ်ရှားသူတွေ ဖြစ်ဖို့ အလားအလာရှိတဲ့ ကျိုင်းတုံမြို့က တရုတ်လူမျိုး ၁,၇၀၀ လောက်ကို ဖမ်းထားလိုက်ပါတယ်။8 မြန်မာဘက်က ပေးတဲ့ရာဇသံကို လီကော်ဟွေး က− သူ့ကိုယ်စားလှယ်တွေနဲ့ တခြား ထိန်းသိမ်းခံ တရုတ်တွေအားလုံးကို ပြန်လွှတ်ပေးရမယ်၊ တာချီလိတ်မြို့ မြောက်ဘက် မိုင် ၃၁ မိုင်အကွာမှာရှိတဲ့ ကျိုင်းတုံ−တာချီလိတ်ကားလမ်း မိုင်တိုင် အမှတ် (၇၃) တောင်ဘက်မှာ မြန်မာဘက်က လှုပ်ရှားလာရင် သူ့တပ်က ခုခံမယ်လို့ တုံ့ပြန်လိုက်ပါတယ်။ လီကော်ဟွေးက ငြင်းဆန်လိုက်တဲ့ ပြန်စာကိုယူပြီး မြန်မာအရာရှိက တာချီလိတ်ကနေ ကျိုင်းတုံကို လက်နက်ကိုင် ယာဉ်တန်းနဲ့ ပြန်လာတယ်။ တာချီလိတ်မှာတော့ မြို့တွင်း ငြိမ်ဝပ်ပိပြားရေးအတွက် ဒေသခံရဲ ၁၄ ယောက်ပဲ ချန်ထားခဲ့တယ်။ ကျိုင်းတုံအပြန်လမ်းမှာ မြန်မာစစ်သားတွေက တရုတ်ဖြူ စစ်သား ၂၈ ယောက်ကို ဖမ်းလိုက်သေးတယ်။ ဆွေးနွေးပွဲကတော့ ရပ်သွားပြီ။
တာချီလိတ်တိုက်ပွဲ
တာချီလိတ်တိုက်ပွဲ လို့ဆိုပေမယ့် ဇွန်လကနေ ဩဂုတ်လအထိ မြန်မာ့တပ်မတော်နဲ့ ပြန်လည်ထူထောင်ရေး တပ်တော် တို့ဟာ ရာသီဥတုကောင်းတဲ့ ကျိုင်းတုံ−တာချီလတ် ကားလမ်း တလျှောက်မှာ တိုက်လိုက် နားလိုက်နဲ့ ပါပဲ။ ကားလမ်းမကနေ ယူနန်နဲ့ လာအိုဘက်ကို ဦးတည်တဲ့ တောလမ်းကြမ်းတွေ၊ ဝန်တင်လမ်းတွေ အများကြီးရှိပါတယ်။ လမ်းညွှန်စာအုပ် တအုပ်မှာ ဖော်ပြထားတာကတော့ ကျောက်စရစ်ခင်းလမ်းက သံပြားအပေါက်တွေခံပြီး ခင်းထားတာမို့လို့ “တနှစ်ပတ်လုံး ကားသွားလို့ရတယ်” လို့ ဆိုပါတယ်။ ဒါပေမယ့် “လမ်းကကျဉ်းတယ်၊ မျက်ကွယ်အကွေ့တွေထဲက တခုဆိုရင် လော်ရီကား၊ ဘတ်စ်ကား၊ နွားလှည်း၊ နွားအုပ်တွေနဲ့ ဆုံနိုင်တယ်။ ဘေးမှာ ချောက်ကမ်းပါးရှိတယ်။ ရေတိုက်စားပြီး ကျလာတဲ့ ကျောက်တုံးကြီးတွေ ရှိမယ်။ လမ်းဖြတ်ရေပြွန်တွေရှိမယ်။ သတိထားပြီး မောင်းရမယ့် လမ်းဖြစ်တယ်” လို့ ဆိုပါတယ်။ လီကော်ဟွေးနဲ့ သူ့တပ်တွေကို ယူနန်ဘက်ကို ပြန်မသွားနိုင်အောင် ပိတ်ဆို့ပြီး ထိုင်းနဲ့ လာအိုဘက် ထွက်သွားအောင် ဖိအားပေးနိုင်မယ်ဆိုရင် တရုတ်နီအစိုးရနဲ့ ပြဿနာ မတက်နိုင်ဘူးလို့ မြန်မာအစိုးရက ယုံကြည်ထားတယ်။ မေလနှောင်းပိုင်းမှာ မြန်မာ့တပ်မတော်က ကျိုင်းတုံ တောင်ဘက် ၅၂ မိုင်အကွာက မိုင်းဖြတ်မြို့ကို သိမ်းပိုက်လိုက်တယ်။ မိုင်းဖြတ်ဟာ တရုတ်ဖြူတပ်တွေ ယူနန်ကို ပြန်နိုင်တဲ့ လမ်းဆုံလမ်းခွပဲ။ မြန်မာဘက်က လီကော်ဟွေးရဲ့ အင်အားကို လျှော့တွက်မိပြီး သူဘာလုပ်ချင်သလိုဆိုတာကို မခန့်မှန်းနိုင်ခဲ့ဘူး။ လီမီက သူ့ကို မြန်မာနိုင်ငံ ဆက်နေဖို့ အမိန့်ပေးထားတဲ့ အတွက်ကြောင့် လီကော်ဟွေးက တိုက်ရဖို့လည်း မကြောက်သလို၊ မြန်မာနိုင်ငံက ထွက်သွားဖို့လည်း စိတ်မကူးထားဘူး။ သူနေတဲ့ မိုင်းဖုန်းစခန်းဟာ ထိုင်းနိုင်ငံနဲ့ နီးကပ်နေတာကြောင့် သူ့တပ်က မှီခိုသူတွေ၊ ဒဏ်ရာရ နာမကျန်းသူတွေ သွားရောက်ခိုလှုံနိုင်တယ်။ ရိက္ခာနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေကိုလည်း ထိုင်းမှာရှိတဲ့ တရုတ်အသိုင်းအဝိုင်းကနေ ရနိုင်တယ်။ ယူနန်ကနေ ထပ်ရောက်လာတဲ့သူတွေရှိလို့ သူ့စစ်သား အင်အားဟာ ၂,၀၀၀ ကျော်လာခဲ့တယ်။ ဒေသတွင်း ဘိန်းကုန်သွယ်ရေးလုပ်ငန်းမှာ လက်နက်ကိုင်အစောင့် လိုက်ပေးပြီး ကိုယ့်ဘာသာ ဝင်ငွေရှာလာနိုင်တယ်။ ဘိန်းကရတဲ့ငွေတွေနဲ့ ရှင်သန်နေဆဲ လက်နက် မှောင်ခို ဈေးကွက်ကြောင့် ပြန်လည်ထူထောင်ရေး တပ်တော် အတွက် လက်နက်ကောင်းကောင်း တပ်ဆင်ထားနိုင်တယ်။
ဇွန်လ ၁၃ ရက်နေ့ မွန်းတည့်ချိန် နောက်ဆုံးထားပြီး လက်နက်ချဖို့ ရာဇသံပေးထားတာကို လီကော်ဟွေး က မလိုက်နာလို့ မြန်မာဘက်က ကျိုင်းတုံစစ်ဆင်ရေးကို စတင်တယ်။ နောက်တနေ့ မနက်မှာ ကျိုင်းတုံမှာ စခန်းချထားတဲ့ မြန်မာ့လေတပ် စက်နှစ်လုံးတပ် လေယာဉ်လေးစီးက မိုင်းကိုးရွာအနီး ကျိုင်းတုံ−တာချီလိတ် လမ်းမပေါ်က လီကော်ဟွေးရဲ့ တပ်တွေကို ဗုံးကြဲ၊ စက်သေနတ်နဲ့ ပစ်တယ်။ တောင်ကြားလမ်းနဲ့ တောင်ဘက် မိုင်တိုင် အမှတ် (၉၃) မှာဖြစ်ပြီး တာချီလိတ်မြောက်ဘက် ခုနစ်မိုင်ပဲဝေးတယ်။ အဲဒီနေ့လယ်မှာ မြန်မာ့လေတပ် ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး ဆဲလ်ဝင် ဂျိမ်း ခင် (အင်္ဂလိပ်−မြန်မာ ကပြား၊ ဒုတိယကမ္ဘာစစ် မြန်မာပြည်လေယာဉ်အုပ်က စစ်ပြန်) ကိုယ်တိုင် ဦးစီးပြီး လေယာဉ်လေးစီးနဲ့ ဒုတိယအကြိမ် တရုတ်ဖြူ တပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်တယ်။ ဗြိတိသျှစစ်အကြံပေးမစ်ရှင် အဖွဲ့ဝင်တွေကို ကန့်လန့်တိုက်ချင်တာရယ်၊ သူ့ကို ပြန်လာဖို့ခေါ်နေတဲ့ နေဝင်း ကို အာခံချင်တာရယ်နဲ့၊ ခင် ဟာ အသစ်ရထားတဲ့ ဝေဟင်ကမြေပြင်ပစ်တဲ့ ဒုံးကျည်တွေရဲ့ အသုံးဝင်ပုံကို ပြဖို့ ဆုံးဖြတ်ထားတယ်။ မြေပြင် လက်နက်ပြင်ဆင်ပေးတဲ့ စစ်သည်တွေကို ကောင်းကောင်း မလေ့ကျင့်ပေးနိုင်တာကြောင့် ဒုတိယဗိုလ်မှူးကြီး ဆဲလ်ဝင် ဂျိမ်း ခင် မောင်းမယ့်လေယာဉ် တောင်ပံမှာ ဒုံးကျည်လေးလုံးကို မှန်မှန်ကန်ကန် မချိတ်ပေးနိုင်ခဲ့ဘူး။9
ကျွမ်းကျင် မြေပြင်စစ်သည်တွေ မရှိဘဲ မောင်းခဲ့ရတဲ့ ခင်ဟာ မိုင်းကိုး ပစ်မှန် ဧရိယာကို နှစ်ကြိမ်ပတ်ပြီးတော့ မြေပြင်က ပေ ၅၀၀ အမြင့်ကနေ တိုက်ခိုက်ပါတယ်။ သူပထမပစ်လိုက်တဲ့ ဒုံးကျည် နှစ်လုံးက ပုံမှန် လမ်းကြောင်းအတိုင်း ထွက်သွားပေမယ့် တတိယတလုံးကို ပစ်တဲ့အခါမှာ အောက်တည့်တည့်ကို ပြုတ်ကျသွားပါတယ်။ ကျတာမှ ရိုးရိုးမကျဘဲ ဘယ်ဘက်တောင်ပံက အပိုင်းအစတွေကိုပါ ဆွဲချသွားလို့ လေယာဉ်ကို ကောင်းကောင်းမထိန်းနိုင်တော့ပဲ ဇောက်ထိုး ပြုတ်ကျပါတော့တယ်။ ထိုင်ခုံသိုင်းကြိုးတပ်မထားတဲ့ ခင်ဟာ လေယာဉ်ပေါ်က ပြုတ်ကျသွားပါတယ်။ သူ့ကို ဆေးရုံ ပို့ပေးတဲ့ လမ်းမှာပဲ ခေါင်းမှာရထားဒဏ်ရာကြောင့် သေဆုံးသွားရပါတယ်။ အစက ဒီဆုံးရှုံးမှုကို ငြင်းဆိုပေမယ့် နောက်ပိုင်းမှာ အကြောင်းရင်းမသိရသေးတဲ့ စက်ချို့ယွင်းမှုကြောင့် လေယာဉ်ပျက်ကျရတယ်လို့ စစ်ရုံးက ပြောပါတယ်။ လီကော်ဟွေးက သူတပ်သားတွေ စက်သေနတ်နဲ့ ခင့်လေယာဉ်ကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် ဗြိတိသျှ နည်းပညာရှင်တွေကတော့ ဒုံးကျည် အလုပ်လုပ်ပုံ မှားယွင်းလို့ ပျက်ကျရတယ်လို့ ဆုံးဖြတ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုအပြီး ဇွန်လ ၁၆ ရက်နေ့မှာ မြန်မာ့တပ်မတော်ရဲ့ ကချင်တပ်ရင်း တရင်းဟာ ထရပ်ကားတွေစီးပြီး မိုင်းဖြတ်ကနေ တောင်ဘက်ရှိ တာချီလိတ်ကို ဂရုတစိုက်နဲ့ ထွက်လာကြပါတယ်။ မိုင်တိုင် အမှတ် (၇၃) ကို ရောက်တဲ့အခါ မိုင်းကိုးက တရုတ်ဖြူ ခံစစ်အခြေအနေကို သိရအောင် ကားငါးစီးကို ရှေ့ပြေး ကင်းထောက်လွှတ်လိုက်ပါတယ်။ တောင်ကြားလမ်းကျဉ်းဖြစ်တဲ့ မိုင်တိုင် အမှတ် (၉၃) နားမှာ လီကော်ဟွေးရဲ့တပ်တွေက ထရပ်ကားငါးစီကို ခြုံခိုတိုက်ပါတယ်။ ကချင်တပ်တွေ လမ်းမကြီး အတိုင်း ပြန်ဆုတ်တဲ့အခါ နောက်ကနေ ဒုတိယအကြိမ် ခြုံခိုတိုက်ခံရပြန်ပါတယ်။ ဒုတိယအကြိမ် တိုက်ခိုက်တာကို ကချင်တပ်တွေ ဖြတ်သန်းနိုင်ခဲ့ပေမယ့် ပျောက်ကြားနည်းဗျူဟာ သင်ခန်းစာကို နာနာကျင်ကျင် ခံစားလိုက်ရပြီးမှ သူတို့စခန်းချရာကို ပြန်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မြေပြင်တိုက်ပွဲတွေ နားထားတဲ့ အတောတွင်း မြန်မာ့လေတပ်က ပြတ်တောင်း ပြတ်တောင်းနဲ့ လေကြောင်းက ဆက်လက်တိုက်ခိုက်ပါတယ်။ အဲဒီအချိန်မှာ မြန်မာဘက်က ကချင်တပ်တွေကို လေကြောင်းနဲ့ ကျိုင်းတုံကို ပို့ပါတယ်။ လီကော်ဟွေးကလည်း နမ့်ကိုးမြစ်တောင်ဘက်ကမ်းကို ဆုတ်လိုက်ပါတယ်။
ကချင်တပ်တွေဟာ သတိကြီးစွာနဲ့ ကျိုင်းတုံစစ်ဆင်ရေးကို ပြန်စတဲ့အနေနဲ့ ဇူလိုင်လ ၇ ရက်နေ့မှာ မိုးရေလွှမ်းပြီးရေလျှံနေတဲ့ နမ့်ကိုးမြစ်တလျှောက်က တရုတ်ဖြူတပ် ခံစစ်နေရာတွေကို တိုက်ပါတယ်။ အဲဒီနေရာတွေဟာ တာချီလိတ်မြို့ မြောက်ဘက် ဆင်ခြေဖုံးတွေပဲ ဖြစ်ပါတယ်။ တပတ်လောက် ကြိုကြားကြိုကြား တိုက်ခိုက်ကြပြီးတဲ့နောက် နမ့်ကိုးမြစ်တလျှောက်ရှိ နောက်ချန်တပ်တွေကို လီကော်ဟွေးက စွန့်လွှတ်လိုက်ပြီး သူ့တပ်တွေကို တာချီလိတ် အရှေ့ဘက် ထိုင်းနယ်စပ်ကို အပေါ်စီးက မြင်နေရတဲ့ တောင်ကြောတွေပေါ် ရွှေ့လိုက်တယ်။ ဇူလိုင်လ ၂၁ ရက်နေ့မှာ လီမီ ဟာ ဟောင်ကောင်ကနေ ဘန်ကောက်ကို ပြန်လာတယ်။ အဲဒီနေ့မှာပဲ မြန်မာတပ်တွေက လီကော်ဟွေးရဲ့ နောက်ချန်တပ်တွေကို ချေမှုန်းပြီး တာချီလိတ်မြို့ကို ဝင်တယ်။10 မြန်မာဘက်က ပစ်တဲ့အမြောက်ကျည်တွေ မယ်ဆိုင်နားကို လမ်းလွဲပြီးကျရောက်ပေါက်ကွဲတယ်လို့ ထိုင်းအာဏာပိုင်တွေက ကန့်ကွက်ပါတယ်။ မြန်မာဘက်ကလည်း တရုတ်ဖြူတပ်က လာလိုက်သွားလိုက်နဲ့ စိတ်ရှိသလို နယ်စပ်ကို ဖြတ်ဖို့ ထိုင်းက ခွင့်ပြုထားတယ်လို့ ပြန်စွပ်စွဲပါတယ်။ နှစ်ဖက်စွပ်စွဲချက်တွေအားလုံးက အမှန်တွေချည်း ဖြစ်ပါတယ်။
လီကော်ဟွေးတို့တပ်တွေ အခုနေရာမှာသာ ဆက်နေဦးမယ်ဆိုရင် အခုရောက်လာတဲ့ စစ်ကူတွေကြောင့် မြန်မာတပ်တွေဘက်က အရေးသာလာနိုင်တာကို သူကောင်းကောင်းသိတယ်။ ဒါကြောင့် သူ့စစ်သားတွေကို တာချီလိတ် အနောက်ဘက် ၇၅ မိုင်လောက်ဝေးတဲ့ ကျိုင်းတုံနယ်ထဲမှာပဲရှိတဲ့ မိုင်းဆတ်မြို့လေးကို ရွှေ့တယ်။ တာချီလိတ်ဝန်းကျင်က တရုတ်ဖြူတပ်တွေဟာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်က ဝင်တယ်။ ပြီးတော့ နယ်စပ်မျဉ်းတလျှောက် ဘန်ထာတွမ်းရွာအထိဝင်သွားပြီးမှ မြန်မာနိုင်ငံနယ်နမိတ်ထဲ ပြန်ဝင်လာတယ်။ လေတိုက်တဲ့ တောင်ပေါ်လမ်းကြမ်းအတိုင်း မိုင် ၄၀ သွားပြီးမှ မိုင်းဆတ် ကို ရောက်တယ်။ ဇူလိုင်လကုန်လောက်မှ တရုတ်ဖြူတပ်သား ၁,၈၀၀ နဲ့ မှီခိုသူတွေဟာ စခန်းသစ်ကို ရောက်လာကြတယ်။
ကုလသမဂ္ဂက ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုရန် ဗိုလ်ချုပ်ကြီးနေဝင်းက ဖိအားပေးပေမယ့် ဦးနု က ငြင်းလိုက်ပါတယ်။ ဒါကြောင့် တာချီလိတ်မြို့အနီး တောင်ကုန်းတွေပေါ်က တရုတ်ဖြူတပ် အင်အား ၃၀၀ လောက်ကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ဖီးမာရှယ် ဖိဘွန် ဆုန်ခရမ်း က နယ်စပ်မှာ ရဲတပ်ဖွဲ့တွေ အင်အားဖြည့်တင်းပြီးတော့ ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ ဘယ်နိုင်ငံခြားတပ်ဖွဲ့ကိုမဆို လက်နက်ဖြုတ်သိမ်းမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ဒေသတွင်းက ထိုင်းအာဏာပိုင်တွေကတော့ လီကော်ဟွေးရဲ့ တပ်တွေအတွက် ရိက္ခာထောက်ပံ့မှုတွေ ဆက်လက် ခွင့်ပြုထားပါတယ်။ တရုတ်ဖြူ စစ်သားတွေနဲ့ မှီခိုသူတွေကို ထိုင်းနိုင်ငံအတွင်း ခိုလှုံခွင့်ပေးပါတယ်။ မယ်ဆိုင်မှာရှိတဲ့ တရုတ်ဖြူ ရှေ့တန်းဆေးရုံအတွက် ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ပေးတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ တရုတ်ဖြူတပ်သားတွေကို ချင်းဟိုင်းမှာရှိတဲ့ အမေရိကန်သာသနာပြု အိုဗာဘရုခ်ဆေးရုံမှာ ဆေးကုသနိုင်ပါတယ်။
အင်တင်တင်နဲ့ ပါလာတဲ့ အမေရိကန်တွေ
ကျိုင်းတုံနယ်ရဲ့ ချောင်ကျကျ တနေရာမှာ ရှိနေတဲ့ လီကော်ဟွေးရဲ့ တရုတ်ဖြူတပ်တွေ ယူနန်ဘက် ပြန်မသွားနိုင်အောင် မြန်မာ့ တပ်မတော်က မတားဆီးနိုင်ရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်က ဝင်ရောက်စွက်ဖက်လာမှာကို ဦးနု အစိုးရက စိုးရိမ်တယ်။ ဇွန်လ ၂၂ ရက်နေ့ထုတ် ဘန်ကောက်က သတင်းစာတစောင်မှာ မြန်မာအစိုးရအတွက် ပိုပြီးစိုးရိမ်စရာ တရုတ်ဖြူ နိုင်ငံရေးအရာရှိ တယောက်နဲ့ တွေ့ဆုံမေးမြန်းခန်းတခု ပါလာတယ်။ အဲဒီအရာရှိက သူ့ကိုယ်သူ ဗိုလ်ချုပ်ကြီး တယောက်လို့ မိတ်ဆက်တယ်။ ထိုင်ဝမ်းက ညွှန်ကြားချက်တွေယူဖို့ ဘန်ကောက်မှာရှိတဲ့ တရုတ်သမ္မတနိုင်ငံ စစ်သံမှူးဆီကို ကျိုင်းတုံကနေလာတွေ့တာလို့ဆိုတယ်။ အဲဒီ “ဗိုလ်ချုပ်ကြီး” က မကြာခင်မှာ တရုတ်ဖြူတပ်တွေအနေနဲ့ ယူနန်ကို ပြန်သွားပြီး ကွန်မြူနစ်ဆန့်ကျင်ရေးတိုက်ပွဲ ဆက်ဆင်နွှဲမယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ ပင်လယ်ရပ်ခြားတရုတ်လူမျိုးတွေကို လွှတ်ပေးရန်၊ အပစ်အခတ်ရပ်စဲရန်၊ ကျိုင်းတုံနယ်ထဲက တရုတ်ဖြူတပ်တွေနဲ့ ရင်ဆိုင်နေတဲ့ မြန်မာတပ်တွေ ဆုတ်ခွာပေးရန် တို့ကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် “သူ့” လူတွေက ကျိုင်းတုံမြို့၊ တာချီလိတ်မြို့တွေကို သိမ်းရလိမ့်မယ်လို့ ကြုံးဝါးပါတယ်။11 အဲဒီ နိုင်ငံရေးအရာရှိ ဆိုသူကို ထိန်းချုပ်ထားလိုက်ရမလားလို့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သမ္မတနိုင်ငံရဲ့ သံအမတ်ကြီးအဆင့်ရှိ ကိုယ်စားလှယ်ဖြစ်တဲ့ ပက်ထရစ် ပိချီ ဆွန်း က ထိုင်ပေကို လှမ်းမေးတယ်။ အဲဒီနိုင်ငံရေးအရာရှိဟာ သူ့သံရုံးက ဗြဟ္မာ့ဦးခေါင်း စစ်သံမှူး ချန်ချိန်ရှီးရဲ့ မိတ်ဆွေလည်း ဖြစ်တယ်။
ဒီအချိန်မှာ ကျိုင်းတုံနယ်က တရုတ်ဖြူတပ်တွေအရေးမှာ အမေရိကန်တို့ ပါဝင်ပတ်သက်မှုကို မြန်မာနိုင်ငံက သံသယကြီးထွားလာတယ်။ ဘန်ကောက်မှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမောင်က အမေရိကန် သံတမန်တွေကို သူ့မှာ အမေရိကန်နှစ်ယောက် တရုတ်ဖြူတွေနဲ့အတူ အလုပ်လုပ်နေတဲ့ သက်သေအထောက်အထားတွေ ရှိတယ်လို့ ပြောပြတယ်။ အဲဒီအစောပိုင်းကာလတုန်းက “အမေရိကန်တွေ” လို့ ထင်ရတဲ့လူတွေဟာ အိမ်နီးချင်း အင်ဒိုချိုင်းနားမှာ ရှိတဲ့ ပြင်သစ်နိုင်ငံခြားတပ်က ဥရောပတိုက်သား တပ်ပြေးတွေ ဖြစ်နိုင်ပါတယ်။ တရုတ်ဖြူတွေကို ထိုင်ဝမ်းမပို့ဘဲ ထိုင်းနိုင်ငံထဲမှာ လက်ခံထိန်းသိမ်းထားဖို့ ဦးလှမောင်ရဲ့ တောင်းဆိုတာကို ဝန်ကြီးချုပ် ဖိဘွန် ဆွန်ခရမ်း က ငြင်းဆိုပါတယ်။ အမေရိကန်တွေ ဘာညွှန်ကြားမလဲဆိုတာကို စောင့်နေကြောင်းလည်း သူက အလွန်အံ့အားသင့်သွားတဲ့ မြန်မာ သံအမတ်ကြီးကို ပြောလိုက်ပါတယ်။ ရန်ကုန်မှာကတော့ ဝန်ကြီးချုပ် ဦးနု က တကယ်လို့ မြန်မာဘက်က ကျိုင်းတုံနယ်က တရုတ်ဖြူ အကြွင်းအကျန်တွေကို ထိန်းသိမ်းထားပေးမယ် ဆိုရင် တရုတ်နိုင်ငံဘက်က ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပေကျင်းက အာဏာပိုင်တွေက ပြောကြောင်းကို အမေရိကန် သံအမတ်ကြီး ဒေးဗစ် မက်ကင်ဒရီ ကီး ကို ပြောပြပါတယ်။ အမေရိကန်တွေက အဲဒီတပ်ကြွင်းတပ်ကျန်တွေကို ထောက်ပံ့နေတယ်လို့ သံတမန်နည်းအရ တိုက်ရိုက်မပြောပဲ အဲဒီ တပ်ကြွင်းတပ်ကျန်တွေက အထိန်းသိမ်းခံဖို့ အမိန့်ပေးနိုင်အောင် အမေရိကန်က ထိုင်ဝမ်းကို နားချပေးဖို့ ဦးနုက တောင်းဆိုပါတယ်။
ကိုးရီးယားမှာ စဖြစ်နေတဲ့စစ်ပွဲကို အာရုံစိုက်နေရလို့ ဝါရှင်တန် အနေနဲ့ ဝေးလံခေါင်သီတဲ့ ကျိုင်းတုံနယ်က ရန်ပွဲကလေးကို စိတ်ဝင်စားပုံမရပါဘူး။ ဒါပေမယ့် နေဝင်း နဲ့ ဦးနုအစိုးရအဖွဲ့ထဲက ဆိုရှယ်လစ်တွေက ဒီပြဿနာကို ကုလသမဂ္ဂအထိ တင်သွင်းမယ်လုပ်လာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ တရုတ်သမ္မတနိုင်ငံတပ်ဖွဲ့တွေဟာ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ အပြင် ပေကျင်းက ဝင်ရောက်စွက်ဖက်မှုကို ဖိတ်ခေါ်နေသလို ဖြစ်တယ်လို့ ဇူလိုင် ၇ ရက်နေ့မှာ အရှေ့ဖျားဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒင်း ရက်စ် က ထိုင်ပေ သံအမတ်ကြီး ဒေါက်တာ ဝယ်လင်တန်ကုကို ပြောလိုက်ပါတယ်။ ထိုင်ပေက သူ့တပ်တွေကို မြန်မာနိုင်ငံမှာ အထိန်းသိမ်းခံဖို့ တောင်းဆိုလိုက်ပြီး အထိန်းသိမ်းခံတွေ ကောင်းမွန်စွာ ဆက်ဆံခံရအောင် အမေရိကန်က ကူညီမယ်လို့လည်း ကမ်းလှမ်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ ထိုင်ပေ အနေနဲ့ သူ့တပ်တွေကို လက်နက်ချရန်နဲ့ အကျိုးအမြတ် ကြီးမားစွာ ရရှိနေတဲ့ ဘိန်းလုပ်ငန်းကို စွန့်လွှတ်ရန် အမိန့်ပေးဖို့ ခက်ခဲလိမ့်မယ်လို့ အမေရိကန် သံတမန်တွေက သတိပေးပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့ ဘန်ကောက်မြို့မှာ အမေရိကန် သံအမတ်ကြီး အက်ဒွင် အက်ဖ်၊ စတန်းတန် က ပြင်သစ်သံအမတ်ကြီးနဲ့ တရုတ်သမ္မတနိုင်ငံ ကိုယ်စားလှယ် ဆွန်း တို့ကိုခေါ်ပြီး လီကော်ဟွေးတို့တပ်တွေ အင်ဒိုချိုင်းနားကို ဆုတ်ခွာဖို့ ဖြစ်နိုင် မဖြစ်နိုင်ကို ဆွေးနွေးပါတယ်။ ပြင်သစ်အနေနဲ့ တရုတ်ဖြူတပ်တွေကို လက်နက်ကိုင်ပြီး လာအိုမြောက်ပိုင်းမှာ နေထိုင်ခွင့်ပေးဖို့၊ ထိုင်ဝမ်းကနေ လေကြောင်းနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ခွင့်ပေးဖို့ကို ဆွန်း က အဆိုပြုပါတယ်။ သူတို့ဝင်ချင် ဝင်လာနိုင်တယ်၊ ဒါပေမယ့် လက်နက်ဖြုတ်သိမ်းပြီး အထိန်းသိမ်းထားခံရမယ်လို့ ပြင်သစ်ဘက်က ဆိုပါတယ်။ ထိုင်းနိုင်ငံက တရုတ်ဖြူ စစ်သားတွေကို လက်နက်ဖြုတ်သိမ်း ဖမ်းဆီးပြီး ပြင်သစ်အာဏာပိုင်တွေဆီ အပ်နှံရန်၊ ပြင်သစ် အာဏာပိုင်တွေကလည်း သူတို့ကို အရင်ကတည်းက ထိုင်းပင်လယ်ကွေ့ ဖူကွတ်ကျွန်းမှာ ထိန်းသိမ်းထားတဲ့ တရုတ်ဖြူ သုံးသောင်းကျော်နဲ့အတူထားဖို့ တရုတ်သမ္မတနိုင်ငံ ကိုယ်စားလှယ်က အကြံပြုတယ်။မြန်မာနိုင်ငံမှာ ရှိနေတဲ့ လီမီ နဲ့ သူ့နောက်လိုက်တွေက အထိန်းသိမ်းခံရမှာကို ငြင်းဆိုလိုက်တဲ့ အတွက်ကြောင့် အဖြေရှာဖို့ ထွက်ပေါက်မရှိတော့တာ သေချာသွားတယ်။ ပြင်သစ်ဘက်ကလည်း တရုတ်တွေကို ထပ်မံ လက်ခံထိန်းသိမ်းထားလိုစိတ် မရှိတာနဲ့ အံကိုက် ဖြစ်သွားတယ်။
နောက်တပတ်အကြာမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချို က ကီးကို သတိပေးပါတယ်။ ဇူလိုင် ၂၉ ရက်နေ့အထိ ပြဿနာကို ဖြေရှင်းနိုင်မယ့် လမ်းစကို မမြင်ဘူးဆိုရင်တော့ သူ့အစိုးရအနေနဲ့ တရုတ်ဖြူ ကျူးကျော်မှုကို ကုလသမဂ္ဂကို တင်သွင်းတော့မယ်လို့ ဆိုပါတယ်။ ရက်စ် ကလည်း ဝယ်လင်တန် ကု ကို ဟိုတနေ့က ဆွေးနွေးခဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ထပ်မံသတိပေးပါတယ်။ ပြီးတော့ သူတို့တပ်တွေကို မြန်မာနိုင်ငံမှာ လက်နက်ဖြုတ်သိမ်းခံ၊ အထိန်းအသိမ်းခံဖို့ တရုတ်သမ္မတနိုင်ငံက အမိန့်ပေးရန် ဖိအားပေးဖို့ ထိုင်ပေမှာ ရှိတဲ့ အမေရိကန် ကိုယ်စားလှယ်ကိုလည်း ညွှန်ကြားလိုက်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဘက်ကလည်း ကုလသမဂ္ဂကို တင်သွင်းတိုင်ကြားဖို့ အချိန်ရွှေ့ဆိုင်းလိုက်ပြီး အမေရိကန်ကို ကြိုးစားခွင့် ပေးလိုက်ပါတယ်။ ထိုင်ပေမှာရှိတဲ့ တရုတ်သမ္မတနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကျိုးကျိကျို က သူတို့တပ်တွေ ယူနန်ထဲ ဝင်ရွှေ့ဖို့ကို ထပ်မံ အမိန့်ပေးထားတဲ့ အတွက် အချိန်ထပ်ပေးဖို့ ပြန်ကြားပါတယ်။ မြန်မာအစိုးရကလည်း တရုတ်ဖြူတပ်တွေ ဩဂုတ်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဖို့ ပြောတယ်။ ရက်စ် ကလည်း ဝါရှင်တန်အနေနဲ့ နောက်ထပ် အချိန်ရွှေ့ဆိုင်းပေးဖို့ မြန်မာအစိုးရကို ထပ်မံ တောင်းပန်ပေးမှာ မဟုတ်တော့ကြောင်း၊ ကုလသမဂ္ဂမှာ ကျိုင်းတုံ ပြဿနာ တင်သွင်းဖြေရှင်းကြရင် ကူညီပေးနိုင်မှာ မဟုတ်ကြောင်း တရုတ်သမ္မတနိုင်ငံ သံတမန်တွေကို ပြောပါတယ်။
ဩဂုတ်လ ၁၁ ရက်၊ ထိုင်ပေမှာတော့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ ကေ၊ စီ၊ ယဲ့ (ယဲ့ကုန်းချောင်း) က အသစ်ရောက်လာတဲ့ အမေရိကန် ကိုယ်စားလှယ် ကားလ် အယ်လ်၊ ရန်ကင် နဲ့တွေ့ပြီး မြန်မာနိုင်ငံက သူတို့တပ်တွေကို ဖယ်ရှားဖို့ မျှော်လင့်ချက်ရှိကြောင်း ပြောတယ်။ မြန်မာဘက်က တိုက်ခိုက်တာရယ်၊ ပြင်သစ်ဘက် တရုတ်ဖြူစစ်သားတွေကို အင်ဒိုချိုင်းနားဘက် ဝင်ခွင့်မပေးတာရယ်ကြောင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက် ပျက်စီးခဲ့ရတယ်လို့ ပြောတယ်။ ပြင်သစ်ဘက်က တရုတ်ဖြူတပ်တွေ လက်နက်အသိမ်းခံပြီး အထိန်းသိမ်းခံရင် ဝင်ခွင့်ပေးမယ်လို့ ကမ်းလှမ်းတဲ့အခါ ထိုင်ပေဘက်က ညှိနှိုင်းဆွေးနွေးပွဲ ဖျက်သိမ်းခဲ့တာကိုတော့ သူက ထုတ်မပြောဘူး။ ရန်ကင် က မြန်မာနိုင်ငံက တရုတ်ဖြူတပ်တွေ ကရင်သူပုန်တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ အစီရင်ခံစာတွေ တက်လာကြောင်း ပြောတဲ့အခါ နိုင်ငံခြားရေးဝန်ကြီးက သူ့တိုင်းပြည်က စစ်သားတွေဟာ “ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့” ခဲယမ်းမီးကျောက်တွေ လိုအပ်တဲ့နေရာမှာ ထိုင်းဘက်က ရောင်းမပေးလို့ ကရင်တွေနဲ့ ဆက်သွယ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်တွေဘက်က တရုတ်ဖြူတွေနဲ့ မဟာမိတ်ဖွဲ့ပြီး မော်လမြိုင် ပင်လယ် ဆိပ်ကမ်းကို သိမ်းပိုက်ဖို့ အဆိုပြုလာကြောင်း သူက ပြောပြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံက သူတို့တပ်တွေနဲ့ ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ရှိတဲ့ လျှို့ဝက် ရေဒီယို ဆက်သွယ်ရေး စက်သစ်ကြီးကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ အဲဒီလို ဆွေးနွေးကြရာမှာ ထိုင်ပေဘက်က လူသိများတဲ့ ဒုတိယဗိုလ်ချုပ်ကြီး လီမီ က မြန်မာနိုင်ငံမှာ ရောက်နေတဲ့ သူတို့တပ်တွေကို ကွပ်ကဲမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဗိုလ်ချုပ်ကြီးက သူ့တပ်တွေ လက်နက်ချရမယ့် အစား သူကပဲ ရာထူးက နုတ်ထွက်သွားဖို့ပဲ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယဲ့ က ရန်ကင်ကို ထပ်လောင်း ပြောလိုက်ပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ ရန်ကုန်မှာတော့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျီ၊ အက်စ်၊ ဘတ်ဂျ်ပါယီ က တရုတ်ဖြူတပ် ပြဿနာကို ကုလသမဂ္ဂလက် မအပ်ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကိုတိုက်တွန်းပါတယ်။ တကယ်လို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ထိုင်ပေဘက်က ဆန့်ကျင်ပြီး အဲဒီတပ်တွေကို ဖယ်ရှား မပေးဘူးဆိုရင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို “ထောက်ခံတယ်” ဆိုပြီး ပေကျင်းက သေချာပေါက် ဝင်ရောက်စွက်ဖက်တော့မှာ ဖြစ်တယ်။ အဲဒီလိုဆိုရင် စစ်အေးတိုက်ပွဲဟာ အိန္ဒိယရဲ့ တံခါးပေါက်ကို ရောက်လာတော့မှာဖြစ်တယ်။ ဒါကြောင့် ဘတ်ဂျ်ပါယီ က မြန်မာတွေကို အချိန်ယူပြီး ကုလသမဂ္ဂ အပြင်ဘက်က ဖြေရှင်းဖို့ အကြံပေးတယ်။ ဦးနုကလည်း အိန္ဒိယရဲ့ အကြံကို လက်ခံလိုက်တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar