Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၃၁၊ ၂၀၂၁

စစ်အာဏာသိမ်းပြီး ၇ လတာ
စစ်အာဏာသိမ်းပြီး ၇ လတာကို ပြန်မငဲ့ကြည့်ပဲ မနေနိုင်လောက်အောင် ပြီးခဲ့တဲ့ ၇ လအတွင်း အဖြစ်အပျက်တွေက များပြားလွန်းလှပါတယ်။ ဆန္ဒပြမှုတွေ၊ ကြွေးကြော် ချီတက်သံတွေ၊ နိုင်ငံတကာသံရုံးတွေရှိတဲ့ လမ်းတွေမှာ မနက်မိုးလင်းကနေ ညနေနေဝင်တဲ့အထိ ဆန္ဒထုတ်ဖေါပြီး နိုင်ငံတကာကိုသိစေတဲ့ လှုပ်ရှားမှုတွေ၊ ဝန်ထမ်းတွေက CDM လှုပ်ရှားမှုလုပ်ပြီး အစိုးရယန္တရား မလည်ပတ်နိုင်အောင်လုပ်ဆောင်တာတွေ၊ လမ်းဆုံတွေမှာ လူတွေရာနဲ့ ထောင်နဲ့ချီစုဝေးမှုတွေ၊ အဲဒီနောက် ပစ်ခတ်ဖြိုခွဲမှုတွေ၊ ရိုက်နှက်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ ၂၀၀၆ ခုနှစ် နေပြည်တော်ကို မြို့တော်အဖြစ်ရွှေ့ပြောင်းချိန်ကစလို့ နေပြည်တော်မှာ ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် သပြေကုန်းအဝိုင်းတဝိုက် ကြီးမားတဲ့ လူစုလူဝေးနဲ့ ဆန္ဒပြမှုတွေကို မြင်တွေ့ခဲ့ကြရပြီး ပထမဆုံး ဆန္ဒပြသူတွေထဲက အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်ကလည်း နေပြည်တော်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ရန်ကုန်၊ မန္တလေးမြို့တွေမှာ ပစ်ခတ်ဖြိုခွဲလို့ သေဆုံးရတာတွေ၊ ကလေးမြို့၊ မော်လမြိုင်၊ တောင်ကြီး၊ ပြည်၊ ပုသိမ်၊ မုံရွာ၊ ပဲခူး စတဲ့ မြို့တွေမှာ ဆန္ဒပြသူတွေ၊ လမ်းပိတ်ဆို့ပြီး စစ်သားတွေ လုံထိန်းတွေ မဝင်နိုင်အောင် တားဆီးမှုတွေကို အင်အားအများအပြားသုံး ဖြိုခွဲမှုတွေက မတ်လနဲ့ ဧပြီလတွေမှာ အများဆုံးဖြစ်ပျက်ခဲ့တာပါ။ နေ့စဥ်လိုလို သေဆုံးသွားကြရတဲ့ ဆန္ဒပြသူတွေရဲ့ နာမည်၊ အရေအတွက်တွေလည်း ရာဂဏန်းအနည်းငယ်ကနေ ရာဂဏန်းကြီးထိ တဖြည်းဖြည်း မြင့်တက်လာနေပြီး တချို့သောနေ့ရက်တွေမှာ တရက်ထဲ တနိုင်ငံလုံးအနေနဲ့ ရာဂဏန်းအထိ မြင့်တက်ခဲ့တာမျိုးလည်း ရှိပါတယ်။ မတ်လ ၁၄၊ ၁၅၊ ၂၇ ရက်၊ ဧပြီ ၉ ရက်စတဲ့ရက်တွေမှာ အသေအပျောက် အများဆုံးရက်တွေ ဖြစ်ခဲ့ပါတယ်။

အဲဒီလို ဆန္ဒပြမှုတွေကို တကယ့်ကျည်အစစ်တွေ သုံးပြီးပစ်ခတ်၊ ဖမ်းဆီး ရိုက်နှက် ညှင်းဆဲ၊ ဖမ်းဆီးခံရစဥ် သေဆုံးမှုတွေ ၊ နေအိမ်ထဲဝင်ရှာပြီး ပစ်ခတ်လို့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေပါ သေဆုံးမှုတွေဖြစ်ပျက်လာခဲ့ပြီးနောက် မြို့ပေါ်က ဆန္ဒပြသူတွေရဲ့ အစိတ်အပိုင်းတချို့က တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေဆီ သွားရောက်ပြီး စစ်သင်တန်း၊ ဖောက်ခွဲရေးသင်တန်း တက်သူတွေ၊ လက်နက်ကိုင် တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ အပြီးထွက်ခွာသွားကြသူတွေ ရှိလာခဲ့တာ တွေ့ရပါတယ်။

ဆန္ဒပြလှိုင်းကနေ လက်နက်ကိုင် တိုက်ခိုက်မယ့် လမ်းကြောင်းကို အစိတ်အပိုင်းတချို့က ပြောင်းလဲရွေးချယ် ခဲ့ကြတဲ့ သဘောဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေကို လက်နက်ကိုင်ဖို့ သွားရောက်သူတွေရှိသလို စစ်ကောင်စီ သတင်းစာ၊ ရုပ်သံတွေက နေ့စဥ်လိုလိုကြေညာထုတ်နေတဲ့ ၅၀၅- က ပုဒ်မ ဖမ်းဝရန်းတွေကြောင့် တိုင်းရင်းသားနယ်မြေတွေကို တိမ်းရှောင်တဲ့ CDM တွေလည်း ရာနဲ့ချီရှိတာဖြစ်ပါတယ်။

အဲဒီနောက် မေလ၊ ဇွန်လနောက်ပိုင်းမှာတော့ ဆန္ဒပြမှုတွေက လျှပ်တပြက် အသွင်သာဖြစ်ကုန်ပြီး လူအင်အားလည်း များများစားစား မပါတော့ပဲ မြန်မြန်ပြပြီး မြန်မြန် လူစုခွဲတာတွေအဖြစ် အသွင်ပြောင်းလဲလာပြီး ဗုံးကွဲမှုတွေ၊ အလစ်အငိုက် ဗုံးနဲ့ပစ်တာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်တာတွေအဖြစ် အသွင်ပြောင်းလာခဲ့ပါတယ်။

မန္တလေး ပီဒီအက်ဖ်တွေနေတဲ့ အိမ်ကိုဝင်စီးတဲ့အဖြစ်အပျက်၊ ရန်ကုန်မှာ စစ်ကားကို မီးလောင် ပေါက်ကွဲအောင် ဗုံးနဲ့ပစ်တာတွေ၊ ရဲတွေ၊ စစ်သားတွေကို ပစ်ခတ်ပြီး ထွက်ပြေးတာတွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းက မြို့တွေ၊ ကျေးလက်ရွာတွေမှာလည်း ရွာတွေအလိုက် စစ်ကားကို မိုင်းခွဲတာတွေ စစ်သားတွေ စခန်းချထားတဲ့နေရာတွေကို တူးမီးလို လက်လုပ်သေနတ်တွေနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တာ ခုချိန်တိုင်ပဲ ဖြစ်ပါတယ်။

အဲဒီလို မငြိမ်မသက်မှုတွေ၊ ပေါက်ကွဲမှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ ညှင်းဆဲသတ်ဖြတ်မှု၊ ရွာလုံးကျွတ်မီးရှို့မှုလိုတွေဖြစ်ပျက်နေတဲ့ အချိန်အခါ အခိုက်အတန့်မှာ အလစ်အငိုက်နဲ့ ဝင်လာတာက ကိုဗစ် တတိယလှိုင်း ဒဲလ်တာဗိုင်းရပ်စ်မျိုးကွဲက ဇွန်လကုန်မှာ ရန်ကုန်နဲ့ အခြားမြို့တွေကို ဝင်ရောက်လာတဲ့အခါ နေ့စဥ် လူတွေရာထောင်ချီပြီးသေတဲ့ ရက်တွေ ဇူလိုင်လထဲမှာ သီတင်းပတ်နဲ့ချီကြာမြင့်ခဲ့ပါတယ်။




ဆေးရုံတွေက ကိုဗစ်လူနာကို လက်မခံနိုင်တဲ့အခြေအနေ၊ အောက်စီဂျင်မလုံလောက်တာ၊ ဆေးဝါးတွေ စုပြုံလိုအပ်လို့ ဝယ်ကြရာမှာ စျေးမတန်တဆတက်၊ တန်းစီပြီး ၊ မြို့ပတ်ပြီးရှာဝယ်ကြရတာ၊ ပုံမှန်စျေးထက် ဆယ်ဆ၊ အဆတရာထိပေးဝယ်နိုင်သူက ပေးဝယ်ကြလို့ ကိုဗစ်လူနာတယောက်အတွက် ငွေသိန်းရာချီ အကုန်အကျ ခံနိုင်တဲ့ သူတွေရှိသလို နကိုက ကျပ် ၂၀၀၊ ၃၀၀ လောက်တန်ဖိုးရှိတဲ့ ပါရာစီတမောလ် ဆေးတကပ်က ထောင်ဂဏန်းရောက်ပြီး အဲလိုဆေးကပ်မျိုးတောင် မဝယ်နိုင်တဲ့ ကိုဗစ်လူနာတွေလည်း ကျနော်တို့ ပတ်ဝန်းကျင်မှာ ရှိခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုကပ်ဘေးကို စစ်ကောင်စီက စီမံကိုင်တွယ်ရာမှာ အာဏာသုံးပြီး အောက်စီဂျင်စက်ရုံတွေကို ထိန်းချုပ်တာ၊ နယ်စပ်ကတင်သွင်းလာတဲ့ အောက်စီဂျင်ကို အရေးပေါ်လိုလို့ဆိုပြီး ကြားဖြတ်ယူဆောင်တာ၊ ပုဂ္ဂလိကဆေးဝါးကုန်သွယ် သိုလောင်မှုတွေကို ဖြတ်တောက် ကန့်သတ်တာတွေအပြင် စီဒီအမ်ဝင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဝရန်းထုတ်ထားတာ၊ ဖမ်းဆီးထားတာတွေ ကျူးလွန်ခဲ့ပါတယ်။ ခုလို ကိုဗစ်ကူးစက်မှုကာလမှာ ဖမ်းဆီးမှု၊ ဝရန်းထုတ်ထားတာတွေကို ရပ်တန့်ခြင်းမရှိတာတွေက ကိုဗစ်ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကို ပိုပြီးဆိုးရွားစေခဲ့တာဖြစ်ပါတယ်။ တလကျော် ၂ လခန့်အတွင်း လူပေါင်း သောင်းနဲ့ချီသေဆုံးခဲ့ရတဲ့ ကိုဗစ်တတိယလှိုင်းက နကိုက စစ်အာဏာသိမ်းမှုကြောင့် ထိခိုက်ထားတဲ့ လူတွေရဲ့ စိတ်ဒဏ်ရာကို ပိုပြီးနက်ရှိုင်းစွာ ထိပါးစေပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုက လူပေါင်း တထောင်ကျော်ရဲ့ အသက်တွေကို ဆုံးရှုံးစေခဲ့ပြီး ၆၊ ထောင် ၇ ထောင်မျှသောသူတွေကို အကျဥ်းထောင်ထဲထည့်သွင်းထားချိန်မှာ ကိုဗစ်တတိယလှိုင်းတခုထဲကြောင့် ကူးစက်မှုနဲ့ သေဆုံးရသူပေါင်းဟာ သုဿန်တွေက စာရင်းတွေအရ ခန့်မှန်းခြေ လူ့အသက် ၂ သောင်းကျော်ကို ဆုံးရှုံးစေခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၇ လတာမှာ ဆုံးရှုံးမှုတွေနဲ့ အောင်မြင်မှုတွေကို ချိန်ခွင်ထဲထည့်ယှဥ်ကြည့်မယ်ဆိုရင် ဆုံးရှုံးမှုတွေက ချိန်ခွင်တဖက်မှာ အလေးအများကြီးသာနေမှာ ဖြစ်ပြီး အဆိုပါဆုံးရှုံးမှုတွေက ဘယ်တော့မှ ပြန်အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတွေလည်း ဖြစ်နေတယ်လို့ပဲ စိတ်မကောင်းစွာနဲ့ ဆိုရပါတော့မယ်။

ကျနော်တို့ တန်ဖိုးထားတဲ့ စာပေပညာရှင်တွေ၊ အနုပညာရှင်တွေ၊ သတင်းစာဆရာတွေ၊ နိုင်ငံရေးသမားတွေ၊ အတတ်ပညာရှင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ အများကြီးကို အချိန် ၂ လခန့်အတွင်း ကျနော်တို့ လူမှုအသိုင်းအဝိုင်းထဲက အပြီးတိုင် ခေါ်ထုတ်သွားခဲ့လို့ ကျနော်တို့အဖို့ မေးမြန်းစရာ ဗဟုသုတ၊ နာယူစရာ ဆုံးမမှု ၊ ခံစားစရာ အနုပညာတွေ ပေးနိုင်မယ့် သက်ရှိအရင်းအမြစ်တွေ ဆုံးရှုံးလိုက်ရတာက ၇ လတာအတွင်း ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေလို့ ဆိုချင်ပါတော့တယ်။

နွေဦးတော်လှန်ရေးရဲ့ တပ်ဦးအဖြစ် ချီတက်နေတဲ့၊ ပြည်သူလူထုကလည်း တခဲနက်ထောက်ခံ အားကိုးမျှော်လင့်တဲ့ - CRPH NUG ခေါင်းဆောင်တွေ အင်အားစုတွေအနေနဲ့ကလည်း ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ထူထောင်ရေး၊ ငြိမ်းချမ်းသာယာ၀ပြောသော အနာဂတ်လူ့ဘောင်သစ်တည်ဆောက်နိုင်ရေးအတွက် ၎င်းတို့၏ ကြိုးပမ်းအားထုတ် တိုက်ပွဲဝင်နေတဲ့ ၇ လတာကာလနဲ့ပတ်သက်ပြီး ပြည်သူလူထုကို သုံးသပ်မှုတွေ သဘောထားတွေ အားသစ်လောင်းစကားတွေ ဘယ်လိုများထုတ်ဖော်ပြောဆိုမလဲဆိုတာကို နားစွင့်နေမိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar