Breaking News

မိုးမခကဗျာ - စေတ '' တစ္ဆေဖြူ ''

KT#
မိုးမခကဗျာ
စက်တင်ဘာ ၁၊ ၂၀၂၁

'' တစ္ဆေဖြူ ''
စေတ

လူဆိုတာဘယ်နေ့သေမယ်လို့
တပ်အပ်မပြောနိုင်တာဆိုးတယ်
သေစေချင်တဲ့သူတွေကမသေဘဲ
မသေစေချင်သူတွေက သေနေတာလည်း
စိတ်ဒဏ်ရာတွေ ထင်ကျန်နေစေနိုင်တယ်
သေခြင်းနဲ့ရှင်ခြင်းဟာ
စိမ်ပြေးတမ်းကစားနေကြသလိုမျိုး
'ပြေး' လိုက် 'လိုက်' လိုက်နဲ့ပဲ တသံသရာကုန်သွား
ရောဂါဟာ လှည့်စားတတ်တဲ့ မျက်လှည့်ဆရာတမျိုးမဟုတ်လား
သေမယ်ထင်ပြီးမှ ပြန်ရှင်လာရတဲ့တန်ဖိုး
ဘာနဲ့မှမလဲနိုင်ဘူးတဲ့
ရှင်သန်လာသူတွေသိရဲ့
လောကကြီးဟာ 
လူပြောသူပြော ငွေဖောင်းပွမှုတခုနဲ့
အဆမတန်မြင့်မားတဲ့ကုန်ဈေးနှုန်းတခုနဲ့
ခြယ်လှယ်သူဥပဓိရုပ်ဟာ သတင်းစာခေါင်စီးတွေမှာနေရာယူဆဲမဟုတ်လား
ငရဲခန်းတွေဟာ ဇာတ်လမ်းဇာတ်ကွက်တနေ့တမျိုးနဲ့
လူသားရဲပြဇာတ်တွေထဲ ခုန်ဝင်လာဆဲမဟုတ်လား
လောကကြီးဆိုတဲ့ ငနဲရေ
ခင်ဗျားကြီး ပြန်ပေးဆွဲထားတဲ့
လူတိုင်းလူတိုင်းရဲ့ သူတို့လိုအပ်ချက်အရ
သူတို့ရဲ့အနာဂတ် သူတို့ကိုယ်တိုင်
ပုံဖော်ဆေးခြယ်ခွင့် အပြည့်အဝပေးပါ
အမြဲတန်းဆင်းရဲနေကျနိုင်ငံမှာ 
အသက်ရှင်နေတဲ့ ဆင်းရဲသားလူအများစုကြီးဟာ
အန္တရာယ်အသွယ်သွယ်က လွတ်မြောက်အသက်ရှင်ကျန်လည်း
ကံကောင်းလှပြီလို့ဆိုနိုင်ပါ့မလား
လူအများစုရဲ့ ဂုပ် (ကုပ်) သွေးကိုအမိအရစုပ်ပြီး
တနေ့ထက်တနေ့
ရှင်သန်ကြီးထွားနေတဲ့ မိစ္ဆာကောင်တွေလည်း
အမြဲတန်းတည်တန့်နေတဲ့ အချိန်ယန္တရားတခုအပေါ် အမြဲတန်းတွယ်ဖက်ထားနိုင်ပါ့မလား
ဘယ်သူမဆို အိပ်ရာထပြီး 
အိမ်တံခါးဖွင့်တိုင်း နံနက်ခင်းနေရောင်ကို 
မြင်ချင်တာပဲမဟုတ်လား
နေရောင်ကို လုယူထားတဲ့ ရာဇဝတ်မှုပေါင်းများစွာ ဝတ်ဆင်ထားတဲ့ တစ္ဆေ‌ကောင်တွေ
စကြဝဠာအပြင်ဘက်ကို လွင့်စင်ပါစေသား
လူသားဟာ
နှောင်ကြိုးမဲ့ကမ္ဘာကိုတည်ဆောက်နိုင်စေသား။    ။

စေတ
၃၁ - ၈ - ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar